သတင်း

ထိုင်းနှင့်ကုန်သွယ်ရေးတွင် နယ်စပ်ဂိတ်တစ်ခုနှင့် ရေလမ်းကြောင်းသာ စစ်တပ်ထိန်းချုပ်နိုင်တော့

မြန်မာနှင့် ထိုင်းနယ်စပ်တွင် တရားဝင်နယ်စပ်ကုန်သွယ်ရေးစခန်းကြီး ၆ ခု၊ လျာထားစခန်း ၃ ခုရှိပြီး စစ်ကောင်စီက တာချီလိတ်နယ်စပ်နှင့် တနင်္သာရီတိုင်း ကော့သောင်း-ရနောင်းရေလမ်းကြောင်းကိုသာ ထိန်းချုပ်နိုင်တော့သည်။

မိုင်ပေါင်း ၁,၅၀၀ ကျော် နယ်နမိတ်ချင်းထိဆက်နေသည့် မြန်မာနှင့် ထိုင်းနယ်စပ်တွင် နှစ်နိုင်ငံနယ်စပ် ကုန်သွယ်ရေးအတွက်ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်နယ်စပ်နှင့် တနင်္သာရီတိုင်း ကော့သောင်း-ရနောင်းရေလမ်းကြောင်းကိုသာ စစ်ကောင်စီကထိန်းချုပ်နိုင်တော့ကြောင်း တော်လှန်ရေးတပ်များက ပြောသည်။

မြန်မာနှင့် ထိုင်းနယ်စပ်တွင် တရားဝင် နယ်စပ်ကုန်သွယ်ရေးစခန်းကြီး ၆ ခု၊ လျာထားစခန်း ၃ ခုရှိသည်။ ယခုအခါ တိုင်းရင်းသားတော်လှန်ရေးတပ်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပူးပေါင်းတပ်များက နယ်စပ်တစ်လျှောက်ရှိ အာဏာသိမ်းစစ်ကောင်စီ၏ တပ်စခန်းကြီးငယ်များကို တိုက်ခိုက်သိမ်းပိုက်၍ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများကို ထိန်းချုပ်လာခြင်းဖြစ်သည်။

ထိုင်းနှင့်မြန်မာနယ်စပ်တွင် တရားဝင်နယ်စပ်စခန်းများအဖြစ် မြဝတီ၊ တာချီလိတ်၊ ထီးခီး၊ မောတောင်၊ မြိတ်နှင့် ကော့သောင်းဂိတ် ၆ ခုရှိပြီး လျာထားစခန်းများအဖြစ် ဘုရားသုံးဆူ၊ မယ်စဲ့နှင့် ပုံပါကျင်ဆူနယ်စပ်ဂိတ်ဟူ၍ ၃ ခုရှိကြောင်း စီပွားကူးသန်းဌာန၏ စာရင်းများအရ သိရသည်။ 

နိုင်ငံတောင်ပိုင်းရှိ သက်တမ်းရင့် တော်လှန်ရေးအဖွဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU) ၏ တပ်မဟာ ၇ ခု အနက် တပ်မဟာ ၄(ထားဝယ်ခရိုင်)၊ တပ်မဟာ ၅ (ဖာပွန်ခရိုင်)၊ တပ်မဟာ ၆ (ဒူးပလာယာခရိုင်၊ မွန်ပြည်နယ် ရေးမြို့နယ်)နှင့် တပ်မဟာ ၇(ဘားအံခရိုင်) လှုပ်ရှားနယ်မြေများသည် ထိုင်းနှင့် ထိဆက်လျှက်ရှိပြီး နယ်စပ်ဒေသ ၈၀ ရာခိုင်နှုန်းနီးပါးကို ထိန်းချုပ်ထားနိုင်ပြီဟု တပ်မဟာ ၄နယ်မြေ KNU  မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။

