close
/

ဟားခါးရှိ CDF ရုံး လေကြောင်းမှ အတိုက်ခံရ၊ ၂ ဦး သေဆုံး

ချင်းပြည်နယ်မြို့တော်တွင် စစ်ရဟတ်ယာဥ်ဖြင့် တိုက်ခိုက်မှုကြောင့် CDF အဖွဲ့မှ ၂ ဦး သေဆုံး၊ ၃ ဦး ဒဏ်ရာရသည်။ ဒေသခံတို့ကို နေရာရွှေ့ထားနိုင်သဖြင့် ထိခိုက်မှု နည်းပါးခြင်းဖြစ်သည်ဟု ဆိုသည်။

CDF (Senthang) မှ အသက် ၂၄ နှစ်အရွယ် Salai Siang Cung Hnin နှင့် ၂၃ နှစ်အရွယ် Sali Duh Lian Hmung တို့ လေကြောင်းတိုက်ခိုက်မှုတွင် သေဆုံးခဲ့သည်။ (ဓာတ်ပုံ-ပေးပို့)

ယမန်နေ့ (မေ ၈) ညနေပိုင်းက ချင်းပြည်နယ်၊ ဟားခါးမြို့နယ်ရှိ နေရာနှစ်ခုကို စစ်ကောင်စီ လေတပ်က တိုက်ခိုက်ရာ ချင်းဒေသကာကွယ်ရေးအဖွဲ့ (CDF) အဖွဲ့ဝင် ၂ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရသွားသည်။ 

စစ်ရဟတ်ယာဉ်က မြို့တောင်ဘက် ၃၅ မိုင်ခန့်အကွာ ခွာပီးရွာကိုလည်းကောင်း၊ ထိုရွာနှင့် ၁၀ မိုင်ခန့်အကွာရှိ CDF (စန်ထန်း) ဗဟိုအလုပ်အမှုဆောင် ကောင်စီရုံးအနီးကိုလည်းကောင်း ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ထိုအဖွဲ့ထံမှ သိရသည်။ 

အသက် ၂၄ နှစ်အရွယ် လက်ထောက်အထွေထွေအတွင်းရေးမှူး Salai Siang Cung Hnin ပွဲချင်းပြီး သေဆုံးသည်၊ ၂၃ နှစ်အရွယ် တပ်ခွဲမှူး Sali Duh Lian Hmung မှာ ပြင်းထန်ဒဏ်ရာဖြင့် ယနေ့ (မေ ၉ ) နံနက် ၂ နာရီဝန်းကျင်တွင် သေဆုံးသည်ဟု  CDF (စန်ထန်း) ၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“CDF စန်ထန်ရုံးကတော့ တစ်ကြိမ်ဆိုပေမဲ့လည်း အသေဆုံးရှိသွားတာပေါ့။ ရုံးကို တည့်တည့်ကြီး မဟုတ်ဘူး။ မီတာ ၅၀ လောက်မှာပေါ့။ ရုံးက ထိခိုက်ပျက်စီးတာတော့ မရှိဘူး။ ဗုံးက ရုံးကို လွဲပြီးတော့ ဒဏ်ရာရတဲ့သူတွေ၊ ကျဆုံးတဲ့သူတွေရှိတဲ့ဘက်ကို ထိသွားတာပေါ့” ဟု သူက ဆိုသည်။ 

ဟားခါးတက္ကသိုလ် ပထဝီဝင်အထူးပြု ဂုဏ်ထူးတန်းကျောင်းသား Salai Siang Cung Hnin သည် စန်ထန်းတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဒုဥက္ကဋ္ဌလည်းဖြစ်ပြီး၂၀၂၁ ခုနှစ် ဧပြီမှ စတင်၍ လက်နက်ကိုင်တော်လှန်ရေးတွင် ပါဝင်ခဲ့သူဖြစ်ကြောင်း သိရသည်။ 

တပ်ခွဲမှူး Sali Duh Lian Hmung သည်လည်း ၂၀၂၁ ခုနှစ် မေလကတည်းက တော်လှန်ရေးတွင် ပါဝင်လာသူဖြစ်ပြီး တက္ကသိုလ်ဝင်တန်းဖြေဆိုထားသူဖြစ်သည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သည့် CDF အဖွဲ့ဝင် ၂ ဦးကို တောတွင်းတစ်နေရာတွင် သင်္ဂြိုဟ်ပြီးစီးပြီးဖြစ်ကြောင်း သိရသည်။ 

CDF အဖွဲ့ဝင် ၃ ဦး ဒဏ်ရာရပြီး ထိခိုက်မှုအခြေအနေအသေးစိတ် မသိရသေးပေ။ 

အာဏာသိမ်းမှုဆန့်ကျင်သူတို့ကို စစ်တပ်က လမ်းပေါ်တွင် ပစ်သတ်ရာမှ နိုင်ငံအနှံ့တွင် လက်နက်ကိုင် ခုခံမှု ပေါ်ပေါက်လာရာ ချင်းတောင်တန်းဒေသတွင်လည်း အမဲလိုက်သေနတ်များ ကိုင်ဆောင်ပြီး စစ်ကောင်စီလက်နက်ကိုင်တို့ကို ရင်ဆိုင်ခဲ့ကြသည်။ 

