ကချင်ပြည်နယ်တောင်ပိုင်း ဗန်းမော်မြို့တွင် စစ်ကောင်စီ၏ ရဟတ်ယာဉ်နှစ်စီးကို ယနေ့ (မေ ၂၀ ရက်) မွန်းလွဲတွင် ပစ်ချနိုင်ခဲ့ပြီး တစ်စီး အရေးပေါ်ဆင်းသက်ခဲ့ရသည်ဟု ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ထံက သိရသည်။
မွန်းလွဲ ၁ နာရီခန့်က တိုက်ပွဲပြင်းထန်နေသည့် ဗန်းမော်မြို့ပေါ်ကို စစ်ရဟတ်ယာဉ်သုံးစီး ဆင်းလာသည့် အတွက် KIA နှင့် ကချင်ဒေသပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက ဝိုင်းဝန်းပစ်ခတ်ခဲ့ကြသည်။
ရဟတ်ယာဉ် နှစ်စီး ထိမှန်သွားပြီး တစ်စီးမှာ ဗန်းမော်မြို့နှင့် ရွှေကူမြို့ကြား တောတွင်း၌ ပျက်ကျသွားပြီး တစ်စီးမှာ ရွှေကူမြို့တွင် အရေးပေါ်ဆင်းသက်ခဲ့ရသည်ဟု KIA ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ က ပြောသည်။
“ရဟတ်ယာဉ် သုံးစီးဆင်းတာကို ကျွန်တော်တို့ တပ်ပေါင်းစုဘက်ကနေ ဝိုင်းပစ်လို့ အဲဒီ ရဟတ်ယာဉ်နှစ်စီး ထိတဲ့ ပုံစံရှိပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ဆိုသည်။
“သုံးစီး ဆင်းတဲ့အထဲက နှစ်စီးထိတယ်၊ တစ်စီးကတော့ တောထဲမှာ ကျသွားတယ်၊ တစ်စီးကတော့ ရွှေကူ ဘက်မှာ အရေးပေါ်ဆင်းသွားတယ်ဆိုတာ ပထမ ကနဦးသတင်းကြားရပါတယ်”
အဆိုပါ ရဟတ်ယာဉ်တစ်စီးကမူ အကောင်းအတိုင်းပြန်လည်ထွက်ခွာသွားနိုင်ခဲ့သည်ဟု သိရသည်။
ပျက်ကျသည့် ရဟတ်ယာဉ်မှာ ရွှေကူမြို့အရှေ့ဘက် ၁၅မိုင်ခန့်ဝေးသည့် တောတွင်းနေရာဖြစ်ကြောင်း KIA က အတည်ပြုသလို ထိခိုက်သွားသည့် ရဟတ်ယာဉ်မှာ ရွှေကူမြို့တွင် ဆင်းသက်သွားသည်ဟု သိရ သည်။
ရဟတ်ယာဉ်များ ပစ်ချခံရမှုနှင့် ပတ်သက်ပြီး ဗန်းမော် စစ်မြေပြင်ရှိ တော်လှန်ရေး ဒရုန်းတပ်ဖွဲ့ဝင်များကို ကိုးကားပြီး KIA နှင့် နီးစပ်သူ ဒေသခံ အမျိုးသားတစ်ဦးကလည်း အတည်ပြုသည်။
“တစ်စီးကတော့ ပျက်ကျ၊ တစ်စီးကတော့ အရေးပေါ်ဆင်းသက်တယ်တဲ့ ထိတော့ထိတယ်တဲ့။ ဒါပေမယ့် အဲဒီနေရာတွေက အရေးပေါ်ဆင်းသက်ဆိုရင်တော့ မလွယ်တော့ဘူး အဲဒီနေရာတွေကုန်လုံးက ကျွန်တော် တို့ဘက်က သိမ်းထားတဲ့နေရာဆိုတော့ (ပိုင်းလော့) သေဖို့များတယ်” ဟု အဆိုပါ သတင်းရင်းမြစ်က ပြော သည်။
ဗန်းမော်မြို့ကို KIA၊ အာရက္ခတပ်တော်(AA)၊ KPDF နှင့် အခြားပူးပေါင်းတပ်များက ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၄ ရက်မှစတင်ကာ မြို့သိမ်းတိုက်ပွဲဆင်နွှဲနေခြင်းဖြစ်သည်။
