close

ကလေးမြို့နယ်တွင် စာသင်ကျောင်း တိုက်ခိုက်ခံရပြီး ၄ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်းအနောက်ပိုင်း လက်ပံချောင်း-ရာဇဂြိုဟ်ကားလမ်းမကြီးဘေးရှိ ရွာစာသင်ကျောင်းကို စစ်ကောင်စီက တိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြင့် လာရောက် ပစ်ခတ်ခြင်းဖြစ်သည်။

ဇွန် ၅ ရက်တွင် စစ်ကောင်စီက လေကြောင်းမှ ပစ်ခတ်ခဲ့သည့် စစ်ကိုင်းတိုင်း၊ ကလေးမြို့မြောက်ပိုင်း၊ ရှုခင်းသာကျေးရွာ စာသင်ကျောင်းအပျက်အစီးမြင်ကွင်း။ ဓာတ်ပုံ - ပေးပို့

ခုခံတော်လှန်မှုအားကောင်းသည့် စစ်ကိုင်းတိုင်းအနောက်ခြမ်း ကလေးမြို့နယ်တွင် ယနေ့ (ဇွန် ၅) နံနက်ပိုင်းက ရွာစာသင်ကျောင်းကို စစ်ကောင်စီက လေကြောင်းဖြင့် ပစ်ခတ်ခဲ့ရာ လူ ၄ ဦး ဒဏ်ရာရသွားသည်။

ကလေးမြို့နယ်မြောက်ဘက် မိုင် ၂၀ ခန့်အကွာ လက်ပံချောင်း-ရာဇဂြိုဟ်လမ်းမကြီးဘေးရှိ ရှုခင်းသာကျေးရွာရှိ စာသင်ကျောင်းကို စစ်တပ်က နံနက် ၁၀ နာရီကျော် အချိန်တွင် MI 35 အမျိုးအစား တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။​

ထိုသို့ပစ်ခတ်ချိန်တွင် ထိုကျောင်း၌ အစည်းအဝေးတစ်ခုရှိနေသည်ဟု စစ်ကောင်စီကို တော်လှန်နေသည့် ချင်းအမျိုးသားအဖွဲ့ချုပ်၊ အထက်ချင်းတွင်းဒေသ (CNO-UCR) အဖွဲ့မှ တာဝန်ရှိသူ အမျိုးသားက ပြောသည်။ အသေးစိတ်ကိုမူ မသိရပေ။

“သတင်းရလို့ ပစ်သွားတာ။ ရဟတ်ယာဉ်ကတော့ တစ်စီးပဲ” ဟု ၎င်းက ပြောသည်။

ကျောင်းဝင်းကို သုံးပတ်ဝဲ၍ ငါးမိနစ်ခန့် လေကြောင်းမှ ပစ်ခတ်ခံရ၍ အသက် ၃၀ နှင့် ၄၀ ကြား အမျိုးသား ၃ ဦး၊ အမျိုးသမီး ၁ ဦးတို့ ဝမ်းဗိုက်၊ လက်မောင်းနှင့် ရင်ဘတ်တွင် ထိခိုက်ဒဏ်ရာရခဲ့သည်ဟု သိရသည်။ ဒဏ်ရာရသူများမှာ တော်လှန်ရေးအင်အားစုများ ဟုတ်မဟုတ်ကိုမူ ရှင်းလင်းစွာမသိရပါ။

“သတင်းပေးကြောင့်လို့ပဲ ထင်တယ်။ ချက်ချင်း ရောက်လာပြီး ပစ်သွားတာ။ ရွာရဲ့ တခြားနေရာတွေတော့ မပစ်ဘူး။ အဲဒီကိုပဲ ဦးတည်ပြီး ပစ်တာ” ဟု အသက် ၃၀ ကျော်အရွယ် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

အိမ်ခြေ ၂၀၀ ခန့်ရှိ ရှုခင်းသာရွာကို လေကြောင်းမှ တိုက်ခိုက်မှုမှာ ပထမဆုံးအကြိမ်ဖြစ်ပြီး စာသင်ကျောင်းဝင်းအတွင်း အဆောင်တစ်ခုနှင့် အနီးရှိ ဘုရားကျောင်း အနည်းငယ် ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသခံက ဆက်ပြောသည်။

လေကြောင်းတိုက်ခိုက်မှုအပြီးတွင်လည်း ကလေးမြို့ရှိ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ပြန်ရာ ရှုခင်းသာရွာအနီးရှိ လက်ပံချောင်းရွာသို့ ကျရောက်ခဲ့ပြီး ခြေထောက်ဖြတ်တောက်ခဲ့ရသည့် အမျိုးသားတစ်ဦးအပါအဝင် ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ရှုခင်းသာ၊ လက်ပံချောင်းနှင့် ရွာနီးချုပ်စပ်မှ ဒေသခံများ ဘေးလွတ်ရာ တိမ်းရှောင်နေရကြောင်း အထက်ပါ သတင်းရင်းမြစ်တို့ထံမှ သိရသည်။

အထက်ပါဖြစ်စဉ်များနှင့် ပတ်သက်၍ အသေးစိတ်ကို သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီကလည်း နှုတ်ဆိတ်နေဆဲဖြစ်သည်။

စစ်ကိုင်းတိုင်းအတွင်း မေလမှစ၍ လေကြောင်းမှ ပစ်ခတ်ခံရသည့် စာသင်ကျောင်းတည်နေရာပြမြေပုံ။

အာဏာသိမ်းစစ်ကောင်စီကို လက်နက်ကိုင်ခုခံမှုအားကောင်းရာ စစ်ကိုင်းတိုင်းတွင် စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ တိုးလာပြီး စာသင်ကျောင်းများပါမကျန် တိုက်ခိုက်ခံနေရသည်။