ဟားခါးမြို့နယ်အတွင်းရှိ ကျေးရွာ ၃၃ ရွာနှင့် နယ်မြေအစပ် ယောဒေသ မကွေးတိုင်း ဂန့်ဂေါမြို့နယ်အတွင်း ကျေးရွာများ၌ ပြန့်ကျဲနေထိုင်သည့် လူဦးရေ သုံးသောင်းခန့်ရှိသည်။ အဆိုပါ စန်ထန်းနယ်မြေများကို အခြေခံပြီး CDF (စန်ထန်း) ကို ၂၀၂၁ စက်တင်ဘာလကုန်တွင် စတင်ဖွဲ့စည်းထားခြင်း ဖြစ်သည်။

ယမန်နေ့ မွန်းလွဲ ၂ နာရီကတည်းက ခွာပီးရွာအနီးတစ်ဝိုက်တွင် စစ်ကောင်စီက လေကြောင်းမှ ကင်းထောက်နေကြောင်း၊  ဒေသခံများကို ဘေးလွတ်ရာသို့ ကြိုတင်ပြောင်းရွှေ့ထားသဖြင့် အရပ်သားထိခိုက်မှု မရှိကြောင်း CDF (စန်ထန်း) ထံမှ သိရသည်။

“ဗုံးတွေက ရွာကို ၂ ကြိမ် ကြဲတယ်။ တစ်ခုကံကောင်းတာက ဗုံးကြဲတဲ့နေရာက အထိခိုက်မရှိသလောက် ဖြစ်သွားတယ်။ ဗုံးမကြဲခင်မှာ လုံခြုံတဲ့နေရာကို တိမ်းရှောင်ပြီးသားဖြစ်သွားတယ်။ ဗုံးကျတဲ့နေရာက ပျက်စီးလောက်တဲ့အနေအထား မဟုတ်ဘဲနဲ့ လွဲသွားတာပေါ့” ဟု CDF (စန်ထန်း) အဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။ 

ပြည်နယ်တစ်ခုလုံးနီးပါး စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့် ချင်းပြည်နယ်တွင် ပြီးခဲ့သည့်လများမှ စတင်၍ တိုက်ပွဲများ ပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက် ပြုလုပ်နေသည်။

ချင်းဒေသတွင် ယခုနှစ် မတ်လနှင့် ဧပြီလတွင် စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ၈၇ ကြိမ် ပြုလုပ်ခဲ့ပြီး ဗုံး ၁၂၁ လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း ချင်းအမျိုးသားတပ်မတော် (CNA) က ယမန်နေ့တွင် ထုတ်ပြန်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ထိုင်းရွေးကောက်ပွဲနှင့် မြန်မာပြည်ဆိုင်ရာမူဝါဒ အလားအလာ

ထိုင်းဝန်ကြီးချုပ်လောင်းများတွင် ဒီမိုကရေစီအရေးနှင့်ပတ်သက်ပြီး မတူညီသော ရပ်တည်ချက် ရှိနေရာ ထိုင်းရွေးကောက်ပွဲသည် အိမ်နီးချင်းမြန်မာတို့ စောင့်ကြည့်စရာ အရွေ့တစ်ခု ဖြစ်လာသည်။

ရေဦးမြို့မှ အထက်တန်းကျောင်းကို စစ်လေယာဉ် ဗုံးကြဲတိုက်ခိုက်

စစ်ကိုင်းတိုင်းအတွင်း NUG အထက်တန်းကျောင်းကို စစ်လေယာဉ် ဗုံးကြဲတိုက်ခိုက်သော်လည်း စာသင်ချိန် ပြောင်းလဲထားသဖြင့် ကလေး ၃၀၀ သေဘေးမှ လွတ်ကင်းသွားသည်။

ရေးမြို့တွင် လေတပ်က နှစ်ရက်ဆက် တိုက်ခိုက်၊ PDF ၃ ဦး သေဆုံး

မွန်ပြည်နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် PDF တပ်သား တချို့ သေဆုံးသည်၊ ဒဏ်ရာရသူများထဲတွင် ဒေသခံ အမျိုးသမီး ၂ ဦး ပါဝင်ပြီး နေအိမ်တချို့ မီးလောင်သွားသည်။

ငါးကြိမ်မြောက် ဝင်စီးခံရသည့်ရွာမှ လက်ကျန်စာသင်ကျောင်းကို စစ်တပ်က မိုင်းခွဲဖျက်ဆီး

ရေဦးမြို့နယ်အနောက်ဘက် ၆ မိုင်ခန့်အကွာရှိ ချမ်းသာရွာသည် အိမ်ခြေ ၅၀၀ ကျော်နှင့် အိမ်ထောင်စု ၂၀၀၀ နီးပါးရှိကာ စစ်ကိုင်းတိုင်းအတွင်း ကက်သလစ်ဘာသာဝင်များ နေထိုင်ရာ ရွာကြီးတစ်ရွာ ဖြစ်သည်။

မင်းကင်းတွင် ဗုံးကြဲခံရပြီး ကလေးများအပါအဝင် ၇ ဦး သေ၊ ၁၀ ဦး ဒဏ်ရာရ 

ကလေးသုံးဦး အပါအဝင် အရပ်သား ခုနစ်ဦး သေဆုံးခဲ့သည့် လေကြောင်းတိုက်ခိုက်မှုတွင် ဗုံးသုံးလုံး ကြဲခဲ့သလို ရွာအနီးတစ်ဝိုက်ကိုလည်း သုံးကြိမ် ပစ်ခတ်ခဲ့၍ အနည်းဆုံး ၁၀ ဦးခန့် ဒဏ်ရာရသည်။