မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ မန္တလေး-မိုးကုတ်ကားလမ်းမပေါ်တွင် ရွှေလုပ်ငန်းဖြင့် အသက်မွေးသူများ နေထိုင်ကြသည့် လိပ်ကျကျေးရွာကို ယမန်နေ့ (မေ ၁၉) နံနက်ပိုင်းတွင် လေတပ်က ဗုံးကြဲရာ ဆယ်ကျော်သက် တစ်ဦး ၁ ဦး သေဆုံးသွားသည်ဟု ဒေသခံများနှင့်ကာကွယ်ရေးအဖွဲ့များက ပြော သည်။
သေဆုံးသူမှာ အသက် ၁၅ နှစ်အရွယ် ယောကျာ်းလေး ဖြစ်သည်၊ ၁၅ နှစ်နှင့် ၃၀ အရွယ် အမျိုးသား ၂ ဦး ဒဏ်ရာ ပြင်းထန်စွာရခဲ့သည်၊ နေအိမ် ၃ လုံး နှင့် မော်တော်ယာဉ်၂ စီး ပျက်စီးခဲ့သည်ဟု ပြင်ဦးလွင် ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)ထံက သိရသည်။
“ဒဏ်ရာရတဲ့နှစ်ယောက်က ပေါင်နဲ့လက်ထိထားတယ်။ နည်းနည်းတော့ဒဏ်ရာပြင်းတယ်။ သေဆုံးတဲ့ ကလေးနဲ့ပတ်သက်လို့တော့ အသေးစိတ်မသိရသေးဘူးခင်ဗျ”ဟု ပြင်ဦးလွင်ခရိုင်(ပကဖ)သတင်း တာဝန်ခံက ပြောသည်။
နိုင်ငံအလယ်ပိုင်း စီးပွားရေးမြို့တော် မန္တလေးမြို့၏မြောက်ဘက် မိုင် ၇၀ ကျော်အကွာရှိ ထိုနေရာသို့ လာရောက်တိုက်ခိုက်သည့် စစ်လေယာဉ်မှာ မိတ္ထီလာရှမ်းတဲလေတပ်မှ တက်လာခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။
တော်လှန်ရေး အင်အားစုစိုးမိုးနယ်မြေတွင် နေထိုင်သည့်ပြည်သူများ လေကြောင်းရန် ကာကွယ်ရေး အတွက် ဗုံးခိုကျင်း မဖြစ်မနေ တူးထားကြရန် ပြင်ဦးလွင်ခရိုင်(ပကဖ)က အသိပေးထုတ်ပြန်ထားသည်။
ရွှေလုပ်ငန်းဖြင့်အသက်မွေးကြသည့် အဆိုပါ လိပ်ကျကျေးရွာသည် ၂၀၂၁ စစ်တပ် အာဏာမသိမ်းမီက ရောင်းဝယ်ဖောက်ကားသူများ၊ ခရီးသွားယာဉ်များနှင့် လူစည်ကားသည့်ကျေးရွာကြီးတစ်ရွာဖြစ်သည်။
အဆိုပါကျေးရွာများ တော်လှန်ရေးစိုးမိုးနယ်မြေဖြစ်လာပြီးနောက် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုရန်ကြောင့် ဒေသခံအများစုက နေရပ်ပြန်လည်နေထိုင်ခြင်း မပြုကြသေးပေ။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တပ်များ တိုက်ခိုက်သိမ်းပိုက်ထားသည့် သပိတ်ကျင်းမြို့နယ်တွင် စစ်ကောင်စီတပ်စခန်း ၃ ခု ကျန်ရှိနေရာ တိုက်ပွဲများဆက်ရှိနေပြီး စစ်ကောင်စီတပ်က လည်း ရွှေတူးဖော်သည့်နေရာများ၊ ကျေးရွာများကို လေကြောင်းမှ ပစ်မှတ်ထား တိုက်ခိုက်နေသည်။
အထူးသဖြင့် မတ်လဆန်းမှစတင်ကာ သပိတ်ကျင်းနှင့်စဉ့်ကူးရှိ တော်လှန်ရေးတပ်ဖွဲ့ဝင်များ အခြေစိုက် နေထိုင်သည်ဟု ယူဆသောနေရာများ၊ တော်လှန်ရေးအင်အားစု ငွေဝင်လမ်းကြောင်းဖြစ်သော ရွှေလုပ်ကွက်များကို ဆက်တိုက် ဗုံးကြဲနေသည်။
အရပ်သား အများအပြားရှိသည့် နေရာများ ပစ်မှတ်ထားခံနေရသည်ဟု ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) ၏ အထွေထွေအတွင်းရေးမှူး ရဲဘော်နီနီကျော်က ပြောသည်။
“သပိတ်ကျင်းဘက်တွေ၊ လိပ်ကျရွာတို့ဘက်တွေမှာက ရွှေတွင်းတွေရှိတယ်လေ။ အဲဒီဘက်တွေ၊ စဉ့်ကူး ဘက်တွေ အကုန်လုံးပေါ့နော်။ ရွှေလုပ်ကွက်တွေကို ဗုံးတွေချနေတယ်။ သူတို့က လူထုကို နေလို့မရအောင်၊ လုပ်ကိုင်စားသောက်လို့မရအောင် ခုလိုတွေဖျက်ဆီးနေတာ”ဟု သူက ပြောသည်။