ပြီးခဲ့သည့် မေလအတွင်း၌ပင် စစ်ကိုင်းတိုင်းအတွင်း လေကြောင်းမှ တိုက်ခိုက်ခံရသည့် စာသင်ကျောင်း ၃ ကျောင်းထက်မနည်း ရှိခဲ့သည်။ မေလ ၉ ရက်တွင် ရေဦးမြို့နယ် ထန်းတောဗောဓိအထက်တန်းကျောင်း၊ မေ ၁၇ ရက်တွင် ကနီမြို့နယ်၊ ချောင်းမရွာ အထက်တန်းကျောင်း၊ မေ ၃၁ ရက်နေ့တွင် ပေါက်အင်းမြိုင် စာသင်ကျောင်းတို့ လေကြောင်းမှ တိုက်ခိုက်ခံခဲ့ရရာ အရပ်သားထိခိုက်မှုများရှိခဲ့သည်။

စစ်ကိုင်းတိုင်းအတွင်းရှိ စာသင်ကျောင်းများ လေကြောင်းဖြင့် တိုက်ခိုက်ခံရမှုများအနက် ၂၀၂၂ စက်တင်ဘာက ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာစာသင်ကျောင်း ပစ်ခတ်ခံရမှုမှာ အဆိုးရွားဆုံးဖြစ်ပြီး ကလေးငယ် ၁၃ ဦး သေဆုံးရခဲ့သည်။

ဧပြီလကလည်း ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ဝေဘူလကျေးရွာ၊ စာသင်ကျောင်းအနီး လေကြောင်းတိုက်ခိုက်မှုကြောင့် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်သည့် ကျောင်းအုပ်ဆရာကြီးနှင့် ဇနီးသည် အပါအဝင် ၉ ဦး သေဆုံးခဲ့သည်။

နိုင်ငံအနှံ့ လက်နက်ကိုင်ခုခံတော်လှန်မှုနှင့် ရင်ဆိုင်နေရသည့် စစ်ကောင်စီတပ်ဖွဲ့သည် လေကြောင်းကို ပိုမိုအားပြုတိုက်ခိုက်လျက်ရှိရာ ၂၀၂၁ မှ ၂၀၂၃ မတ်လအထိ လေကြောင်းတိုက်ခိုက်မှု ၁၄၂၇ ကြိမ် ပြုလုပ်ခဲ့ပြီး ၃ ပုံ ၁ ပုံခန့်မှာ ယခုနှစ်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း အရပ်ဘက်လေ့လာစောင့်ကြည့်ရေးအဖွဲ့တစ်ခုဖြစ်သည့် ဉာဏ်လင်းသစ် သုတေသနအဖွဲ့က မေလအတွင်း ထုတ်ပြန်ထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

အဖမ်းခံထားရသူ ဇာမဏီအဖွဲ့ခေါင်းဆောင်အတွက် မဟာမိတ်များ စိုးရိမ်

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် လူသတ်မှုသံသယနှင့် NUG လက်အောက်ခံအဖွဲ့က ဖမ်းဆီးထားသူ နှိပ်စက်သတ်ဖြတ်ခံရမည်ကို စိုးရိမ်ပူပန်မိသည်ဟု လုပ်ဖော်ကိုင်ဖက်များက ပြောသည်။

စစ်ကောင်စီ ရန်ရှာနေ၍ ဂန့်ဂေါမှ တောင်ခင်ရန်းရွာခံများ ထွက်ပြေးနေရ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ရှိ တောင်ခင်ရန်းရွာတွင် စစ်ဗိုလ်တစ်ဦး အသတ်ခံရ၊ ရဲစခန်း တိုက်ခိုက်ခံရပြီးနောက်တွင် စစ်ကောင်စီတပ်က ထင်တိုင်းကြဲနေသည်။

လားရှိုးမြို့ပေါ် ရဲစခန်းနှင့် စစ်တပ်စခန်းများ တိုက်ခိုက်ခံရ

နယ်စပ်ဆွေးနွေးပွဲပျက်ပြီး ပေါ်ပေါက်လာသော တိုက်ပွဲများအနက် လားရှိုးတိုက်ပွဲတွင် MNDAA မကြာသေးမီက ဖွဲ့လိုက်သော တပ်မဟာအသစ်လည်း ပါဝင်သည်ဟု သိရသည်။

မိုးဗြဲမြို့ကို ရနိုင်ရေး စစ်ကောင်စီက အင်အားထပ်ဖြည့်နေ

နေပြည်တော်နှင့် နီးသည့် ရှမ်း-ကယားနယ်စပ် မိုးဗြဲမြို့ကို ထိန်းချုပ်နိုင်ရန် စစ်တပ်က အပြင်းအထန် ကြိုးစားနေသလို ကာကွယ်ရေးပူးပေါင်းအဖွဲ့များကလည်း ပြင်းပြင်းထန်ထန် ခုခံနေသည်။

အဝေးထိန်းမိုင်း ထိန်းချုပ်စက်များ သုံးရန် စစ်ကောင်စီ လျှို့ဝှက်ညွှန်ကြားထား

တော်လှန်ရေးအဖွဲ့များ အဓိကသုံးစွဲလေ့ရှိသည့် မိုင်းဒဏ် မခံရစေရေး Jammer (ဆက်သွယ်ရေးလှိုင်း ဖြတ်တောက်စက်) ၆ မျိုး သုံးစွဲရန် စစ်ကောင်စီက အောက်ခြေတပ်များကို အမိန့်ပေးထားသည်။