အဆိုပါ KNU တပ်မဟာ ၄ ခုလှုပ်ရှားနယ်မြေတွင် ကုန်သွယ်မှုအကြီးဆုံးဖြစ်သည့် မြဝတီ၊ ထီးခီး၊ မောတောင်၊ မြိတ်နှင့် ကော့သောင်းနယ်စပ်ကုန်သွယ်ရေး ၅ ခုရှိသည်။ ထိုနယ်မြေများရှိ ကုန်းမြေချင်းထိဆက်နေသည့် နယ်စပ်ဂိတ်အားလုံးနီးပါးကို စစ်ကောင်စီက လက်လွှတ်ထားရသည်ဟုလည်း ပဒိုစောအယ်နားက ပြောသည်။

မြိတ်နှင့် ကော့သောင်း နယ်စပ်ကုန်သွယ်ရေးစခန်းမှာ ကုန်းမြေချင်ထိဆက်နေသည့် နယ်စပ်ဂိတ်မရှိဘဲ ပင်လယ်ရေလမ်းကြောင်းမှကုန်စည်များတင်ပို့နေခြင်းဖြစ်သည်။ 

“အခု စကစ (စစ်ကောင်စီ)နဲ့ ထိုင်းနဲ့လုပ်နိုင်တာကတော့ ကော့သောင်းပေါ့နော်။ ပင်လယ်ကုန်သွယ်ရေးတစ်ခုပဲ ကျန်တာပေါ့နော်။ကျွန်တော်တို့ ဥပမာ ဒီထက်ပိုပြီးတော့ ထိန်းချုပ်နိုင်ရင် မြန်မာနဲ့ထိုင်းဘက်ကတော့ ကော့သောင်း ရနောင်းဘက်ခြမ်းကကုန်သွယ်ရေးတစ်ခုပဲကျန်တယ်။ အဲဒီကုန်းမြေမှန်သမျှတော့ ကျွန်တော်တို့ အကုန်လုံးထိန်းချုပ်နိုင်မယ်ဆိုရင် ထိုင်းဘက်ကတော့ကျွန်တော်တို့နဲ့ တစ်မျိုးမျိုး သူတို့ရဲ့ မူဝါဒတော့ ပြန်စဉ်းစားရမှာပေါ့နော်” ဟု ပဒိုစောအယ်နားက ပြောသည်။

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် မေတ္တာမြို့နယ်ခွဲအတွင်းရှိပြီး ထိုင်းနိုင်ငံဘက်အခြမ်း ဖူနန်ပရွမ်ရွာနှင့် ထိဆက်နေသည့် ထီးခီးနယ်စပ်ကုန်သွယ်ရေးစခန်းကို ကရင်အမျိုးသားအစည်းအရုံး (KNU/KNLA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)တို့က  ၁၀ရက်ကြာထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် မေ ၉ တွင် သိမ်းပိုက်နိုင်ခဲ့သည်။

 ထီးထဗျူဟာစခန်းနှင့် ထီးခီး ဗျူဟာစခန်းမှ သိမ်းပိုက်ရရှိထားသောလက်နက်များနှင့် တွေ့ရသော ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) နှင့် ကရင်အမျိုးသား ကာကွယ် ရေး တပ်ဖွဲ့ (K.N.D.O) ဦးဆောင်သော တော်လှန်ရေးပူးပေါင်းတပ်များ (ဓာတ်ပုံ – KNU)

ထီးခီးနယ်စပ်စခန်း၏ တောက်ဘက် တနင်္သာရီမြို့နယ် (ဘိတ်မြို့အနီး)ရှိ မောတောင်နယ်စပ် ကုန်သွယ်ရေးစခန်းအနီး ၂၀၂၄ မှစ၍တိုက်ပွဲများပြင်းထန်နေပြီး ကုန်သွယ်မှုများလည်း ရပ်ဆိုင်းနေသည်။ ထိုင်းနိုင်ဘက်အခြမ်း၊ ပရာကျွတ်ကရိခမ်ခရိုင်၊ ဒန်ဆင်ခွန်းဒေသနှင့် ထိဆက်နေသည့် မောတောင်နယ်စပ် ကုန်လမ်းကြောင်းကို တော်လှန်ရေးတပ်များက စိုးမိုးထိန်းချုပ်ထားပြီး စစ်ကောင်စီတပ်များ မောတောင်မြို့ပေါ်တွင်သာ ရှိတော့သည်ဟု တော်လှန်ရေးတပ်များက ပြောသည်။ 

