အာဏာသိမ်းပြီးနောက် လက်လွှတ်ဆုံးရှုံးခဲ့ရသည့် နိုင်ငံအနောက်မြောက်ဘက်မှ ချင်းတောင်တန်းဒေသဘက်ကို အင်အား ၂၀၀ ခန့်ပါသော စစ်ကောင်စီတပ်ဖွဲ့ ချီတက်နေကြောင်း ဒေသခံများထံက သိရသည်။
မေ ၁၈ ရက်နေ့ ညပိုင်းတွင် ထိုစစ်ကြောင်း စစ်ကိုင်းတိုင်း ကလေးမြို့မှ ထွက်ခွာသွားခြင်း ဖြစ်သည်ဟု ဆိုသည်။
“သူတို့ကား ၁၅ စီးလောက်က (ကလေးမြို့) ကောလိပ်ထဲဝင်သွားပြီးတော့ တောင်ပေါ်လမ်း ဖြတ်လမ်း ကနေ တက်လာကြတာပါ” ဟု ဒေသအခြေစိုက် လှုပ်ရှားသည့် CDF (Civic Defense Militia- CDM Siyin) အဖွဲ့မှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။
“နောက်ကနေ ပစ်ကူပေးမယ့် ပွိုင့် ၅ တင်ထားတဲ့ ကားတစ်စီးလည်း တောင်ပေါ်ကို လိုက်လာတယ်။ ကျန်တဲ့ကားတွေကတော့ ကောလိပ်ထဲမှာ ထားတယ်”
အင်အားအလုံးအရင်းဖြင့် တက်လာနေသည့် ထိုစစ်ကြောင်းကို ဖြတ်တောက်နိုင်ရန် ဒေသတွင်း ချင်းတော်လှန်ရေးအင်အားစုက ကြိုတင်ပြင်ဆင်မှုများ လုပ်ထားသော်လည်း လက်ရှိအချိန်အထိ ထိတွေ့ တိုက်ပွဲဖြစ်ပွားခြင်း မရှိသေးဟု ဆိုသည်။
“ကိုယ့်ဘက်ကလည်း တတ်နိုင်သလောက် တော်တော်များများ တက်လာနိုင်ခြေရှိတဲ့ နေရာအားလုံးက ကြိုစောင့်ပြီးတော့ သတိရှိရှိနဲ့ ဖြတ်တောက်ရေးအတွက် လုပ်ထားတာတော့ရှိတယ်။ (စစ်ကြောင်း)က ဘယ်နေရာကို ဦးတည်လာလဲဆိုတာတော့ အတိအကျပြောဖို့ခက်သေးတယ်” ဟု ချင်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့၏ တာဝန်ရှိသူတစ်ဦးကပြောသည်။
ကလေးမြို့မှ ချင်းတောင်ပေါ်သို့ တက်သည့်လမ်းမှ အချက်အချာကျသည့် သိုင်းငင်းရွာကို ပြီးခဲ့သည့်နှစ် ဇန်နဝါရီလဆန်းပိုင်းတွင် တော်လှန်ရေးအင်အားစုများ ထိန်းချုပ်စိုးမိုးပြီးနောက် ကလေးမြို့ဘက်မှ တဆင့် မြေပြင် စစ်ကူအင်အား ဖြည့်တင်းနိုင်ခြင်းမရှိသည်မှာ တစ်နှစ်ကျော်ကြာမြင့်နေပြီဖြစ်သည်။
ကလေးမြို့မှ ချင်းတောင်သို့တက်လာပါက သိုင်းငင်းလမ်းဆုံသို့ ရောက်မည်၊ ထိုလမ်းဆုံ၏ မြောက်ဘက် ၂၆ မိုင်ခန့်တွင် တီးတိန်မြို့၊ တောင်ဘက်မိုင် ၅၀ ခန့်အကွာတွင် ဖလမ်းမြို့တို့ တည်ရှိသည်။
