ရွေးကောက်ပွဲအနိုင်ရ Move Forward ပါတီခေါင်းဆောင် ဝန်ကြီးချုပ်ဖြစ်ရန် အားနည်း
ရွေးကောက်ပွဲတွင် နေရာအများစု အနိုင်ရထားသည့် Move Forward (MFP) ပါတီခေါင်းဆောင် Pita Limjaroenrat သည် ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ်သစ်ဖြစ်လာရန် အားနည်းနေသည်ဟု ထိုင်းလွှတ်တော်အမတ်များကို ကိုးကား၍ ဘန်ကောက်ပို့စ်သတင်းစာက ယနေ့ (ဇူလိုင် ၇) ရေးသားသည်။
ဝန်ကြီးချုပ်သစ်ဖြစ်ရန် ရေပန်းစားနေသော်လည်း Move Forward ပါတီခေါင်းဆောင် Pita သည် ဘုရင်စနစ်ကို ပြုပြင်ရန် ကြိုးစားခြင်း၊ အန္တရာယ်ရှိ နိုင်ငံခြားရေးမူဝါဒကို ထုတ်ဖော်ပြောဆိုထားခြင်းတို့ကြောင့် အထက်လွှတ်တော်အမတ်များက မဲပေးတော့မည်မဟုတ်ဟု ဆိုသည်။
ရာဇဝတ်ကျင့်ထုံးဥပဒေပါ ပုဒ်မ ၁၁၂ သို့မဟုတ် ချီးမြှောက်ခြင်းဆိုင်ရာဥပဒေနှင့် ပတ်သက်၍ Move Forward ပါတီ၏ ရပ်တည်ချက်ကြောင့် လွှတ်တော်အမတ်များ စိတ်ပြောင်းသွားပုံရသည်ဟု ဘန်ကောက်ပို့စ်သတင်းတွင် ဖော်ပြသည်။
“အဓိကအကြောင်းရင်းတွေထဲက တစ်ခုကတော့ ပုဒ်မ ၁၁၂ ကို ပြင်ဆင်ဖို့အပြင် ဘုရင်စနစ်ကို ပြုပြင်ပြောင်းလဲဖို့ ကြိုးစားနေတာပါ” ဟု အထက်လွှတ်တော်အမတ်တစ်ဦးဖြစ်သူ Prapan Koonmee က မှတ်ချက်ပြုသည်။
“MFP ရဲ့ နိုင်ငံခြားရေးမူဝါဒကလည်း နိုင်ငံကို အန္တရာယ်ဖြစ်စေပါတယ်”
ဘုရင်စနစ်ကို ဝေဖန်ခြင်းမှ အကာအကွယ်ပေးထားသည့် ပုဒ်မ ၁၂၂ အရ ပြစ်မှုထင်ရှားလျှင် အမြင့်ဆုံးထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်နိုင်သည်။
ပြုပြင်ပြောင်းလဲရေး လိုလားသူ လူငယ်နိုင်ငံရေးသမား Pita သည် ယင်း ဝန်ကြီးချုပ်ဖြစ်လာပါက မြန်မာနိုင်ငံကို အကူအညီပေးလိုကြောင်း၊ သက်ဆိုင်သူအားလုံးနှင့် ထိတွေ့ဆက်ဆံသွားမည်ဖြစ်ကြောင်း လူသိရှင်ကြား ထုတ်ဖော်ပြောဆိုထားသည်။
အထက်လွှတ်တော်အမတ် Prapan ကမူ “ထိုင်းဟာ နိုင်ငံတိုင်းရဲ့ မိတ်ဆွေဖြစ်တယ်။ မစ္စတာ Pita အာဏာရလာမယ်ဆိုရင် နိုင်ငံခြားရေးမူဝါဒက စူပါပါဝါတစ်ခုခုကို ဦးတည်တဲ့ပုံစံနဲ့ ပြောင်းလဲသွားမှာပါ” ဟု ဆိုသည်။
ထိုင်းရှေ့နေချုပ်ရုံး ဥပဒေအရာရှိ Theerayut Suwankesorn အဆိုအရ MFP ပါတီ၏ ပုဒ်မ ၁၁၂ အပေါ် ထားရှိသည့် မူဝါဒသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၉ ကို ချိုးဖောက်နေသည်ဟု ဆိုသည်။
ဇူလိုင် ၁၃ ရက်တွင် ပြုလုပ်မည့် ဝန်ကြီးချုပ်ရွေးချယ်ပွဲနှင့် ပတ်သက်၍ လွှတ်တော်အမတ် ၂၄ ဦးကို မေးမြန်းရာတွင် ၈ ဦးကသာ Pita ကို မဲပေးမည်ဟု ပြတ်ပြတ်သားသား ဖြေဆိုပြီး ကျန်သူများက ယတိပြတ် အဖြေမပေးကြသည့်နည်းတူ ငြင်းဆိုသူများလည်း ရှိသည်။
