close

NUG တနင်္သာရီစစ်ဒေသတွင် အလှူငွေရှင်းတမ်း အငြင်းပွားမှုဖြစ်နေ

အသုံးစရိတ် ဘတ် ၂ သန်းအတွက် ရှင်းတမ်းလိုအပ်သည်ဟု တနင်္သာရီထောက်ပို့တာဝန်ခံက ဆိုသည်။ စစ်ဒေသတာဝန်ရှိသူတစ်ဦးကမူ လက်နက်ဝယ်စဉ်က ထိုငွေသုံးထားသည်ဟု ပြောသည်။

တနင်္သာရီတိုင်းစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့အောက်ရှိ PDF စခန်းတစ်ခုတွင် ၂၀၂၂ ခုနှစ် အစောပိုင်းက သင်တန်းဆင်းပွဲတစ်ခုကို တွေ့ရစဉ် (တနင်္သာရီစစ်ဒေသခွဲ - ကွပ်ကဲရေးအဖွဲ့ / Facebook)

တော်လှန်ရေးရန်ပုံငွေ ဘတ် နှစ်သန်းကျော်ကို မဖြစ်မနေ စာရင်းရှင်းတမ်း ပြပေးရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ တနင်္သာရီစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့၏ စစ်ရေးဌာနကို ထောက်ပို့ဌာနတာဝန်ခံက တောင်းဆိုလိုက်သည်။

၂၀၂၂ ခုနှစ် စက်တင်ဘာမှ ၂၀၂၃ ဖေဖော်ဝါရီလအထိ ၆ လအတွင်း ရန်ပုံငွေရှာဖွေရေးအစီအစဉ်တစ်ခုဖြစ်သည့် People’s Revolution Supply Family (PRF) ထံ ထိုင်းနိုင်ငံနှင့် နိုင်ငံတကာရှိ ထောက်ပို့တပ်သားခေါ် အလှူရှင်များ ထည့်ဝင်သည့် ရန်ပုံငွေ ဘတ် လေးသန်းကျော်အနက် ထက်ဝက်ခန့်ဖြစ်သည့် ဘတ် နှစ်သန်းကျော်ကို မည်သည့်နေရာများတွင် သုံးစွဲထားကြောင်း အဆိုပါ စစ်ရေးဌာန၏ ဘဏ္ဍာရေးက ထောက်ပို့ဌာနထံ စာရင်းမပြခြင်း ဖြစ်သည်ဟု သိရသည်။

PRF အစီအစဉ်အရ ထိုင်းနိုင်ငံအခြေစိုက်ကာ တနင်္သာရီတိုင်းအတွင်း အာဏာရှင်ဆန့်ကျင်ရေး လက်နက်ကိုင်အဖွဲ့များအတွက် ရန်ပုံငွေရှာဖွေရေးလုပ်ငန်းစဉ်ကို တနင်္သာရီတိုင်းစစ်ဒေသခွဲ ကွပ်ကဲရေးလက်အောက်ရှိ စစ်ရေးဌာန၏ ဘဏ္ဍာရေးက ၂၀၂၂ ခုနှစ် ဧပြီလတွင် စတင်တာဝန်ယူခဲ့ပြီးနောက် စက်တင်ဘာတွင် ကွပ်ကဲရေး၏ ထောက်ပို့ဌာနက ယင်းလုပ်ငန်းစဉ်ကို လွှဲပြောင်းတာဝန်ယူခဲ့သည်ဟု ထောက်ပို့ရုံးတာဝန်ခံ ကိုဒရယ်ကွန် (Dragon) ဆိုသူက Myanmar Now ကို ပြောသည်။

စတင်လွှဲပြောင်းစဉ်က ထောက်ပို့တပ်သားခေါ် ပုံမှန်အလှူရှင် ၈၁၃ ဦးသာ ရှိခဲ့ရာမှ နောက်ပိုင်းတွင် အရေအတွက် နှစ်ဆကျော်အထိ တိုးလာခဲ့ကြောင်း၊ စက်တင်ဘာမှ ဖေဖော်ဝါရီကုန်အထိ ခြောက်လအတွင်း ထိုင်းနိုင်ငံအပြင် အခြားနိုင်ငံများမှ ရန်ပုံငွေ ဘတ် ၄ ဒသမ ၂ သန်းကျော် ရရှိခဲ့ကြောင်း ကို Dragon က ထောက်ပို့ဌာန၏ စာရင်းကို ကိုးကား၍ ပြောသည်။ 