ဧပြီလ သကြင်္န်ကာလအတွင်း လိပ်ကျကျေးရွာကို လေတပ်က ၃ ရက်ဆက် ဗုံးကြဲ ခဲ့စဉ် ကလေးငယ်များအပါအဝင် လူ ၁၃ ဦး သေဆုံးပြီး လူ ၂၀ ကျော် ဒဏ်ရာရခဲ့ကြသည်။ ရွာလယ် လူစည်ကားသည့်ဈေးဆိုင်တန်းများ ပစ်မှတ်ဖြစ်ခဲ့ခြင်းကြောင့် အထိအခိုက်များပြားခဲ့သည်။
ဧပြီ ၁၉ မွန်းလွဲတွင် လိပ်ကျရွာ အရှေ့တောင်ဘက်တစ်မိုင်ကျော်အကွာ ရေထွက်ကျေးရွာ ဗုံး ၂ လုံးကြဲချခံရသဖြင့် ကလေးများ အပါအဝင် အရပ်သား ၂၄ ဦး သေဆုံး၊ ၃၀ ဒဏ်ရာရကာ နေအိမ် ၂၅ လုံး မီးလောင်ပျက်စီးခဲ့သည်ဟု ဒေသခံများက ကနဦ်း ပြောကြသည်။
ထိုရွာရှိ ဓာတ်ဆီဆိုင် နှင့် လူစည်ကားရာနေရာသို့ ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည့်အတွက် လသား အရွယ် ကလေးများနှင့် အမျိုးသမီးများ အပါအဝင် ပြည်သူ ၃၂ ဦး သေဆုံးခဲ့ပြီး ၂၁ ဦး ဒဏ်ရာ ရရှိကာ ဓာတ်ဆီဆိုင်အပါအဝင် နေအိမ် ၂၄ လုံး မီးလောင်ပျက်စီးခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဧပြီ ၂၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

သပိတ်ကျင်းမြို့နယ်အတွင်းပင် ဧပြီလတစ်လထဲ၌ ဗုံးကြဲတိုက်ခိုက်မှုအကြိမ်ရေ ၂၀ကျော်ရှိခဲ့ပြီး လူ ၅၀ ကျော် သေဆုံးခဲ့သည်ဟု ပြင်ဦးလွင်ခရိုင်ပကဖက ဆိုသည်။
မေ ၇ ရက်နေ့ ဗုံးကြဲမှုကြောင့် ရေထွက်ရွာမှ သက်လတ်ပိုင်းအရွယ် အမျိုးသား ၁ ဦး သေဆုံးပြီး ၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
လက်ရှိတွင် သပိတ်ကျင်းခရိုင်တစ်ခုလုံးကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်( PLA)၊ ပြည်သူ့ကာကွယ် ရေးတပ်မတော်-မန္တလေး(MDY-PDF)တို့ နယ်မြေစိုးမိုးထားသည်။
“အဓိကက မြို့တွေကိုပဲ သိမ်းနိုင်ထားသေးတယ်။ အဲဒီမှာရန်သူတပ်စခန်းတွေကျန်နေသေးတယ်လေ။ သပိတ်ကျင်းနဲ့လည်းနီးတော့ ရန်သူကအဲဒီနားတွေမှာလာပြီး တိုက်နေတာတွေရှိတယ်။ လေယာဉ်နဲ့ ဗုံးကြဲ တာတွေရော လူထုကိုခြိမ်းခြောက်တာပေါ့နော်။ လူထုနေလို့မရအောင်…မနေရဲအောင်၊ ရှိတဲ့တပ်တွေကို လူထုက မထောက်ခံအောင်ပေါ့နော် သူတို့လေယာဉ်တွေနဲ့တိုက်နေတာ” ဟု PLA ၏ ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်သည့် ရဲဘော်နီနီကျော်က ပြောသည်။
မတ်လအတွင်း လေတပ်၏ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် နိုင်ငံအလယ်ပိုင်း စဉ့်ကူးမြို့နယ်၊ လက်ပန်လှ ရွာတွင် သေဆုံး သူ ၃၅ ဦးအထိ ရှိခဲ့သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ ကောက်ယူထားသော စာရင်းများအရ ၂၀၂၅ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှ မေ ၁၄ ရက်နေ့အထိ စစ်ကိုင်းတိုင်း ၊ မကွေးတိုင်း၊ မန္တလေးတိုင်းတို့မှ
၁၆၃ ဦး သေဆုံးခဲ့ရာ ထိုအထဲမှ ၁၁၇ ဦးမှာ လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးရခြင်းဖြစ်သည်။
ထိုသေဆုံးသူ စုစုပေါင်းအရေအတွက်တွင် အသက် ၁၈ နှစ်အောက် ကလေးငယ် ၅၀ခန့်ပါဝင်ကြောင်း လည်း ဖော်ပြထားသည်။



