သတင်း

အခြေအနေဆိုးများကြောင့် Inditex လုပ်ငန်းစု မြန်မာမှ ထွက်ရန်ပြင်

ကမ္ဘာ့အလုပ်သမားသမဂ္ဂ၏ တောင်းဆိုချက်အရ မြန်မာနိုင်ငံမှ ထွက်ခွာရန် ပြင်ဆင်နေသည်ဟု Zara အပါအဝင် ကမ္ဘာကျော်အဝတ်အထည်အမှတ်တံဆိပ် ၇ ခုခန့် ထုတ်လုပ်နေသည့် Inditex လုပ်ငန်းစု၏ ပြောရေးဆိုခွင့်ရှိသူက ဇွန် ၂၂ တွင် ပြောသည်။

မြန်မာနိုင်ငံအတွင်း ယင်းတို့၏ ထုတ်ကုန်အရေအတွက်ကို ဆက်လက်လျှော့ချသွားမည်ဟု ပြောရေးဆိုခွင့်ရှိသူက အမေရိကန်နိုင်ငံ နယူးယောက်မြို့အခြေစိုက် Sourcing Journal ကို ပြောသည်။

မည်သည့်အချိန်တွင် အပြီးသတ် ထွက်ခွာမည်ကို သတင်းတွင် ဖော်ပြထားခြင်း မရှိပေ။

ထိုလုပ်ငန်းစုအတွက် ကုန်ချော ထုတ်လုပ်ပေးနေသည့် ရန်ကုန်၊ ရွှေပြည်သာမြို့နယ် သာဓုကန်စက်မှုဇုန်ရှိ တရုတ်နိုင်ငံသားပိုင် Hosheng (Myanmar) အထည်ချုပ်စက်ရုံတွင် အလုပ်သမားတို့က လစာတိုးတောင်းရာ ဇွန် ၁၀ တွင် ၇ ဦး အလုပ်ထုတ်ခံခဲ့ရပြီး ဇွန် ၁၄ တွင် သမဂ္ဂအဖွဲ့ဝင် အသက် ၂၉ နှစ်အရွယ် မသူသူစံကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့သည်။

ယင်းနောက် ဇွန် ၁၈ ရက်တွင် အလုပ်သမားသမဂ္ဂအဖွဲ့ဝင် မအေးသန္တာဌေး၊ မသန္တာအေး၊ မမေသူမင်းနှင့် ကိုအောင်အောင်ဆိုသူတို့ ထပ်မံဖမ်းဆီးခံရသည်။

အလုပ်သမားသမဂ္ဂအဖွဲ့ဝင်များနှင့် ဆက်စပ်နေသူ အမျိုးသမီး၂ ဦး၊ အမျိုးသား ၁ ဦးတို့လည်း ဆက်လက်ဖမ်းဆီးခံရပြီး သတင်းအစန ပျောက်နေသည်။

၎င်းတို့ ၈ ဦးကို ယမန်နေ့ ဇွန် ၂၆ က ရွှေပြည်သာမြို့နယ်တရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့ပြီး နိုင်ငံဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅−က ဖြင့် အမှုဖွင့်ခံရသည်ဟု ၎င်းတို့နှင့် နီးစပ်သူ အမည်မဖော်လိုသည့် အမျိုးသားတစ်ဦးက ပြောသည်။

“ပုဒ်မ ၅၀၅ တပ်ရအောင် သူတို့က နိုင်ငံရေးလုပ်တာလည်း မပါဘူး၊ ဒါ လုံးဝမဖြစ်သင့်ဘူးလို့ ပြောချင်တယ်” ဟု ထိုအမျိုးသားက မှတ်ချက်ပြုသည်။

ရွှေပြည်သာသည် စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာထားသည့် မြို့နယ်တစ်ခုဖြစ်ရာ ဖမ်းဆီးခံထားရသူ ၈ ဦးကို စစ်ခုံရုံးတွင် စစ်ဆေးမည်၊ ၎င်းတို့အားလုံးကို ပုဒ်မ ၅၀၅ ဖြင့် အမှုဖွင့်မဖွင့်၊ အခြားပုဒ်မများပါမပါ အတိအကျမသိသေးဟု သူက ဆက်ပြောသည်။