ရှာဖွေရရှိသည့် ရန်ပုံငွေများအနက် အချို့ကို ထောက်ပို့ဌာန၏ မှတ်ချက်ဖြင့် အလှူရှင်များ လွှဲပေးစေလိုသည့် တနင်္သာရီတိုင်းအတွင်းရှိ တပ်ရင်းနှင့် အဖွဲ့များထံ စစ်ရေးဌာန၏ ဘဏ္ဍာရေးက တာဝန်ယူကာ ငွေသား တိုက်ရိုက်လွှဲပြောင်းပေးကြောင်း၊ မှတ်ချက်မပါသည့် ကျန်အလှူငွေများကိုမူ စစ်ရေးဌာနက သီးသန့်စီမံခန့်ခွဲသည်ဟုသာ သိရပြီး မည်သည့်ကိစ္စရပ်များအတွက် သုံးစွဲထားကြောင်း စစ်ရေးဌာနက ထောက်ပို့ဌာနထံ စာရင်းရှင်းတမ်း မပြကြောင်း တာဝန်ခံ Dragon က ပြောသည်။

စစ်ရေးဌာန၏ ဘဏ္ဍာရေးက ထောက်ပို့ဌာနထံ စာရင်းရှင်းတမ်းမပြသော အလှူငွေ အတိအကျမှာ ဘတ်ငွေ ၂,၁၀၀,၂၉၂ (ကျပ်ငွေတန်ဖိုးအားဖြင့် ကာလတန်ဖိုး သိန်း ၁,၈၀၀ နီးပါး) ဖြစ်သည်ဟု Myanmar Now က ဖတ်ရှုခွင့်ရသည့် ထောက်ပို့ရုံးတာဝန်ခံ၏ ခြောက်လစာရင်းချုပ်အရ သိရသည်။ အဆိုပါ ရငွေ၊ သုံးငွေစာရင်းရှင်းတမ်း ပြန်လည်ပေးပို့ပေးရန် အလှူငွေကို တာဝန်ယူကောက်ခံပေးသည့် ထောက်ပို့ဌာနက စစ်ရေးဌာနကို လစဉ်တောင်းဆိုခဲ့သော်လည်း မဖြေရှင်းပေးခဲ့ကြောင်း ကို Dragon က ဆိုသည်။

“ကျွန်တော်တာဝန်ယူစဉ်က ကျနော့စာရင်းဇယားမှာ ပေါ်နေတဲ့ လက်ကျန်ငွေတွေကို သူတို့ရှင်းပြဖို့လိုမယ်။​ ငွေမရှိရင် စာရင်းရှင်းတမ်းပြဖို့လိုတယ်။​ ဘယ်တပ်ရင်းတပ်ခွဲကို ဘယ်လောက်ပေးလိုက်တယ်ဆိုတာမျိုး စာရင်းဇယားလိုတယ်” ဟု ကို Dragon က Myanmar Now ကို ပြောသည်။

ရငွေ၊ သုံးငွေစာရင်းကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပုံမှန်ဆွေးနွေးမှုရှိကြောင်း၊ အဆိုပါတာဝန်ရှိသူများ၏ ခွင့်ပြုချက်မရှိဘဲ ထုတ်မပေးနိုင်သည်ကို နားလည်ပေးစေလိုကြောင်း စစ်ရေးဌာန ဘဏ္ဍာရေးတာဝန်ခံတစ်ဦးက ဖေဖော်ဝါရီလကုန်ခန့်တွင် အကြောင်းပြန်ခဲ့သည်ဟု အလှူငွေရှာဖွေရေးတွင် ပါဝင်လုပ်ကိုင်ပေးသူ နောက်တစ်ဦးဖြစ်သည့် ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သူ မသီးစွမ်က Myanmar Now ကို ပြောသည်။