နှစ်စဉ်ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၂ ဘီလျံနီးပါးရှိပြီး ထိုင်းနယ်စပ်တွင် အကြီးဆုံးကုန်သွယ် ရေးစခန်းရှိရာ မြဝတီကုန်သွယ်ရေးစခန်းနှင့် ကုန်သွယ်ရေးလမ်းကြောင်းကို တိုင်းရင်းသားလက်နက်ကိုင် တပ်များနှင့် စစ်ကောင်စီတပ်တို့က အပိုင်းလိုက်ထိန်းချုပ်ထားသည်။ 

“နယ်စပ်တစ်လျှောက်မှာ စီပွားရေး၊ ကုန်သွယ်ရေးအများဆုံးက မြဝတီနယ်စပ်ပေါ့နော်။ မြဝတီနယ်စပ်က ထိန်းချုပ်နိုင်သော်လည်းပဲBGF(ကရင်နယ်ခြားစောင့်တပ်) လည်းရှိတော့ လုံးဝ ၁၀၀ ရာခိုင်နှုန်း စီမံခန့်ခွဲ လို့မရဘူး။ ထိန်းချုပ်လည်း မထိန်းချုပ်နိုင်ဘူး။ ဒါပေမယ့် တစ်ခြား နယ်တွေကျတော့ တခြားတပ်မဟာတွေ ထိန်းချုပ်နိုင်တယ်” ဟု ပဒိုစောအယ်နားက ပြောသည်။ 

“ကျွန်တော်တို့ ထိန်းချုပ်နိုင်တဲ့ နယ်စပ်တစ်လျှောက်မှာ အထူးသဖြင့် တော်လှန်ရေးအတွက် အကျိုးရှိဖို့ ကျွန်တော်တို့ ကရင်ပြည်သူလူထုတွေ၊ ကရင်တော်လှန်ရေးတွေ အကုန်လုံးတွေ ကျွန်တော်တို့ ဆုံးရှုံးနေတဲ့ နယ်မြေကို ပြန်ရတဲ့အတွက်ရော ကျွန်တော်တို့ကတော့ အဲ့ဒီအောင်မြင်မှုတစ်ခုပဲ” 

ပြီးခဲ့သည့်နှစ် ၂၀၂၄ ဧပြီလတွင် KNU နှင့် တော်လှန်ရေးပူးပေါင်းတပ်များက နယ်စပ်ကုန်သွယ်ရေးမြို့ မြဝတီကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ သို့သော်လည်း မြို့ပေါ်မှ ပြန်လည်ဆုတ်ခွာရပြီး စစ်ကောင်စီနှင့် ၎င်း၏ မဟာမိတ် ကရင်နယ်ခြားစောင့်တပ်(BGF) အမည်ပြောင်း ကရင်အမျိုးသားတပ်မတော် (Karen National Army -KNA) တို့က ပြန်လည်ဝင်ရောက်နိုင်ခဲ့သည်။ 

ထိုင်းနှင့်နယ်စပ် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ တရားဝင်နယ်စပ်ဂိတ်အဆင့် မရောက်သေးသည့်  ဘုရားသုံးဆူနယ်စပ်ကို ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် DKBA အဖွဲ့က အဓိကထိန်းချုပ်ထားသည်။

ထို့ပြင် အခြားနယ်စပ်ဂိတ်ဖြစ်သော ကရင်နီ(ကယား) ပြည်နယ်အတွင်းရှိ မယ့်စဲ့ကုန်သွယ်ရေးစခန်းကို ၂၀၂၄ ဇွန်လတွင် စစ်ကောင်စီက ကရင်နီတော်လှန်ရေးတပ်ပေါင်းစုထံသို့  လက်လွှတ်ပေးခဲ့ရသည်။ ထိုင်းနယ်စပ်တစ်ကြောတွင် စစ်ကောင်စီကင်းစင်လာသည်နှင့်အမျှ ထိုင်းအစိုးရဘက်က ဒေသတွင်းရှိ တိုင်းရင်းသားတော်လှန်ရေးတပ်များနှင့် မဖြစ်မနေ ထိတွေ့ဆက်ဆံလာရဖွယ်ရှိသည်။