မြို့ပေါ်နေရာအများစုနှင့် စခန်းအများအပြားကို လက်လွှတ်ထားရသည့် စစ်ကောင်စီတပ်က ဗန်းမော်မြို့ ကို လက်မလွှတ်ရရေး အပြင်းအထန်ခုခံနေရာ လေကြောင်းနှင့် ဒရုန်းများကိုအသုံးပြုပြီး ဗုံးကြဲခြင်း စစ်ကူ၊ ရိက္ခာနှင့် လက်နက်ခဲယမ်းများပို့ဆောင်ခြင်းများ ပြုလုပ်နေသည်။
မေလ ၈ ရက်နှင့် ၉ ရက်နေ့များကလည်း စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် KIA တပ်ပေါင်းစုများ ကယ်ထုတ်နေသည့် ဒေသခံ စစ်ရှောင် ၁၇ ဦးသေဆုံးပြီး ၃၀ ကျော်ဒဏ်ရာရခဲ့သည်။
KIA သည် အာဏာသိမ်းစ ၂၀၂၁ မေ ၃ ရက်ကတည်းက ကချင်ပြည်နယ် မိုးမောက်မြို့နယ် မြို့သစ်နှင့် ကုန်းလောကြားအတွင်း စစ်ရဟတ်ယာဉ်တစ်စီးကို ပစ်ချနိုင်ခဲ့သည်။ ထိုသို့ပစ်ချခံရသဖြင့် လေတပ်မှ အရာရှိစစ်သည်သုံးဦး ဆုံးရှုံးသည်ဟု မေလ ၇ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် စစ်ကောင်စီတာဝန်ရှိသူ က ထုတ်ဖော်ဝန်ခံခဲ့သည်။
ထို့အတူ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာတွင် ဗုံးလာကြဲသည့် စစ်ကောင်စီ တိုက်လေယာဉ်တစ်စီးကို ၂၀၂၄ ဇန်ဝါရီ ၁၆ ရက်တွင် KIA ပစ်ချနိုင်ခဲ့သည်။
KIA ကဲ့သို့ တော်လှန်ရေးတပ်များကလည်း စစ်ကောင်စီလေယာဉ်များကို ပစ်ချနိုင်ခဲ့သည့်ဖြစ်ရပ်များ ရှိခဲ့သည်။
၂၀၂၃ နိုဝင်ဘာလအတွင်း ကရင်နီဒေသ (ကယားပြည်နယ်) ဖရူဆိုမြို့နယ်အတွင်း တိုက်လေယာဉ်တစ်စီး ပစ်ချခံရကာ လေယာဉ်မှူး ဗိုလ်မှူးကို တော်လှန်ရေးအင်အားစုများက ဖမ်းဆီးထားသည်။ ထို့အတူ ၂၀၂၃ ဇူလိုင်ကလည်း ကရင်နီဒေသ ဘောလခဲမြို့နယ်တွင် စစ်လေယာဉ်တစ်စီးကို ဒေသအခြေစိုက် တော်လှန် ရေးအဖွဲ့က ပစ်ချနိုင်ခဲ့သည်။
၂၀၂၄ နိုဝင်ဘာ ၁၀ ကလည်း ရခိုင်ပြည်နယ် ၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) တည်ရှိရာ အမ်းမြို့ သို့ လာသည့် စစ်ရဟတ်ယာဉ်တစ်စီး အာရက္ခတပ်တော် (AA) က ပစ်ခတ်ခဲ့သဖြင့် မကွေးတိုင်းအတွင်း အရေးပေါ် ဆင်းသက်ခဲ့ရသည်။

၂၀၂၂ ခုနှစ် ဒီဇင်ဘာ – ၁၅ ရက်နေ့က မိတ္ထီလာ လေတပ်စခန်းတွင် ပြုလုပ်သော အသစ်ရောက်လာသည့် လေယာဉ်နှင့် ရဟတ်ယာဉ်များ မိတ်ဆက်ပွဲမှ မြင်ကွင်းတစ်ခု။ (ဓာတ်ပုံ – စစ်ကောင်စီ)