အလှူငွေစာရင်းကို ရှင်းရှင်းလင်းလင်း ရှိစေလိုခြင်းသာဖြစ်ကြောင်း၊ အလှူငွေသုံးစွဲမှုကို အသေးစိတ်မဟုတ်ဘဲ မည်သည့်နေရာတွင် အသုံးချသည်ဟူသည့် အကြောင်းအရာများဖြင့် အလှူရှင်များကို ပွင့်ပွင့်လင်းလင်း ပြောပြ၍ တာဝန်ခံစေလိုကြောင်း ၎င်းက တောင်းဆိုသည်။

“ကျွန်မတို့က ကျည်ဆန်ဘယ်လောက်ဝယ်လိုက်တယ်၊ သေနတ်ဘယ်လောက်ဝယ်လိုက်တယ်ဆိုတာမျိုးတော့ ပြောပြချင်တယ်။ ဆိုတော့ ကျွန်မ စာရင်းတောင်းတယ်၊ မရဘူး။ အခုထိတောင် စာရင်းမပေးဘူးဆိုတော့ လိမ်နေတဲ့သူတွေလို့ပဲ ကျွန်မကတော့ စွပ်စွဲချင်တယ်” ဟု မသီးစွမ်က ပြောသည်။

ထိုသို့ စာရင်းရှင်းတမ်းမပြနိုင်သည့်အတွက် ရန်ပုံငွေများ တာဝန်ယူကောက်ခံပေးရသည့် တာဝန်မှ မတ်လတွင် ကို Dragon နှင့် မသီးစွမ်တို့ နုတ်ထွက်ခဲ့ကြောင်း သိရသည်။

“လုပ်ရမယ့်ဟာကို အခုချိန်ထိ ၅ လ၊ ၆ လ ရှိသွားပြီ မလုပ်နိုင်ဘူး။ ကွပ်ကဲရေးမှာ ပြီးသွားပြီလား ရှိသေးလား၊​ အဲဒါကို ကျွန်တော်တို့ မေးနေတာကိုလည်း မဖြေနိုင်ဘူး။ ဒီအလှူငွေတွေ ဘယ်တွေရောက်သွားလဲ၊ ဘာတွေလုပ်လဲ၊​ ကျွန်တော်တို့ဘာမှ မသိဘူး” ဟု Dragon က ပြောသည်။

တနင်္သာရီစစ်ဒေသခွဲကွပ်ကဲရေးရုံးအပေါ် အဆိုပါ စွပ်စွဲချက်များ၊ တောင်းဆိုချက်များနှင့် ပတ်သက်၍ Myanmar Now က စစ်ရေးဌာနတာဝန်ခံ ကိုအဲလက်ကို ဆက်သွယ်ရန် ကြိုးစားခဲ့သော်လည်း တုံ့ပြန်မှု မရခဲ့ပါ။

ကွပ်ကဲရေးတာဝန်ခံ ကိုဂျူပီတာကမူ PRF အစီအစဉ်ဖြင့် တနင်္သာရီတိုင်းအတွက် ရန်ပုံငွေရှာဖွေခြင်းကို အဆိုပါ ခြောက်လအတွင်း ထောက်ပို့ဌာနက ကူညီကိုင်တွယ်သော်လည်း စစ်ရေးဌာန၏ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းဖြင့်သာ စီမံသည့် ကိစ္စရပ်ဖြစ်ကြောင်း၊ အလှူရှင်များ၏ မှတ်ချက်မပါသော အလှူငွေများကို တိုင်းကွပ်ကဲရေး၏ စီမံခန့်ခွဲမှုဖြင့် အခြားသော တပ်ရင်းတပ်ခွဲများအတွက် ငွေသားမဟုတ်ဘဲ လက်နက်ခဲယမ်းဝယ်ယူထောက်ပံ့ပေးကြောင်း ဆိုသည်။​

