မောင်မင်းမော်၊ စက်တင်ဘာ-၂၃
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဗဟိုအလုပ်အမူဆောင်အဖွဲ့ ဒုတိယဥက္ကဌ ဒေါက်တာဇော်မြင့်မောင် ကိုယ်စား ပါတီဝင်တစ်ဦးမှ We Love Dauk Zaw ဖေ့စ်ဘွတ်ခ်ဂရုမှ အက်ဒမင် (Admin)များကို အမူဖွင့်ထားမူနှင့်ပတ်သက်၍ ဂရုအက်ဒမင်ဟု ယူဆရသူတစ်ဦးကို မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် အမှတ်(၁၁)ရဲစခန်းတွင် ခေါ်ယူစစ်ဆေးခဲ့ကြောင်း အမည်မဖော်လိုသူ ရဲအရာရှိတစ်ဦးက ပြောသည်။
“ကျွန်တော်တို့ ခေါ်ယူစစ်ဆေးနေတုန်းပဲ ရှိပါသေးတယ်။ အတည်မပြုနိုင်သေးပါဘူး။ ဘာဖြစ်လို့လဲဆိုရင် ကျန်တဲ့တစ်ယောက် ရှိနေသေးလို့ပါ။ သူ့ကိုလည်း လိုက်ပြီး အတည်ပြုနေလို့ပါ။ ဒီအမှုက အာမခံပေးလို့ရတဲ့ အမှုပါ”ဟု အထက်ပါ ရဲအရာရှိက ပြောသည်။
မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် အမှတ်(၁၁)ရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာတွင် အတိအကျ ပြန်လည်ဖြေကြားခြင်း မရှိပေ။
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်လည်းဖြစ်သည့် ဒေါက်တာဇော်မြင့်မောင်၏ ဓါတ်ပုံများကို အသုံးပြုကာ လူမှုကွန်ယက်တွင် အုပ်စုဖွဲ့၍ အပျော်အပျက် ရေးသားဖေါ်ပြနေသည့် We Love Dauk Zaw ဖေ့စ်ဘွတ်ခ်ဂရုမှ အက်ဒမင် (Admin) နှစ်ဦးကို ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ)ဖြင့် အရေးယူပေးရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် တစ်ဦးက စက်တင်ဘာ(၁၆)ရက်တွင် ရဲစခန်းသို့ အမူဖွင့်တိုင်တန်းခဲ့ခြင်းဖြစ်သည်။

“ပါတီရဲ့တာဝန်ပေးချက်အရ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၏ ကိုယ်စား တရားလိုအဖြစ် ဂုဏ်သိက္ခာညှိုးနွမ်းစေရန်၊ ပြည်သူလူထု အထင်အမြင်လွှဲမှားစေရန် လွန်လွန်ကျူးကျူး ရေးသားသူအချို့ကို တရားစွဲခြင်းဖြစ်သည်”ဟု အမူဖွင့်ထားသူ ဒီချုပ်ပါတီ၏ မန္တလေးတိုင်းဒေသကြီး ပြန်ကြားရေးကော်မတီ အဖွဲ့ဝင်က Mandalay In-depth News သို့ ပြောကြားထားသည်။
We Love Dauk Zaw ဖေ့စ်ဘွတ်ခ်ဂရုသည် စက်တင်ဘာ(၁၂)ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး အဖွဲ့ဝင်တစ်ထောင်ကျော် ရှိခဲ့ကာ ဂရုဖွင့်ပြီး ငါးရက်အကြာတွင် အမူဖွင့်ခံရခြင်းဖြစ်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ မန္တလေးတိုင်းဒေသကြီးမှ ပါတီဝင်တစ်ဦးသည် ပြီးခဲ့သည့် မတ်လအတွင်းကလည်း ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်တွင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၏ ဓါတ်ပုံပေါ်တွင် ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်းများ ပြုလုပ်ခဲ့သည့် Thit Nil အမည်ဖြင့် ဖေ့စ်ဘွတ်ခ်အကောင့် အသုံးပြုသူကို ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ)ဖြင့် အရေးယူပေးရန် မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် အမှတ်(၃)ရဲစခန်းတွင် အမူဖွင့်တိုင်တန်းခဲ့သေးသည်။ ပါတီ၏ တာဝန်ပေးချက်အရ အမူဖွင့်တိုင်တန်းခဲ့ခြင်း ဖြစ်ကြောင်း တိုင်းတန်းခဲ့သူ ဒီချုပ်ပါတီဝင်က ပြောကြားခဲ့သည်။