နောက်ထပ် အထက်လွှတ်တော်အမတ်တစ်ဦးဖြစ်သည့် Chalermchai Fuengkhon ကမူ ယခင်က Pita ကို မဲပေးရန် ဆုံးဖြတ်ခဲ့ကြောင်း ဝန်ခံခဲ့သော်လည်း ပုဒ်မ ၁၁၂ ပြဿနာကြောင့် စိတ်ပြောင်းသွားခဲ့သည်ဟု ထုတ်ဖော်ပြောဆိုသည်။
MFP ပါတီမှ ကိုယ်စားလှယ်များက Pita ကို မဲပေးရန် အထက်လွှတ်တော်အမတ်များထံ ချဉ်းကပ်ခဲ့ရာ၌ အများစုက ဇူလိုင်လ ၁၃ ရက်ကျမှ ဆုံးဖြတ်မည်ဟု ပြောဆိုခဲ့သည်။ အထက်လွှတ်တော်အမတ် Songdet Samuekham က Pita ကို မဲပေးမည်ဟု အတည်ပြုခဲ့သော်လည်း ဝန်ကြီးချုပ်ဖြစ်လာရေး လုံလောက်သည့် ထောက်ခံမှုမရဟု ဆိုသည်။
ထိုင်းအခြေခံဥပဒေအရ ထိုင်းလွှတ်တော်တွင် အောက်လွှတ်တော်အမတ် ၅၀၀ ၏ ထက်ဝက်ကျော် (အမတ် ၂၅၁ ဦး) ထောက်ခံမဲဖြင့် ဝန်ကြီးချုပ်လောင်းတစ်ဦးကို ရွေးချယ်ရသည်။ လွှတ်တော်နှစ်ရပ်ပေါင်း အမတ်ဦးရေ ၇၅၀ ၏ ထက်ဝက်ကျော် အမတ် ၃၇၆ ဦး၏ ထောက်ခံမဲဖြင့် အောက်လွှတ်တော်က ရွေးချယ်ထားသော ဝန်ကြီးချုပ်လောင်းကို ခန့်အပ်ရသည်။
ထို့ကြောင့် MFP ပါတီခေါင်းဆောင် Pita အနေဖြင့် ဝန်ကြီးချုပ်ဖြစ်ရန် အထက်နှင့် အောက်လွှတ်တော် နှစ်ရပ်ပေါင်း ထောက်ခံမဲ ၃၇၆ မဲ ရရှိရန် လိုအပ်သည်။
အာဏာသိမ်း စစ်ဗိုလ်ချုပ်ကြီးဟောင်းထံမှ အစိုးရတာဝန် လွှဲပြောင်းရယူရန် အတိုက်အခံများက စီမံနေသော်လည်း ဝန်ကြီးချုပ်ဟောင်း ပရာယွတ်ချန်အိုချာ စိတ်ကြိုက်ရေးဆွဲထားသည့် အခြေခံဥပဒေအရ ရွေးကောက်ပွဲနိုင်ရုံမျှဖြင့် စိတ်ကြိုက် အစိုးရမဖွဲ့နိုင်ပေ။
ထို့ကြောင့် Move Forward ပါတီသည် စစ်တပ်ခန့်ထားသည့်အမတ်များ ထောက်ခံမှသာ အစိုးရဖွဲ့နိုင်မည် ဖြစ်သည်။ ပြီးခဲ့သည့် မေလရွေးကောက်ပွဲတွင် Move Forward ပါတီသည် ကိုယ်စားလှယ်အရေအတွက် စုစုပေါင်း ၁၅၁ နေရာဖြင့် ထိပ်ဆုံးမှ အနိုင်ရခဲ့သည်။ ယခင် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ခ်ဆင် ရှင်နာဝပ်၏ သမီးဖြစ်သူ ဦးဆောင်သည့် Pheu Thai ပါတီက ကိုယ်စားလှယ်အရေအတွက် ၁၄၁ နေရာဖြင့် ဒုတိယနေရာမှ အနိုင်ရသည်။
ထိုင်းစစ်တပ်၏ ၂၀၁၇ အခြေခံဥပဒေကို မျိုးဆက်သစ်လူငယ်များက လက်မခံဘဲ ဆန့်ကျင်ကန့်ကွက်ခဲ့ကာ ၂၀၂၀ ပြည့်နှစ်အတွင်း ဆန္ဒပြပွဲများ အကြီးအကျယ် ဖြစ်ပွားခဲ့သည်။
ပြုပြင်ပြောင်းလဲရေး လိုလားသူ MFP ပါတီခေါင်းဆောင် Pita ဝန်ကြီးချုပ်ဖြစ်လာပါက အလိုမကျသူများ ပေါ်ပေါက်လာနိုင်သည့်နည်းတူ ၎င်း ဝန်ကြီးချုပ်ဖြစ်မလာပါကလည်း ဆန့်ကျင်ကန့်ကွက်မှုများ ပေါ်ပေါက်လာနိုင်ပြီး ထိုင်းနိုင်ငံရေးသမိုင်းအရ ဆန္ဒပြပွဲများဖြင့် တုံ့ပြန်လေ့ရှိသည့် အခြေအနေရှိနေသည်။
လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)



