မြောက်ပိုင်းမဟာမိတ်တပ်များ၏ တိုက်ခိုက်မှုကြောင့် ၆ ရက်အတွင်း မြို့ ၃ မြို့နှင့် စစ်ကောင်စီစခန်း ၉၀ နီးပါး ကျသွားသော်လည်း ကိုးကန့်မျိုးနွယ်စုချင်း နယ်မြေလုသည့် စစ်ပွဲဟုသာ သဘောထားကြောင်း စစ်ကောင်စီ ပြန်ကြားရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ယမန်နေ့ ( နိုဝင်ဘာ ၁ ) ရက်နေ့က ထုတ်ဖော် ပြောဆိုလိုက်သည်။
“သူတို့ (ကိုးကန့်) မျိုးနွယ်စုအချင်းချင်း ဆယ်စုနှစ်နဲ့ချီပြီး လက်စားချေတဲ့ ပြဿနာသာဖြစ်တယ်၊ ဒီပြဿနာကို ဒီအချိန်မှာ အကြောင်းပြချက်ကောင်းကောင်းနဲ့ ဖုံးလွှမ်းပြီး လုပ်ဆောင်နေတာ ဖြစ်တယ်ဆိုတာ ကျနော်တို့ အသိပေးလိုပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။
“သူတို့ရဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတော့ သူတို့ရဲ့မျိုးနွယ်စုအချင်းချင်း၊ မိသားစုအချင်းချင်း လက်စားချေဖို့ ရည်ရွယ်ပြီးတော့ ကိုးကန့်ဒေသက ပြည်သူလူထုကို သူတို့လက်စားချေဖို့ ထိုးကြွေးနေတာဖြစ်တယ်”
စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များမှတစ်ဆင့် ထွက်ပေါ်လာသော ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ထိုပြောဆိုချက်သည် မြောက်ပိုင်းမဟာမိတ်တပ်များ၏ “၁၀၂၇ စစ်ဆင်ရေး” နှင့် ပတ်သက်ပြီး စစ်ကောင်စီ၏ ပထမဆုံးသော လူသိရှင်ကြား တုံ့ပြန်မှုလည်း ဖြစ်လာသည်။

ကိုးကန့်ဒေသတွင် ၁၉၉၁ မှစတင်ပြီး ကိုးကန့်ဖုန်မိသားစုနှင့် ရန်မိသားစုတို့အကြား (ဖုန်ရန်) ပဋိပက္ခအပါအဝင် မျိုးနွယ်စုများအကြား တိုက်ပွဲများသည် ၅ နှစ် တစ်ကြိမ်နှုန်း ဖြစ်ပွားခဲ့ကြောင်း၊ ယခုတစ်ကြိမ်ဖြစ်ပွားသည့် တိုက်ပွဲများသည်လည်း ကိုးကန့်မိသားစုတွင်းအရေးထက် မပိုကြောင်း ၎င်းက ဆိုသည်။
စစ်ကောင်စီကို အပြင်းအထန်တိုက်ခိုက်နေသည့် ကိုးကန့် MNDAA တပ်ကို တည်ထောင်သူ ဖုန်ကျားရှင် ဦးဆောင်သည့် ဖုန်မျိုးနွယ်စုနှင့် ရန်မိုလျှံ ဦးဆောင်သည့် ရန်မျိုးနွယ်စုတို့သည် သမိုင်းတစ်လျှောက် မကြာခဏ ပြင်းထန်သည့် တိုက်ပွဲများဖြင့် အာဏာလွန်ဆွဲသည့် စစ်ပွဲများ ဖြစ်ပွားလေ့ရှိသည်။
ဖုန်ရန်အရေးအခင်းဟု ခေါ်ကြသည့် ထိုတိုက်ပွဲများသည် ၁၉၉၁၊ ၁၉၉၅၊ ၂၀၀၀၊ ၂၀၀၈ နှင့် ၂၀၁၅ တို့တွင်လည်း ဖြစ်ပွားခဲ့ပြီး အတိတ်ကပြဿနာများတွင် ဒေသတွင်းလက်နက်ကိုင်တပ်များဖြစ်ကြသည့် ‘ဝ’ တပ်ဖွဲ့ UWSA၊ ကချင်တပ် KIA နှင့် NDAA မိုင်းလားတပ်တို့ ပါဝင်ပတ်သက်ခဲ့သည်ဟူသော ရှည်လျားသည့် သမိုင်းကြောင်းကိုလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ထိုရုပ်သံတွင် ထည့်သွင်းပြောဆိုခဲ့သည်။