ထိုစစ်ကြောင်း ရှိနေသောကြောင့် ချင်းတောင်ပေါ်သို့ တက်ရာလမ်းကြောင်းဖြစ်သည့် ကလေး – သိုင်းငင်း လမ်းကို ယနေ့ နေ့လယ်မှစပြီး ယာယီပိတ်ထားမည်ဖြစ်ရာ ထိုလမ်းကြောင်း ကို အသုံးမပြုရန် CDF CDM Siyin က ဒေသခံများကို အသိပေးစာ ထုတ်ပြန်ထားသည်။
ချင်းတော်လှန်ရေးအင်အားစု စုဖွဲ့ထားသည့် ချင်းညီနောင်အဖွဲ့က ဖလမ်းမြို့ကို ထိုးစစ်ဆင်တိုက် ခိုက်ခဲ့ရာ စစ်တပ်က မြို့ကို လက်မလွှတ်ရရေး လေကြောင်းမှ အပြင်းအထန်ခုခံခဲ့သော်လည်း ဧပြီလ တွင် မြို့ကို လက်လွှတ်ခဲ့ရသည်။
မြို့နယ် ၉ ခုဖြင့်ဖွဲ့စည်းထားသည့် ချင်းပြည်နယ်တွင် ချင်းတောင်ပိုင်းရှိ မြို့နယ်များဖြစ်သည့် ပလက်ဝ၊ မတူပီ၊ မင်းတပ်၊ ကန်ပက်လက်တို့ကို ချင်းညီနောင်နှင့် ၎င်း၏ မဟာမိတ်ဖြစ်သည့် အာရက္ခ တပ်တော် က ပြီးခဲ့သည့်နှစ်ကုန်ပိုင်းကပင် သိမ်းပိုက်ထိန်းချုပ်ထားပြီးဖြစ်သည်။
ပြည်နယ် မြောက်ပိုင်း အိန္ဒိယ – မြန်မာနယ်စပ်ရှိ တွန်းဇံမြို့ကို ချင်းအမျိုးသားတပ်မတော်က ဦးဆောင်သည့် ချင်းပြည်ကောင်စီတပ်က သိမ်းပိုက်ထားသည်။
ထို့ကြောင့် ချင်းပြည်နယ်မြောက်ပိုင်းရှိ မြို့နယ်များအနက် စစ်တပ် ခြေကုပ်ယူထားနိုင်သည်မှာ တီးတိန်၊ မြို့တော် ဟားခါးနှင့် ထန်တလန်တို့သာ ကျန်ရှိတော့သည်။
ချင်းညီနောင်အဖွဲ့က ပြည်နယ် မြောက်ပိုင်းရှိ ဖလမ်းမြို့ကို သိမ်းပိုက်ပြီးနောက် တီးတိန်မြို့ကို ဆက်လက်ထိုးစစ်ဆင်မည်ဟု ကြေညာထားသည်။
စစ်တပ်က ဖလမ်းမြို့ကို ပြန်လည် ရယူနိုင်ရေးထက် တီးတိန်မြို့ကို လက်မလွှတ် ရရေးအတွက် အင်အားဖြည့်တင်းရန် ကြိုးစားနေခြင်း ဖြစ်နိုင်ကြောင်း တချို့က သုံးသပ်သည်။ သို့သော်လည်း ထိုစစ်ကြောင်း မည်သည့်မြို့ကို ဦးတည်မည်ကို ခန့်မှန်းရ ခက်နေကြသည်။
စစ်ကိုင်းငလျင်အပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် မေလကုန်အထိ ယာယီအပစ်ရပ် မည်ဟု စစ်တပ်က ထုတ်ပြန်ကြေညာထားသော်လည်း လေကြောင်းတိုက်ခိုက်မှုများ အရှိန်မြှင့်လုပ် နေသည့်နည်းတူ မြေပြင်စစ်ကြောင်းထိုး လှုပ်ရှားမှုများလည်း ဆက်တိုက်လုပ်ဆောင်နေသည်။



