close

မုန်တိုင်းသင့်ဒေသများကို ဝင်ရောက်ခွင့်မရသေးကြောင်း ကုလထုတ်ပြန်

မိုခါမုန်တိုင်းကြောင့် နေအိမ်၊ လယ်ယာနှင့် အိမ်မွေးတိရစ္ဆာန်များ ပျက်စီးဆုံးရှုံးခဲ့ရာ ရခိုင်၊ ချင်း၊ မကွေး၊ စစ်ကိုင်းနှင့် ကချင်ပြည်နယ်တို့ရှိ လူဦးရေ ၁ ဒသမ ၆ သန်းခန့်မှာ သေရေးရှင်ရေးတမျှ အကူအညီလိုအပ်နေသည်ဟု ကုလသမဂ္ဂက သတိပေးသည်။

မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်၊ စစ်တွေ ကမ်းနားလမ်းတွင် တွေ့ရသည့် အပျက်အစီးအချို့ကို ၂၀၂၃ မေ ၂၀ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - EPA

ပြင်းထန်သော ဆိုင်ကလုန်းမုန်တိုင်း မိုခါတိုက်ခတ်ပြီး သီတင်းနှစ်ပတ်ကျော်သည်အထိ ကူညီကယ်ဆယ်ရေးအတွက် မုန်တိုင်းသင့်ဒေသများကို ဝင်ရောက်ခွင့်မရသေးဘဲ နောက်ဆက်တွဲကျန်းမာရေးပြဿနာများနှင့် အငတ်ဘေးမှ ကာကွယ်နိုင်ရေး အချိန်လင့်နေသည်ဟု ကုလသမဂ္ဂက ထုတ်ပြန်သည်။

မေလလယ်ပိုင်း၌ လေတိုက်နှုန်း တစ်နာရီမိုင် ၁၃၀ ကျော်ဖြင့် ဝင်ရောက်တိုက်ခတ်ခဲ့သော မိုခါမုန်တိုင်းကြောင့် နေအိမ်၊ လယ်ယာနှင့် အိမ်မွေးတိရစ္ဆာန်များ ပျက်စီးဆုံးရှုံးခဲ့ရာ ရခိုင်၊ ချင်း၊ မကွေး၊ စစ်ကိုင်းနှင့် ကချင်ပြည်နယ်တို့ရှိ လူဦးရေ ၁ ဒသမ ၆ သန်းခန့်မှာ သေရေးရှင်ရေးတမျှ အကူအညီလိုအပ်နေသည်ဟု လွန်ခဲ့သည့် သောကြာနေ့ (ဇွန် ၂) က ကုလထုတ်ပြန်ချက်တွင် ဖော်ပြသည်။

မုန်တိုင်းကြောင့် ဒေသခံများ စုဆောင်းထားသည့် စားနပ်ရိက္ခာများ တက်တက်စင်ပြောင်သွားသည်အထိ ပျက်စီးဆုံးရှုံးသည့်အခြေအနေတွင် မကြာမီ မိုးရာသီလည်း ဝင်ရောက်လာတော့မည်ဖြစ်သည်ဟု ကုလဖွံ့ဖြိုးမှုအစီအစဉ် (UNDP) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Titon Mitra က ပြောသည်။

“မုန်တိုင်းသင့်ဒေသတွေကို ဝင်ရောက်နိုင်ဖို့အတွက် နိုင်ငံတကာအသိုင်းအဝိုင်းကို ကျယ်ကျယ်ပြန့်ပြန့် ဝင်ရောက်ခွင့်ပြုသင့်ပါတယ်”

ကုလအရာရှိများအနေဖြင့် မုန်တိုင်းသင့်ဒေသများ အကူအညီပေးရေးအစီအစဉ်ကို စစ်ကောင်စီ အာဏာပိုင်များထံ တင်ပြထားပြီး၊ မကြာမီအချိန်အတွင်း ရှင်းရှင်းလင်းလင်းခွင့်ပြုပေးသင့်ကြောင်း၊ သို့မှသာလျှင် နိုင်ငံတကာအဖွဲ့အစည်းများနှင့် အရပ်ဘက်အဖွဲ့များအနေဖြင့် လွတ်လွတ်လပ်လပ် သွားလာနိုင်မည်ဟု ဆိုသည်။

“ဒီအချိန်ဟာ နိုင်ငံရေးနဲ့ မပတ်သက်တဲ့၊ စစ်တပ်နဲ့ မဆိုင်တဲ့ အကူအညီပေးရေးအစီအစဉ် ဆောင်ရွက်ရမယ့် အချိန်ဖြစ်ပါတယ်။ ဘာကြောင့်ဆို လိုအပ်ချက်က အရမ်းကို ကြီးမားနေပါတယ်။ နိုင်ငံတကာအနေနဲ့ အလျင်အမြန် အရေးယူမဆောင်ရွက်နိုင်ဘူးဆိုရင် မုန်တိုင်းကြောင့် ဖြစ်လာတဲ့ အတိဒုက္ခတွေက ပြီးဆုံးသည်မရှိဘဲ အဖန်တလဲလဲ ဖြစ်နေမှာပါ” ဟုလည်း ကုလအရာရှိက ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီး နှစ်နှစ်ကျော်လာချိန်တွင် ပြည်တွင်း၌ မငြိမ်မသက်မှုများနှင့် အကြမ်းဖက်မှုများ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်နေသည်ဟုလည်း ကုလသမဂ္ဂထုတ်ပြန်ချက်တွင် ဖော်ပြသည်။

