ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင်ရှိ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၏ တပ်မဟာ (၆) ဌာနချုပ် အောက်တိုဘာ ၂၀ ရက်နေ့က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခံရသဖြင့် ၅ ဦး သေဆုံးကြောင်း ထိုနေရာရှိ သတင်းရင်းမြစ်များက ပြောသည်။
မွန်းလွဲပိုင်းတွင် တိုက်ခိုက်ခံရသည့် ထိုနေရာသည် မူဆယ်မြို့နယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်၊ နမ့်အွမ်ကျေးရွာအုပ်စု၊ တီးမားကျေးရွာအနီးတွင် တည်ရှိသည်။ လေကြောင်းတိုက်ခိုက်မှုအပြီး မှတ်တမ်းဓာတ်ပုံများအရ တပ်စခန်းနေရာအနီးရှိ အဆောက်အအုံတချို့ မီးလောင်သွားပြီး အများအပြား ထိခိုက်ပျက်စီးနေသည်ကို တွေ့ရသည်။
“ဂျက်တိုက်လေယာဉ်နဲ့ လာကြဲတော့ ဒဏ်ရာရတဲ့ သူတွေလည်း များတယ်” ဟု KIA မြေပြင်တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
Myanmar Now က အခြေအနေအသေးစိတ် သိရှိနိုင်ရန် KIA ကို ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေကြားခြင်း မရှိသေးသလို တပ်ဖွဲ့ဝင်များ သေဆုံးမှုအရေအတွက်ကိုလည်း သီးခြားအတည်မပြုနိုင်သေးပေ။
ထိခိုက်မှုအခြေအနေ မသိရသေးကြောင်း KIA ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက သတင်းဌာနတချို့ကို ပြောထားသည်။
စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ်များတွင် စစ်တပ်စခန်းများ တိုက်ခိုက်သိမ်းယူထားသော KIA ကို လေကြောင်းဖြင့် တန်ပြန်တိုက်ခိုက်လိုက်ကြောင်း၊ သေဆုံးသူအရေအတွက် များနိုင်ကြောင်း ဖော်ပြထားကြသည်။

လေကြောင်းတိုက်ခိုက်မှုမတိုင်မီ တစ်ရက် (အောက်တိုဘာ ၁၉) တွင် မူဆယ်ခရိုင် မုံးပေါ်ဒေသရှိ စစ်ရေးအရ အရေးပါသော စစ်တပ်အထိုင်စခန်းတစ်ခုကို KIA တပ်မဟာ (၆) လက်အောက်ခံ အမှတ် (၃၆) တပ်ရင်းက တိုက်ခိုက်သိမ်းယူခဲ့သည်။
ထိုစခန်းသိမ်းတိုက်ပွဲတွင် စစ်သား ဆယ်ဂဏန်း သေဆုံးသလို လက်နက်ခဲယမ်းအများအပြား KIA က သိမ်းဆည်းရမိ သည်။
နမ့်ကွတ် အမည်ရှိ ထိုစခန်းကို အရပ် ၃ မျက်နှာမှ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခံရသောကြောင့် စခန်းလက်လွှတ်လိုက်ရပြီး ပြန်လည်ရရှိနိုင်ရေး ကြိုးပမ်းနေသည်ဟု စစ်တပ်က ရှားရှားပါးပါး သတင်းထုတ်ပြန်သည်။
အလားတူ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ နမ့်ဆမ်ယန်ရွာအနီး လဲလုံစခန်းကို ဇူလိုင် ၈ မှ အောက်တိုဘာ ၂၀ အထိ ဝင်ရောက်တိုက်ခိုက်နေရာ KIA အင်အားများလာ၍ ယမန်နေ့က စခန်းမှ ဆုတ်ပေးလိုက်ရကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
လက်ရှိအချိန်ထိ မူဆယ်ခရိုင် ဝိန်းလာတောင်ပေါ်ရှိ ထိုစစ်တပ်စခန်းကို KIAက ဆက်လက် ထိန်းချုပ်ထားဆဲ ဖြစ် ကြောင်း KIA မြေပြင်တပ်ဖွဲ့ဝင်များအဆိုအရ သိရသည်။
အောက်တိုဘာ ၂၀ ရက်နေ့ ညနေပိုင်းကလည်း ထိုတပ်စခန်းနေရာသို့ ဦးတည်ကာ စစ်ကူလာသည့် စစ်ယာဉ်တန်း ၉ စီး မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်နှင့် မုံးပေါ်ဒေသအကြား မိုင်းဆွဲတိုက်ခိုက်ခံရသည်ဟု ဒေသခံများထံမှ သိရသည်။
“စစ်တပ်ယာဉ်တန်းတွေ မိုင်းဆွဲခံရတာ။ မုံးပေါ်နဲ့တော့ နီးတာပေါ့။ အပြန်အလှန် ပစ်ခတ်ကြတာတော့ မကြားမိဘူး” ဟု မုံးပေါ်ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
အောက်တိုဘာ ၁၈ ရက်နေ့ကလည်း ကွတ်ခိုင်မြို့နယ်၊ နောင်ဆွေရွာအနီး စစ်တပ် စစ်ကြောင်းတစ်ခုကို KIA က ကြားဖြတ် တိုက်ခိုက်ခဲ့သည်။
KIA သည် ကချင်ပြည်နယ်တွင်သာမက ရှမ်းပြည်နယ်မြောက်ပိုင်းတွင်ပါ စစ်ရေးလှုပ်ရှားနေကာ စစ်ကိုင်းတိုင်းဒေသတချို့တွင်လည်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် ပူးတွဲလှုပ်ရှားနေသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)