Hosheng (Myanmar) အထည်ချုပ်စက်ရုံမှ အလုပ်သမားသမဂ္ဂအဖွဲ့ဝင်များအပြင် လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် (၅) ရှိ Sun Apparel Myanmar အထည်ချုပ်စက်ရုံမှ လုပ်ခတိုးတောင်းသည့် အလုပ်သမားသမဂ္ဂခေါင်းဆောင်၂ ဦးလည်း ဖမ်းဆီးခံထားရသည်။

ဖမ်းဆီးထားသူများ ဘေးအန္တရာယ်ကျရောက်မည်ကို စိုးရိမ်ကြောင်း၊ ထိုသူတို့ကို ပြန်လွှတ်ပေးရန် မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံရုံးက ဇွန် ၂၀ တွင် ထုတ်ပြန်ထားသည်။

လွတ်လပ်စွာ အသင်းဖွဲ့စည်းခွင့်၊ ထုတ်ဖော်ပြောဆိုခွင့် စသည့် အခွင့်အရေးများကို ငြိမ်းချမ်းစွာ ကျင့်သုံးနေသူတို့ကို ဖမ်းဆီးခြင်း အမြန်ဆုံးရပ်တန့်ရန်၊ လုပ်ငန်းခွင်ဆိုင်ရာ အခြေခံစည်းမျဉ်းနှင့် ရပိုင်ခွင့်များကို ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် (ILO) ကြေညာစာတမ်းနှင့်အညီ သက်ဆိုင်သူအားလုံး ဆောင်ရွက်ရန်လည်း တောင်းဆိုထားသည်။

သို့သော် EU သည် တစ်ဖက်တွင် Made in Myanmar အမည်ရ ယူရိုငွေ ၃ သန်း သုံးစွဲမည့် အထည်ချုပ်ကဏ္ဍ ပံ့ပိုးရေးစီမံကိန်းကို အကောင်အထည်ဖော်ရန် ပြင်ဆင်နေသည်။ ထိုစီမံကိန်းသည် စစ်ကောင်စီကို တရားဝင်မှုရရန် ပံ့ပိုးခြင်းသာ ဖြစ်မည်၊ အလုပ်သမားများအတွက် အကျိုးမရှိဟုဆိုကာ မြန်မာနိုင်ငံအလုပ်သမားအဖွဲ့အစည်းများက ကန့်ကွက်ထားသည်။

Zara ၏ Facebook စာမျက်နှာတွင် တွေ့ရသော အဖြူရောင်တီရှပ်ကြော်ငြာ။

မြန်မာ့အထည်ချုပ်ကဏ္ဍတွင် အလုပ်သမားတို့၏ အခြေခံအခွင့်အရေးစံချိန်စံညွှန်းများ မရှိတော့ကြောင်း၊ စီးပွားရေးလုပ်ငန်းများသည် လူ့အခွင့်အရေးဆိုင်ရာ တာဝန်ရှိမှုကို လိုက်နာဆောင်ရွက်ရန် မဖြစ်နိုင်ကြောင်း ကုန်သွယ်ရေးဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့ (Ethical Trading Initiative ETI) က ၂၀၂၂ ခုနှစ် စက်တင်ဘာလက ထုတ်ပြန်ထားသည်။

ထို့နောက် ဥရောပအခြေစိုက် C&A, လန်ဒန်မြို့အခြေစိုက် Tesco PLC, Marks & Spencers, အိုင်ယာလန်မှ Primark နှင့် ဂျပန် Uniqlo တို့သည် မြန်မာနိုင်ငံမှ ထွက်ခွာသွားခဲ့ကြသည်။

ကျန်နေသည့် အထည်ချုပ်စက်ရုံပိုင်ရှင်များကိုလည်း ဖိအားပေးသင့်သည်ဟု အလုပ်သမားရေး တက်ကြွလှုပ်ရှားသူ အမျိုးသားတစ်ဦးက ပြောသည်။