မိုခါမုန်တိုင်း တိုတ်ခတ်ပြီးနောက် ပြီးခဲ့သည့်လအတွင်း ကုလသမဂ္ဂက မြန်မာနိုင်ငံအတွက် လျှပ်တစ်ပြက်အကူအညီအနေဖြင့် ဒေါ်လာသန်း ၃၃၃ ကူညီရန် ဆုံးဖြတ်ထားပြီး အကူအညီအချို့ ဝင်လာနေပြီဖြစ်သော်လည်း မလုံလောက်သေးကြောင်းလည်း ကုလက ဆိုသည်။

မုန်တိုင်းသင့်ဒေသများ အကူအညီပေးရေးအတွက် အာဏာပိုင်များထံ ခွင့်ပြုချက်တောင်းခံထားသော်လည်း ပိတ်ပင်ခံထားရဆဲဖြစ်သည်ဟု ကုလအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများက အကြိမ်ကြိမ်ထုတ်ဖော်ပြောဆိုသော်လည်း စစ်ကောင်စီက တစ်စုံတစ်ရာတုံ့ပြန်ခြင်း မရှိပေ။

စစ်ကောင်စီ၏ မေလ ၁၇ ရက်နေ့ နောက်ဆုံးထုတ်ပြန်ချက်အရ မိုခါမုန်တိုင်းကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သေဆုံးသူ ၁၄၈ ဦး ရှိပြီး စစ်တွေနှင့် ရသေ့တောင်မြို့နယ်ရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းများ၌ ၁၀၀ နီးပါး သေဆုံးခဲ့သည်။

အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက် ၂၀၀၈ ခုနှစ် မေလဆန်းပိုင်းက တိုက်ခတ်ခဲ့သော နာဂစ်မုန်တိုင်းကြောင့် ဧရာဝတီတိုင်း၌ လူပေါင်းတစ်သိန်းကျော် သေဆုံးခဲ့စဉ်ကလည်း အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများကို စစ်အစိုးရက အလားတူပိတ်ပင်ခဲ့သည်။

မြန်မာ့သမိုင်းတစ်လျှောက် အဆိုးရွားဆုံး သဘာဝဘေးအန္တရာယ်ကြီး ကျရောက်ကာ လူပေါင်းသိန်းနှင့်ချီ သေဆုံးခဲ့သော်လည်း စစ်အစိုးရက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုရေးအတွက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို အပြင်းအထန်ကန့်ကွက်မှုများကြားမှ နာဂစ်မုန်တိုင်းအပြီး ရက်ပိုင်းအတွင်း အတင်းအဓမ္မပြုလုပ်ခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

မိုးဗြဲမြို့ကို ရနိုင်ရေး စစ်ကောင်စီက အင်အားထပ်ဖြည့်နေ

နေပြည်တော်နှင့် နီးသည့် ရှမ်း-ကယားနယ်စပ် မိုးဗြဲမြို့ကို ထိန်းချုပ်နိုင်ရန် စစ်တပ်က အပြင်းအထန် ကြိုးစားနေသလို ကာကွယ်ရေးပူးပေါင်းအဖွဲ့များကလည်း ပြင်းပြင်းထန်ထန် ခုခံနေသည်။

ကလေးမြို့နယ်တွင် စာသင်ကျောင်း တိုက်ခိုက်ခံရပြီး ၄ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်းအနောက်ပိုင်း လက်ပံချောင်း-ရာဇဂြိုဟ်ကားလမ်းမကြီးဘေးရှိ ရွာစာသင်ကျောင်းကို စစ်ကောင်စီက တိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြင့် လာရောက် ပစ်ခတ်ခြင်းဖြစ်သည်။

အဝေးထိန်းမိုင်း ထိန်းချုပ်စက်များ သုံးရန် စစ်ကောင်စီ လျှို့ဝှက်ညွှန်ကြားထား

တော်လှန်ရေးအဖွဲ့များ အဓိကသုံးစွဲလေ့ရှိသည့် မိုင်းဒဏ် မခံရစေရေး Jammer (ဆက်သွယ်ရေးလှိုင်း ဖြတ်တောက်စက်) ၆ မျိုး သုံးစွဲရန် စစ်ကောင်စီက အောက်ခြေတပ်များကို အမိန့်ပေးထားသည်။

ပြည်သူအပေါ် အကြမ်းဖက်နေသည့် မြန်မာစစ်တပ်ကို အင်ဒိုကာကွယ်ရေးဝန်ကြီး ဆုံးမ

လူထု၏ မုန်းတီးခြင်းခံနေရသည့် မြန်မာစစ်တပ်အနေဖြင့် နိုင်ငံရေးမှ ဖယ်ခွာပြီး ပြည်သူကို ကာကွယ်ရေးဆိုသော စစ်တပ်၏ ပဓာနတာဝန်ကိုသာ ထမ်းဆောင်သင့်ကြောင်း အင်ဒိုနီးရှားစစ်တပ် ဗိုလ်ချုပ်ဟောင်း၊ လက်ရှိ ကာကွယ်ရေးဝန်ကြီးက ပြောသည်။

လားရှိုးထောင်ရှိ အမျိုးသမီးတစ်ဦး နှစ်နှစ်ကျော်အထိ ဦးခေါင်းဒဏ်ရာ ဆေးကုခွင့်မရ

အသက် ၂၉ နှစ်အရွယ် အမျိုးသမီးမှာ ၂၀၂၁ ခုနှစ် ဧပြီလအတွင်း အဖမ်းခံရခြင်းဖြစ်ကာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် လက်အောက်ရှိ အမှတ် (၅၇) စစ်ကြောရေးတွင် တစ်ပတ်ခန့် အပြင်းအထန် နှိပ်စက်ခံခဲ့ရသည်။