သတင်း

ထီးချိုင့်တွင် တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲ

ကချင်နယ်စပ် စစ်ကိုင်းတိုင်းအထက်ပိုင်းတွင် စစ်ဆင်ရေးဝင်နေသည့် စစ်ကောင်စီတပ်ကို တော်လှန်ရေးပူးပေါင်းအဖွဲ့ ဝိုင်းပတ်ပိတ်ဆို့တိုက်ခိုက်စဉ် တိုက်လေယာဉ်ဖြင့် ဗုံး ၈ လုံး လာကြဲသည်။

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်မြောက်ဘက် ပျဉ်းစုရွာနှင့် ထန်းကုန်းရွာအနီးတွင် ယနေ့ (အောက်တိုဘာ ၁၃) နံနက်မှစ၍ မွန်းလွဲပိုင်းအထိ တော်လှန်ရေးပူးပေါင်းအဖွဲ့နှင့် တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲသည်။

အောက်တိုဘာ ၁၁ ရက်တွင် ဒေသတွင်းသို့ ရောက်လာသည့် စုစုပေါင်း အင်အား ၁၈၀ ခန့်ပါ စစ်ကောင်စီ စစ်ကြောင်းနှစ်ကြောင်း ယနေ့ နံနက် ၇ နာရီတွင် ထီးချိုင့်မြို့ မြောက်ဘက် ၈ မိုင်ခန့်အကွာ ထန်းကုန်းရွာတွင် ပေါင်းစည်းပြီး အနီးရှိ ပျဉ်းစုရွာဘက်သို့ ထွက်လာစဉ် တော်လှန်ရေးအဖွဲ့များက ဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။

စစ်ကောင်စီတပ်ဖွဲ့ ထန်းကုန်းရွာ၌ပင် ပိတ်မိနေစဉ် မွန်းတည့် ၁၂ နာရီကျော်တွင် တိုက်လေယာဉ်တစ်စီးဖြင့် နှစ်ကြိမ်လာ၍ ဗုံး ၈ လုံးကြဲကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ထီးချိုင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ထံမှ သိရသည်။

“ဝိုင်းထားတော့ သူတို့က လမ်းဖွင့်ချင်တာလည်း ဖြစ်နိုင်တယ်။ ဒါမှမဟုတ်ရင်လည်း သူတို့ဘက်က အထိအခိုက်များလို့ဖြစ်နိုင်တယ်။ တစ်စီးတည်းကကို ဝဲပြီး နှစ်ကြိမ်ကြဲသွားတယ်။ ကျွန်တော်တို့ ရှိနိုင်မယ့် နေရာတွေကို မှန်းပြီး (ဗုံး) ကြဲတာပေါ့” ဟု ထီးချိုင့် PDF တပ်ဖွဲ့ဝင်က ပြောသည်။

ဗုံးအားလုံး ပျဉ်းစုရွာအပြင် လယ်ကွင်းများသို့ ကျရောက်ပေါက်ကွဲကြောင်း၊ ထီးချိုင့် PDF နှင့် ဒေသအခြေစိုက် ကာကွယ်ရေးအဖွဲ့ဝင်များ ထိခိုက်မှုမရှိဟု ၎င်းက ဆိုသည်။

စစ်ကောင်စီတပ်ကို ညနေ ၃ နာရီဝန်းကျင်အထိ တော်လှန်ရေးအဖွဲ့က ဝိုင်းပတ်ပိတ်ဆို့ထားဆဲဖြစ်၍ စစ်ကောင်စီတပ်မှာ ထိုရွာရှိ ဘုန်းကြီးကျောင်းတွင် တပ်စွဲကာ အနီးဝန်းကျင်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည်ဟု အထက်ပါ ထီးချိုင့် PDF တပ်ဖွဲ့ဝင်က ပြောသည်။

ထန်းကုန်းရွာမှာ ထီးချိုင့်နှင့် လက်တစ်ကမ်းသာဖြစ်သော်လည်း တောင်တန်းများ ခြားထားသဖြင့် မြို့ပေါ်ရှိ စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ကူမပေးနိုင်သည့်အတွက် လေကြောင်းမှ လာရောက်တိုက်ခိုက်ခြင်းဖြစ်နိုင်သည်ဟု အသက် ၄၀ အရွယ် ထီးချိုင့်ဒေသခံက ပြောသည်။

ဒေသတွင်းသို့ စစ်ကြောင်းဝင်လာချိန်မှစ၍ ဒေသခံများ တိမ်းရှောင်နေကြသည်ဖြစ်ရာ တိုက်ပွဲအတွင်း ထိခိုက်မှုမရှိနိုင်ဟု အဆိုပါ ဒေသခံက ပြောသည်။

“အကုန်ပြေးတာပဲ၊ အခုဖြစ်နေတဲ့ ထန်းကုန်းတို့ ပျဉ်းစုတို့ဆိုရင် ပြီးခဲ့တဲ့ရက်က ပြေးတာ၊ အတော်များများက မြောက်ဘက်ကို ဆက်ပြေးကြတယ်။ တချို့လည်း မြို့ပေါ်ရောက်၊ တချို့လည်း ရွာအစောင့်ကျန်တယ်လို့တော့ ပြောတယ် သေချာတော့ မသိရသေးဘူး”။

တိုက်ပွဲအတွင်း လက်နက်ကိုင်နှစ်ဖွဲ့နှင့် ဒေသခံများ ထိခိုက်မှု၊ အိုးအိမ်ပျက်စီးဆုံးရှုံးမှုအခြေအနေများကို အတည်မပြုနိုင်သေးပေ။

၂၀၂၁ စစ်တပ်က အာဏာသိမ်းပြီးနောက်တွင် လက်နက်ကိုင်တော်လှန်ရေးများ နိုင်ငံအနှံ့ ဖြစ်ပွားလာရာ နိုင်ငံအလယ်ပိုင်းမှ စစ်ကိုင်းတိုင်းသည်လည်း ထက်ထက်သန်သန်ပါဝင်နေသည်။

နိုင်ငံမြောက်ပိုင်း အင်အားကြီး ဝါရင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) အခြေစိုက်ရာ ကချင်ပြည်နယ်နှင့် နယ်နိမိတ်ကပ်လျက် စစ်ကိုင်းတိုင်း ထီးချိုင့်၊ ဗန်းမောက်၊ အင်းတော်၊ ကသာ စသည့် မြို့နယ်များတွင် တော်လှန်ရေးလှုပ်ရှားမှုများ အလွန်အားကောင်းသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button