ကချင်ပြည်နယ်၊ လိုင်ဇာမြို့အနီး၊ လူဦးရေ ၅၀၀ ဝန်းကျင် နေထိုင်သည့် မုန်လိုင်ခက်စစ်ဘေးရှောင်စခန်းကို အောက်တိုဘာ ၉ရက် ညဉ့်နက်ပိုင်းတွင် စစ်ကောင်စီက ပစ်ခတ်တိုက်ခိုက်မှုကြောင့် သေဆုံးသူ ၂၉ ဦး၊ ဒဏ်ရာရသူ ၅၆ ဦးရှိကာ ထိုထဲမှ ၄၄ ဦး ဆေးကုသနေရသည်ဟု ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ယနေ့ နံနက် ၈ နာရီတွင် Myanmar Now ကို အတည်ပြုသည်။
မြန်မာနိုင်ငံမြောက်ပိုင်း တရုတ်နယ်စပ်အနီးရှိ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဌာနချုပ်ရှိရာ လိုင်ဇာမြို့နှင့် ၂ မိုင်ကျော်ဝန်းကျင်တွင်သာ ရှိသည့် မုန်လိုင်ခက်ရွာတွင် ဒေသခံနှင့် စစ်ဘေးရှောင်များ ခိုလှုံနေထိုင်ကြသည်။
ဗိုလ်မှူးကြီးနော်ဘူနှင့် မေးမြန်းခဲ့သည်များကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။
မေး။ ။ မုန်လိုင်ခက်စစ်ဘေးရှောင်စခန်းကို စစ်တပ်က တိုက်ခိုက်တဲ့ အခြေအနေ ဘာများပြောပြလို့ရမလဲ။

ဖြေ။ ။ မနေ့က ၁၁ နာရီ ၂၅ မိနစ်လောက်မှာ စစ်ကောင်စီဘက်ကနေ ဗုံးလာကြတဲ့ အခြေအနေဖြစ်ပါတယ်။ လေယာဉ်ပျံသန်းနေတဲ့အသံတော့ မကြားဘူး။ ဒရုန်းနဲ့များ ပစ်တာလားလို့ သုံးသပ်နေပါတယ်။ အခုထက်ထိကတော့ သေသွားတဲ့အလောင်းက ၂၉ လောင်း တွေ့ရပါတယ်။ ထိခိုက်ဒဏ်ရာရတာကတော့ ၅၆ ယောက်ရှိပြီး ဆေးဝါးကုသမှုခံနေရတာကတော့ ၄၄ ယောက်ရှိပါတယ်။ သေသွားတဲ့သူတွေထဲမှာ ကလေးတွေ လူကြီးတွေလည်း ပါပါတယ်။ ဒါပေမဲ့ တိတိကျကျခွဲခြားလို့ကတော့ မရသေးဘူး။ အခုထိ ရှာနေတုန်းပဲ ဖြစ်ပါတယ်။
မေး။ ။ သေဆုံးသူတွေရဲ့ အခြေအနေအသေးစိတ်ကို ဘာများပြောပြလို့ရမလဲ။
ဖြေ။ ။ အသေးစိတ်တော့ မသိရသေးဘူး။ သက်ဆိုင်ရာတာဝန်ယူတဲ့အဖွဲ့တွေက စာရင်းပြုစုနေဆဲပဲဖြစ်ပါတယ်။
မေး။ ။ ဒဏ်ရာရတဲ့သူတွေအခြေအနေ ဘာများပြောပြလို့ရမလဲ။
ဖြေ။ ။ ၄၄ ယောက်အခြေအနေကတော့ သိပ်ပြီးမှ စိုးရိမ်ရတဲ့အနေအထားတော့မဟုတ်ပါဘူး။ ဒါပေမဲ့ ကုသမှုကတော့ ခံယူရမှာဖြစ်ပါတယ်။
မေး။ ။ ဗုံးကြဲခံရတဲ့နေရာက ဘယ်လိုနေရာမျိုးလဲ။
မေး။ ။ စစ်ရှောင်ပြည်သူလူထုရဲ့ စခန်းအနီးမှာ ကျတာဖြစ်ပါတယ်။ သေဆုံးသွားသူတွေ၊ ဒဏ်ရာရသွားသူတွေက စစ်ရှောင်ပြည်သူလူထုတွေပဲဖြစ်ပါတယ်။ အဲဒီစစ်ရှောင်စခန်းမှာ ၅၀၀ နီးပါးလောက် ရှိပါတယ်။ ဗုံးက စခန်းခလယ်လောက်မှာ ကျတယ်လို့ ပြောလို့ရပါတယ်။

စစ်ကောင်စီက တိုက်ခိုက်ခဲ့သည်။ ဓာတ်ပုံ-ပေးပို့
မေး။ ။ စစ်စခန်းတွေနဲ့ နီးလို့လား။
ဖြေ။ ။ အဲဒီဘက်မှာတော့ တပ်စခန်းတွေ မရှိပါဘူး။ လက်နက်ကြီးတွေကတော့ ပတ်ဝန်းကျင်မှာ ခဏခဏကျတဲ့နေရာတော့ဖြစ်ပါတယ်။
မေး။ ။ အရင်နေ့တွေက လိုင်ဇာတစ်ဝိုက်က စစ်ရေးအခြေအနေကရော ဘယ်လိုရှိပါသလဲဗျ။
ဖြေ။ ။ မနေ့ကတော့ မြေပြင်တိုက်ပွဲတွေ အဲဒီနားမှာ ဘာမှ မရှိပါဘူး။
မေး။ ။ မနှစ်ကလည်း ကချင်ဒေသမှာရှိတဲ့ အနန့်ပါကို စစ်ကောင်စီက လေကြောင်းနဲ့ တိုက်ခိုက်ခဲ့လို့ အရပ်သားအများအပြား သေဆုံးခဲ့သေးတယ်။ အခုလည်း စစ်ရှောင်စခန်းကို ထပ်ပြီး တိုက်ခိုက်တယ်။ ဒီအပေါ်မှာ ဘာများပြောလိုပါသလဲ။
ဘာမှ ရှည်ရှည်ဝေးဝေး ပြောစရာမရှိပါဘူး။ တစ်ခုရှိတာကတော့ ကိုယ့်လူမျိုးတွေ၊ ကျွန်တော်တို့တိုင်းရင်းသားတွေကို အမျိုးသုဉ်းအောင် သတ်ဖြတ်တဲ့ လုပ်ရပ်တွေဖြစ်ပါတယ်။ ကျွန်တော်ကတော့ အဲဒီလိုပဲ ခံယူပါတယ်။ ဘာကြောင့်လဲဆိုတော့ အစုလိုက်အပြုံလိုက်ကို လေယာဉ်နဲ့ ကြဲပြီးတော့ သတ်ဖြတ်လိုက်တာက ကျွန်တော်တို့ ကချင်လူမျိုးစုတွေ၊ ကျွန်တော်တို့ တိုင်းရင်းသားတွေကို အမျိုးသုဉ်းအောင် သတ်ဖြတ်တဲ့ စစ်ဝါဒီတွေရဲ့ လုပ်ရပ်တွေဖြစ်ပါတယ်။

စစ်ကောင်စီက တိုက်ခိုက်ခဲ့သည်။ ဓာတ်ပုံ-ပေးပို့
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)