ထိုပဋိပက္ခကို စစ်ဗိုလ်ချုပ်များက အသုံးချခဲ့ဖူးသည်ဟု ထောက်လှမ်းရေးအရာရှိဟောင်းတစ်ဦးက ပြောခဲ့ဖူးသည်။
ဖုန်ရန် မျိုးနွယ်စုပြဿနာသည် ကိုးကန့်ဒေသတွင် အမြဲရှိနေသည့် ပြဿနာတစ်ခုဖြစ်ကြောင်း၊ ထိုပြဿနာကို ဗိုလ်ချုပ်ခင်ညွန့်ခေါင်းဆောင်သည့် စစ်ထောက်လှမ်းရေးတို့က ၁၉၉၅ တွင် ကြားဝင်စေ့စပ်ပေးခဲ့ကြောင်း၊ မျိုးနွယ်စုပြဿနာကို အခွင့်ကောင်းယူကာ ၁၉၉၅ တွင် အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေအမိန့်ဖြင့် ကိုးကန့်တွင် စစ်တပ်အခြေချခဲ့ကြောင်း၊ စစ်တပ်အားကိုးဖြင့် ရန်မျိုးနွယ်စုများ အားကောင်းလာကြောင်း ထောက်လှမ်းရေးအရာရှိဟောင်း ဗိုလ်မှူးအောင်လင်းထွဋ်က ဗွီအိုအေသတင်းဌာနကို ၂၀၀၉ ခုနှစ်အတွင်းက ဖြေကြားခဲ့သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုပြီး ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖွဲ့စည်းချိန်တွင် ဦးသိန်းစိန်အစိုးရက ဦးပယ်စောက်ချိန်ကို ကိုးကန့်ဒေသခေါင်းဆောင်အဖြစ် ခန့်အပ်ခဲ့သည်။
၂၀၁၀-၂၀၁၅ ကိုးကန့်မဲဆန္ဒနယ် အမှတ် ၂ အမျိုးသားလွှတ်တော်အမတ်လည်းဖြစ်သည့် ဦးပယ်စောက်ချိန်သည် ရန်မျိုးနွယ်စုခေါင်းဆောင် ရန်မိုလျှံ၏ တပည့်ဟု ဗိုလ်မှူးဟောင်း အောင်လင်းထွဋ်က ဗွီအိုအေနှင့် အင်တာဗျူးတွင် ပြောဆိုခဲ့သည်။
လောက်ကိုင်ကို ယခုလက်ရှိ ထိန်းချုပ်ထားသည့် စစ်ကောင်စီခန့် ကိုးကန့်အုပ်ချုပ်ရေးအဖွဲ့ထဲတွင် ဦးပယ်စောက်ချိန်၏သား ဦးခင်မောင်လွင်က အဖွဲ့ဝင်အဖြစ် ပါဝင်သည်။

မြောက်ပိုင်းမဟာမိတ်တပ်များဖြစ်ကြသည့် ကွယ်လွန်သူ ဖုန်ကြားရှင်၏ ကိုးကန့်တပ် MNDAA၊ ရခိုင်တပ် AA နှင့် တအာင်းတပ် MNDAA တို့ကမူ ၎င်းတို့၏ စစ်ဆင်ရေးသည် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေး၊ ကျားဖြန့်အွန်လိုင်းလောင်းကစား တိုက်ဖျက်ရေးတို့ ပါဝင်သည်ဟု ကြေညာထားသည်။
စစ်ကောင်စီကမူ ထိုအချက်များသည် ဖုန်မျိုးနွယ်စု၏ နယ်မြေချဲ့ထွင်ရေးစစ်ပွဲ၏ အကြောင်းပြချက်သက်သက်သာ ဖြစ်သည်ဟု ဆိုသည်။
“သူတို့ကမှ စစ်အာဏာရှင်စနစ်ထက် ပိုဆိုးတဲ့ စစ်ဘုရင်စနစ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက စစ်အာဏာရှင်တိုက်ဖျက်မည်ဆိုသည့် မြောက်ပိုင်းအဖွဲ့များ၏ ကြေညာချက်ကို တုံ့ပြန်သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6penနှိပ်၍ လှူဒါန်းနိုင်ပါသည်)