“ကျွန်တော်တို့က လက်နက်ခဲယမ်းကို ဝယ်ယူထောက်ပံ့ပေးတာ ဖြစ်တဲ့အတွက် ဘယ်နေရာမှာ ဘယ်လိုလက်နက်အမျိုးအစားတွေက ဘယ်လောက်ရှိတယ်ဆိုတာကို သက်ဆိုင်တဲ့ပုဂ္ဂိုလ်တစ်ဦးသာ သိရင် ပြဿနာ မဟုတ်ပါဘူး။​ အဲဒီကတစ်ဆင့် မလိုလားအပ်ဘဲ လုံခြုံရေးစည်းကျိုးပေါက်သွားမှာ စိုးတဲ့အတွက် သတင်းကို ထိန်းထားရခြင်းဖြစ်ပါတယ်” ဟု ကိုဂျူပီတာက Myanmar Now ကို ပြောသည်။

အဆိုပါစာရင်းများကိုလည်း ကာကွယ်ရေးဝန်ကြီးဌာန၊ PRF နှင့် အခြားတာဝန်ရှိသူများက လုပ်ထုံးလုပ်နည်းနှင့်အညီ ပေးပို့ထားပြီးဖြစ်ကြောင်း၊ သို့သော် ထောက်ပို့ဌာနထံကိုမူ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းအရ တင်ပြရန် မလိုအပ်သည့်အတွက် စစ်ရေးဌာန၏ ဘဏ္ဍာရေးက စာရင်းရှင်းတမ်း မပေးသည့်အခါ ဌာနအချင်းချင်း နားလည်မှုလွဲကြခြင်းသာ ဖြစ်သည်ဟု ကိုဂျူပီတာက ဆိုသည်။

“ဘဏ္ဍာရေးကလည်း ဒါသည် ဘဏ္ဍာရေးနဲ့ဆိုင်တယ်၊ လုပ်ထုံးလုပ်နည်းနဲ့ဆိုင်တယ်။ ဘဏ္ဍာရေးကိစ္စဖြစ်တယ်၊ အဲဒါက ထောက်ပို့နဲ့ မဆိုင်ဘူးဆိုပြီး ဖြစ်လာတာ၊ နားလည်မှုလွဲတာသာ ဖြစ်တယ်။​ ထောက်ပို့ကလည်း သူတို့က ငွေရှာပေးထားတာဖြစ်တဲ့အတွက် ဒီငွေကို ရှင်းတမ်းပြန်လိုတယ်ဆိုတဲ့ဟာတွေ ကျွန်တော်တို့ အပြန်အလှန်နားလည်မှုလွဲကြတာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။​

ဘတ် ၂ သန်းကျော် အလှူငွေများအတွက် စာရင်းရှင်းတမ်းကိစ္စကို အမြန်ဆုံးဖြေရှင်းပေးရန် ဘဏ္ဍာရေးကို ညွှန်ကြားထားပြီးဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

စာရင်းရှင်းတမ်း မပြပေးသည့် အဆိုပါကိစ္စအပြင် ကွပ်ကဲရေးလက်အောက်ခံ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က PRF ထောက်ပို့တပ်ဖွဲ့ဝင်ကတ်ပြားများ ဆင်တူယိုးမှားပြုလုပ်၍ ထုတ်ပေးကာ ၎င်းတို့ထံ တိုက်ရိုက်လှူဒါန်းမှသာ မြေပြင်ဆီသို့ ရောက်မည်ဟု ပြောဆိုပြီး အလှူငွေကောက်ခံသည့်ကိစ္စရပ်ကိုလည်း မဖြေရှင်းပေးခဲ့ကြောင်း မသီးစွမ်နှင့် Dragon တို့က ပြောသည်။ အဆိုပါကိစ္စကို Myanmar Now က သီးခြားအတည်မပြုနိုင်ပါ။

ထောက်ပို့တာဝန်ခံကမူ ပြည်သူလူထုထံမှ စီးဆင်းလာသော မည်သည့်အလှူငွေကိုမဆို တာဝန်ခံမှု အပြည့်ယူကာ စနစ်တကျစီမံခန့်ခွဲမှုဖြင့် သွားစေလိုသဖြင့် စာရင်းရှင်းတမ်းကို တောင်းဆိုနေရခြင်းဖြစ်သည်ဟု ဆိုသည်။

