မန္တလေးမြို့နေ အသက်(၂၀)ကျော် အမျိုးသမီးသုံးဦးက စားဝတ်နေရေးအရ လိုက်ပါရန် ဆုံးဖြတ်ခဲ့ဟုဆို
Mandalay In-depth News၊ စက်တင်ဘာ-၃
တရုတ်ဇနီးမယားအဖြစ် တစ်နှစ်နေထိုင်ကာ သား၊သမီးတစ်ဦး မွေးဖွားပေးပါက ကျပ်သိန်း(၆၀) ရရှိမည်ဖြစ်ကြောင်း စည်းရုံးသိမ်းသွင်းကာ လူကုန်ကူးရန် ကြိုးစားသူများကို ဖမ်းဆီးနိုင်ခဲ့ကြောင်း လူကုန်ကူးမူ တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့(မန္တလေး)မှ သတင်းရရှိသည်။
မန္တလေးမြို့နေ အသက်(၂၀)ကျော်အရွယ် အမျိုးသမီးသုံးဦးကို တရုတ်ဇနီးမယားအဖြစ် နေထိုင်လုပ်ကိုင်ရန် စည်းရုံးသိမ်းသွင်းပြီး သြဂုတ်(၃၀)ရက်က မန္တလေးမြို့မှ မြစ်ကြီးနားမြို့သို့ ခရီးသည်တင်လိုင်းကားဖြင့် ပို့ဆောင်ချိန် ရှမ်းကလေးကျွန်းအနီးတွင် တားဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ တရုတ်နိုင်ငံတွင် တရုတ်အမျိုးသားနှင့် အိမ်ထောင်ကျပြီး မန္တလေးမြို့သို့ ပြန်လည်ရောက်ရှိလာသည့် အသက်(၂၅)နှစ်အရွယ် မခင်သက်နွယ်(ခ)မိနက်နှင့် ၎င်း၏ အဒေါ်ဖြစ်သူ မန္တလေးမြို့ မဟာအောင်မြေမြို့နယ် မဟာမြိုင်(၂)ရပ်ကွက်နေ အသက်(၄၆)နှစ်အရွယ် ဒေါ်တော(ခ)ဌေးဌေးဦးတို့ကို ဖမ်းဆီးကာ လူကုန်ကူးမူဖြင့် အဖွင့်ထားကြောင်း သတင်းရရှိသည်။
သြဂုတ်(၃၀)ရက်က မန္တလေးမြို့နေ အမျိုးသမီးသုံးဦးကို တရုတ်နိုင်ငံသို့ တရုတ်ဇနီးမယားအဖြစ် ရောင်းစားရန် ခရီးသည်တင်ဘတ်စ်ကားဖြင့် မြစ်ကြီးနားမြို့သို့ ခေါ်ဆောင်သွားကြောင်း သတင်းအရ အမှတ်(၁၈) လူကုန်ကူးမူ တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့စု (မန္တလေး)မှ တာဝန်ရှိသူများ စစ်ဆေးရာ ရှမ်းကလေးကျွန်းအနီးတွင် တားဆီးနိုင်ခဲ့သည်။
အဆိုပါ ယာဉ်ပေါ်တွင် လိုက်ပါလာသည့် မန္တလေးမြို့နေ အသက်(၂၆)၊(၂၅)နှင့်(၂၃)နှစ်အရွယ် အမျိုးသမီးသုံးဦးအား မေးမြန်းရာ ၎င်းတို့သည် ဒေါ်တော နှင့် ခင်မင်ရင်းနှီးရာမှတဆင့် ၎င်း၏တူမဖြစ်သူ မခင်သက်နွယ်(ခ)မိနက် နှင့်ပါ ခင်မင်ခဲ့ကြောင်း၊ အဆိုပါ အမျိုးသမီးနှစ်ဦးက တရုတ်နိုင်ငံတွင် တရုတ်ဇနီးမယားအဖြစ် တစ်နှစ်နေထိုင်ပြီး ကလေးတစ်ယောက် မွေးဖွားပေးပါက ကျပ်သိန်း(၆၀) ရရှိမည်ဖြစ်ကြောင်း အကြိမ်ကြိမ် စည်းရုံးပြောကြားခဲ့သဖြင့် မိသားစု စီးပွားရေး အဆင်မပြေသောကြောင့် တရုတ်ဇနီးမယားအဖြစ် လုပ်ကိုင်ရန် ဘဘောတူလိုက်ပါခဲ့ခြင်း ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်ဟု ဆိုသည်။
တရုတ်ဇနီးမယားအဖြစ် လိုက်ပါလုပ်ကိုင်ရန် ဆုံးဖြတ်ခဲ့သည့် အမျိုးသမီး သုံးဦးမှာ မန္တလေးမြို့ အောင်မြေသာစံနှင့် ချမ်းအေးသာစံမြို့နယ်တွင် နေထိုင်သူများဖြစ်ကာ ဈေးရောင်းဈေးဝယ်လုပ်ကိုင်သူများ ဖြစ်သည်။
၎င်းတို့သုံးဦးကို ခရီးသည်တင်ကားဖြင့် မြစ်ကြီးနားမြို့အထိ လိုက်ပါနိုင်ရန် ဒေါ်တောတို့က စီစဉ်ပေးခဲ့ပြီး မြစ်ကြီးနားမြို့ရောက်ရှိချိန်တွင် မအားပန်ဆိုသူ အမျိုးသမီးမှ တရုတ်နိုင်ငံသို့ ဆက်လက် ပို့ဆောင်ပေးမည်ဖြစ်ကြောင်း ဖြေကြားခဲ့သည်။

ထို့အတွက် စည်းရုံးသိမ်းသွင်းပြီး လူကုန်ကူးရန် ကြိုးစားသည့် ဒေါ်တောနှင့် မခင်သက်နွယ်(ခ)မိနက်တို့ကို ဖမ်းဆီးကာ မအားပန်အပါအဝင် ၎င်းတို့သုံးဦးကို မဟာအောင်မြေမြို့မရဲစခန်းတွင် လူကုန်ကူးမူ တားဆီးကာကွယ်ရေးဥပဒေ ပုဒ်မ ၂၄/၃၂ဖြင့် ဖမ်းဆီးထားကြောင်း လူကုန်တားရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
မြန်မာနိုင်ငံတွင် ၂၀၁၉ ဇူလိုင်လအတွင်း ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည့် လူကုန်ကူးမူ (၂၃)မူရှိခဲ့ပြီး ကလေးငယ်(၅)ဦးအပါအဝင် လူကုန်ကူးခံရသူ (၃၇)ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း လူကုန်ကူးမူ တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။ အဆိုပါ လူကုန်ကူးမူများနှင့်ဆက်စပ်၍ (၅၈)ဦးကို ဖမ်းဆီးအရေးယူနိုင်ခဲ့သည်ဟု ဆိုသည်။