“(စက်ရုံတွေကို) မြန်မာနိုင်ငံကဥပဒေတွေကို လိုက်နာဆောင်ရွက်သင့်တယ်ဆိုတာကို သူတို့ဘက်က စက်ရုံကို ဖိအားပေးရင် လုပ်ငန်းရှင်က တစ်မျိုးဖြစ်မှာပေါ့။ ခုက ဒီအတိုင်းကြီး ရှောင်ထွက်သွားတယ်ဆိုတော့ လုပ်အားကိုပဲ လာပြီးအမြတ်ထုတ်ပြီး ပြန်သွားကြတာလား မေးချင်တယ်” ဟု သူက ပြောသည်။

မကြာသေးမီက ရန်ကုန်မှ အလုပ်သမားများ အလုပ်ထုတ်ခံရခြင်းကို ကန့်ကွက်ကြောင်း ကမ္ဘာ့အလုပ်သမားသမဂ္ဂက ဇွန် ၁၅ တွင် ထုတ်ပြန် ကြေညာသည်။

ဆန္ဒပြမှုကို စစ်တပ် ပါဝင်ပတ်သက်ခြင်း၊ အလုပ်သမားများ အဖမ်းခံရခြင်းတို့သည် မြန်မာနိုင်ငံတွင် လွတ်လပ်စွာဖွဲ့စည်းခွင့် မရှိကြောင်းကို ပြသနေသည်ဟု သမဂ္ဂ၏ အထွေထွေအတွင်းရေးမှူး Atle Høie က ပြောသည်။

“အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတွေကို မူလအတိုင်း ချက်ချင်း အလုပ်ပြန်ခန့်ရပါမယ်။ သူတို့ကို အလုပ်ရှင်၊ ရဲနဲ့ စစ်တပ်က ခြိမ်းခြောက်တာ၊ တိုက်ခိုက်တာ မလုပ်ရပါဘူး။ မသူသူစံကိုလည်း အခုချက်ချင်း အိမ်ပြန်လွှတ်ရပါမယ်” ဟု သမဂ္ဂ၏ အထွေထွေအတွင်းရေးမှူးက တောင်းဆိုကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အနည်းဆုံးလုပ်ခလစာကို NLD အစိုးရလက်ထက် ၂၀၁၈ ခုနှစ်က ကျပ် ၄၈၀၀ သို့ တိုးမြှင့် ပြင်ဆင်ပေးပြီးနောက် ၂ နှစ်တစ်ကြိမ် အနည်းဆုံး ပြန်လည်ချိန်ညှိ ပြင်ဆင်ရမည်ဖြစ်သည်။ သို့သော် ၅ နှစ်ကျော်လာသည်အထိ ထိုနှုန်းထားအတိုင်းသာ ရှိနေသေးသည်။

မြန်မာ့စီးပွားရေးအခြေအနေမှာ လက်ရှိအချိန်ထိ နာလန်မထူနိုင်သေးဘဲ မူဝါဒအလွဲများ ထပ်ခါထပ်ခါချလာခြင်းက တိုင်းပြည်စီးပွားရေးကို ရာသက်ပန် ထိခိုက်စေမည်ဟု ကမ္ဘာ့ဘဏ်က ဇွန်လ ၂၇ ရက်တွင် ထုတ်ပြန်ထားသည်။

ကိုဗစ်ကပ်ရောဂါဖြစ်ပွားနေစဉ် ၂၀၂၀ ခုနှစ် ဧပြီနှင့် မေလအတွင်း မြန်မာနိုင်ငံရှိ အထည်ချုပ်စက်ရုံများမှ အလုပ်သမားပေါင်း ၁၅၀,၀၀၀ ကျော် အလုပ်လက်မဲ့ဖြစ်ခဲ့သည်ဟု ILO က ၂၀၂၁ ခုနှစ် အောက်တိုဘာလတွင် ထုတ်ပြန်ထားသည်။ ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် ထပ်မံထုတ်ပြန်သည့် ILO ၏ အစီရင်ခံစာအရ စစ်တပ်အာဏာသိမ်းခြင်းကြောင့် ကဏ္ဍစုံမှ အလုပ်သမားပေါင်း ၁ ဒဿမ ၆ သန်းကျော် အလုပ်လက်မဲ့ဖြစ်ခဲ့သည်ဟုလည်း ဆိုသည်။

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button