“အားလုံးက အခက်အခဲပေါင်းများစွာနဲ့ ပြည်သူတွေဆီကနေ စီးဆင်းနေတဲ့ အလှူငွေတွေ၊ ဒီအလှူငွေတွေနဲ့ပဲ ကျွန်တော်တို့ တော်လှန်ရေးကို သွားနေရတယ်၊ တော်လှန်ရေးကို ရှင်သန်နေတယ်။​ ဒီအလှူငွေကို ကျွန်တော်တို့က မယိုမဖိတ်ဘဲနဲ့ တော်လှန်ရေးမှာ အကျိုးရှိရှိ အသုံးချစေချင်တယ်” ဟု ကို Dragon က ပြောသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

အဝေးထိန်းမိုင်း ထိန်းချုပ်စက်များ သုံးရန် စစ်ကောင်စီ လျှို့ဝှက်ညွှန်ကြားထား

တော်လှန်ရေးအဖွဲ့များ အဓိကသုံးစွဲလေ့ရှိသည့် မိုင်းဒဏ် မခံရစေရေး Jammer (ဆက်သွယ်ရေးလှိုင်း ဖြတ်တောက်စက်) ၆ မျိုး သုံးစွဲရန် စစ်ကောင်စီက အောက်ခြေတပ်များကို အမိန့်ပေးထားသည်။

ပြည်သူအပေါ် အကြမ်းဖက်နေသည့် မြန်မာစစ်တပ်ကို အင်ဒိုကာကွယ်ရေးဝန်ကြီး ဆုံးမ

လူထု၏ မုန်းတီးခြင်းခံနေရသည့် မြန်မာစစ်တပ်အနေဖြင့် နိုင်ငံရေးမှ ဖယ်ခွာပြီး ပြည်သူကို ကာကွယ်ရေးဆိုသော စစ်တပ်၏ ပဓာနတာဝန်ကိုသာ ထမ်းဆောင်သင့်ကြောင်း အင်ဒိုနီးရှားစစ်တပ် ဗိုလ်ချုပ်ဟောင်း၊ လက်ရှိ ကာကွယ်ရေးဝန်ကြီးက ပြောသည်။

မုန်တိုင်းသင့်ဒေသများကို ဝင်ရောက်ခွင့်မရသေးကြောင်း ကုလထုတ်ပြန်

မိုခါမုန်တိုင်းကြောင့် နေအိမ်၊ လယ်ယာနှင့် အိမ်မွေးတိရစ္ဆာန်များ ပျက်စီးဆုံးရှုံးခဲ့ရာ ရခိုင်၊ ချင်း၊ မကွေး၊ စစ်ကိုင်းနှင့် ကချင်ပြည်နယ်တို့ရှိ လူဦးရေ ၁ ဒသမ ၆ သန်းခန့်မှာ သေရေးရှင်ရေးတမျှ

လားရှိုးထောင်ရှိ အမျိုးသမီးတစ်ဦး နှစ်နှစ်ကျော်အထိ ဦးခေါင်းဒဏ်ရာ ဆေးကုခွင့်မရ

အသက် ၂၉ နှစ်အရွယ် အမျိုးသမီးမှာ ၂၀၂၁ ခုနှစ် ဧပြီလအတွင်း အဖမ်းခံရခြင်းဖြစ်ကာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် လက်အောက်ရှိ အမှတ် (၅၇) စစ်ကြောရေးတွင် တစ်ပတ်ခန့် အပြင်းအထန် နှိပ်စက်ခံခဲ့ရသည်။

ကြာအင်းဆိပ်ကြီးကို KNU ဝင်တိုက်

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း လေတပ်နှင့် လက်နက်ကြီး ပစ်ခတ်မှု ပါဝင်သည့် တိုက်ပွဲကြောင့် အရပ်သားများ ထိခိုက်သေဆုံးသည်ဟု သိရသည်။