မန္တလေးတိုင်း မတ္တရာမြို့နယ် အောင်ကန်သာကျေးရွာ လက်ဖက်ရည်ဆိုင်ကို ယနေ့(နိုင်ဝင်ဘာ ၁၆) နံနက် ၆ နာရီခန့်တွင် စစ်ကောင်စီတပ်သားများ ရောက်သွားပြီး ဆိုင်တွင်ရှိနေသူ ၁၁ ဦးကို ပစ်ခတ်သတ်ဖြတ်သွားသည်ဟု ဒေသခံများနှင့် ဒေသကာကွယ်ရေးအဖွဲ့များက ပြောသည်။
မန္တလေး-မိုးကုတ် ကားလမ်းဘေးရှိ ထိုဆိုင်တွင် စစ်သားများက အားလုံးကိုဖမ်းဆီးကာ ထိုင်စေပြီး ပစ်ခတ်ခြင်းဖြစ်သည်ဟု မတ္တရာမြို့နယ် အမှတ် ၃ တိုက်နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ခံ ကိုမိုးကြိုးက ပြောသည်။
“ဆိုင်ကိုအရင်စီးလိုက်တာ၊ ဆိုင်ရှင်လင်မယားနှစ်ယောက်ကို ရှေ့ဆုံးက ဒူးထောက်ထိုင်ခိုင်းပြီး အရင်ဆုံး ပစ်သတ်လိုက်ပြီးတော့၊ ဆိုင်မှာလာစားနေတဲ့လူတွေကိုလည်း ပစ်သတ်သွားတာ”ဟု ပြောသည်။
မတ္တရာမြို့နယ်၏ မြောက်ဘက်အစွန်တွင်ရှိသည့် ပတ်လည်အင်းကျေးရွာစခန်းကို ဒေသခံတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်နေကြောင်း၊ ထိုစစ်သားများမှာ ထိုနေရာကို စစ်ကူပေးရန် မတ္တရာမြို့ဘက်မှ လာကြခြင်းဖြစ်ကြောင်း သိရသည်။
ဆိုင်အတွင်း ရုပ်အလောင်း ၁၁ ခုကို စုပုံကာ စစ်ကောင်စီတပ်ကာ လာရာလမ်းအတိုင်း လှည့်ပြန်သွားခဲ့ကြောင်း ဒေသခံများတို့က ဆိုသည်။
ရေနံ့သာကျေးရွာအုပ်စုအတွင်း နေထိုင်သူ အမျိုးသားတစ်ဦးကလည်း ဆိုင်တွင် ရှိနေသူများမှာ သာမန် အရပ်သားများသာဖြစ်သည်ဟု ပြောသည်။
“လက်ဖက်ရည်ဆိုင်လေးက ဖွင့်ထားတာ မကြာသေးဘူး။ ရွာထဲက ပုံမှန် မနက်မိုးလင်း သွားစားသောက် သူတွေလည်း ပါတယ်၊ လမ်းသွားလမ်းလာတွေကလည်း သေနတ်သံတွေ ကြားနေလို့ ရှေ့ဆက်မသွားဘဲ၊ ဆိုင်မှာဝင် နားစွင့်နေရင်း ထိုင်နေကြသူတွေပါတယ်”ဟု လုံခြုံရေးအရ အမည်မဖော်လိုသော ထိုအမျိိုးသားက ရှင်းပြသည်။
ရုပ်အလောင်းများကို သက်ဆိုင်ရာ မိသားစုများက လာရောက် ယူဆောင်သွားခဲ့ကြောင်း သိရသည်။
သေဆုံးသူများတွင် အသက် ၁၈ နှစ်ခန့်အရွယ်မှ ၅၀ ကျော်အရွယ်ခန့်အထိ အရွယ်မျိုးစုံပါဝင်သည်ကို တွေ့ရသည်ဟု ဒေသခံတို့က ဆိုသည်။
သေဆုံးသူတို့၏ အမည်၊ နေရပ်တို့ကို Myanmar Now က ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။ စစ်ကောင်စီက အဆိုပါ ပစ်ခတ်မှုမျိုးနှင့် ပတ်သက်ပြီး သတင်းထုတ်ပြန်လေ့မရှိပေ။
နိုင်ငံအနှံ့တွင် လက်ဘက်ရည်ဆိုင်ထဲသို့ စစ်ကောင်စီလက်နက်ကိုင်တို့ ရောက်လာပြီး အလိုရှိသူများကို ဖမ်းဆီးခေါ်ဆောင်သွားမှုမျိုး ရံဖန်ရံခါ ဖြစ်ပွားတတ်သော်လည်း ဆိုင်အတွင်း အစုလိုက် အပြုံလိုက် သတ်ဖြတ်သွားခြင်းကိုမူ ယခင်က မတွေ့ခဲ့ရပေ။
အဆိုပါဖြစ်စဉ်မတိုင်မီ နံနက် ၅ နာရီခန့်အချိန်တွင် ဒေသတွင်းရှိ ပကဖ၊ ဒေသအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့များပါဝင်သည့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက မတ္တရာမြို့နယ်၏ မြောက်ဘက်အစွန် (မိုးကုတ်ကားလမ်းဘေး)ရှိ ပတ်လည်အင်းကျေးရွာ ဝင်ပေါက်တွင် တပ်စွဲနေထိုင်နေသည့် စစ်ကောင်စီတပ်စခန်းတစ်ခုကို စီးနင်းတိုက်ခိုက်ခဲ့သည်။
နှစ်ဖက်ထိတွေ့ တိုက်ပွဲ တစ်နာရီခန့်ကြာအောင် ဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ မောင်းပြန်ရိုင်ဖယ် ၃ လက် သိမ်းဆည်းရမိခဲ့ကြောင်း မတ္တရာမြို့နယ်ပကဖထံမှ သိရသည်။
စစ်တပ် အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ဇူလိုင်လ ၃၁ ရက်နေ့ထိ ၅ ဦးနှင့်အထက် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုပေါင်း ၁၄၄ မှု ရှိသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေး၀န်ကြီးဌာနက ပြီးခဲ့သည့် ဇူလိုင်လ ၃၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
ထိုသတ်ဖြတ်မှုပေါင်း အကြိမ် ၁၅၀ နီးပါးတွင် သေဆုံးသူ ၁၆၀၀ နီးပါးရှိသည်ဟုလည်း ဆိုသည်။
အလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းသည် ကြီးလေးသည့် ရာဇဝတ်မှုဖြစ်သည့်အပြင် လူသားမျိုးနွယ် တစ်ခုလုံးအပေါ်ကျူးလွန်သောရာဇဝတ်မှု၊ စစ်ပွဲဆိုင်ရာ ရာဇဝတ်မှု (War Crimes)၊ လူမျိုးသုဉ်းသတ်ဖြတ်မှုတို့တွင် အကျုံးဝင်သည်ဟုလည်း NUG က ဆိုသည်။
နိုင်ငံအတွင်း ပဋိပက္ခများပြင်းထန်လာချိန်တွင် အရပ်သားများကို အကာအကွယ်ပေးရန်၊ နိုင်ငံတကာလူသားချင်း စာနာမှုဥပဒေများကို လိုက်နာရန် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က နိုဝင်ဘာ ၁၅ ရက်တွင် တိုက်တွန်းထားသည်။ ပဋိပက္ခများကြောင့် အိုးအိမ်စွန့်ခွာပြေးကြရသည် ဒုက္ခသည်ပေါင်း နှစ်သန်းကျော်ရှိသည်ဟုလည်း ကုလက ဆိုသည်။