နယ်စပ်ကုန်သွယ်ရေးအတွက် ထိုင်းဘက်ကကမ်းလှမ်းလာပါက ပြည်သူလူထုအတွက် အကျိုးရှိစေမည့် မည်သည့်လုပ်ငန်းများမဆိုဆောင်ရွက်ရန် မူဝါဒရှိကြောင်း KNU ပြောရေးဆိုခွင့်ရှိသူ ပဒို ကလယ်စေးက ပြောသည်။

“ထိုင်းဘက်က ကမ်းလှမ်းလာသမျှအားလုံးကို သေချာစဉ်းစားပြီးတော့ ပြည်သူလူထုအတွက် အကျိုးရှိစေမယ့် ကုန်သွယ်မှုလုပ်ငန်းမျိုး၊ ဘယ်လုပ်ငန်းများမဆိုပေါ့နော် အားလုံးဆောင်ရွက် သွားမယ်ဆိုတာ မူဝါဒထဲမှာရှိပြီးသား ဖြစ်ပါတယ်” ဟု သူက ဆိုသည်။ 

နယ်စပ်တစ်ကြော၌ တော်လှန်ရေးတပ်များထိန်းချုပ်မှုကျယ်ပြန်လာသည်နှင့် စစ်ရေး၊ နိုင်ငံရေးအတွက် ပိုမိုလွတ်လွတ်လပ်လပ်လှုပ်ရှားနိုင်မည့်အပြင် ထိုင်းအစိုးရနှင့်ဆက်ဆံရာတွင် တော်လှန်ရေးတပ်များ၏ အခန်းကဏ္ဍ ပိုမိုအရေးပါလာမည်ဖြစ်သည်။ ထိုအချက်သည် စစ်ကောင်စီအတွက် အလွန်ကြီးမားသည့် ခြိမ်းခြောက်မှုလည်းဖြစ်နိုင်သည်ဟု တော်လှန်ရေးတပ်များက ဆိုသည်။

ထိုင်းနယ်စပ်ဂိတ်များတစ်ခုပြီးတစ်ခု ဆုံးရှုံးလာရသည့် စစ်ကောင်စီသည် နယ်စပ်ကုန်သွယ်ရေးအတွက် ရေလမ်းကြောင်းကို ပိုမိုအသုံးပြုရန် ရန်ကုန်-ကော့သောင်း-ရနောင်း ရေလမ်းကြောင်းကို ၂၀၂၄ ဧပြီတွင် စတင်ခဲ့ကြောင်း အမည်မဖော်လိုသည့် စီးပွားရေးလေ့လာသူ အမျိုးသားတစ်ဦးက ပြောသည်။

နယ်စပ်ကုန်သွယ်ရေး နည်းလမ်းသစ်တစ်ခုအဖြစ် ထိုင်းနယ်စပ်ရှိ ကမ်းရိုးတန်းဆိပ်ကမ်းများမှ ရန်ကုန်မြို့အထိ ကွန်တိန်နာသင်္ဘောများဖြင့် ကုန်သွယ်နိုင်ရန် စီစဉ်နေသည်ဟု စစ်ကောင်စီ လက်အောက်ခံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြီးခဲ့သည့်နှစ် ဧပြီ ၁၁ ရက်နေ့တွင် ထုတ်ပြန်သည်။ နယ်စပ်ကုန်သွယ်မှုတွင် အကန့်အသတ်ဖြင့်သာ ဆောင်ရွက်နေရသည့် အခြေအနေကိုကျော်လွှားရန် ရည်ရွယ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရှမ်းပြည်နယ် တာချီလိတ်နယ်စပ်မှ ကုန်စည်တင်သွင်းနိုင်သော်လည်း ပြည်မဒေသသို့ရောက်ရန် လမ်းကြောင်းရှည်ပြီး လမ်းမကောင်းသဖြင့် အခက်ခဲရှိနိုင်ကြောင်း စီးပွားရေးလေ့လာသူ အမျိုးသားတစ်ဦးက  ပြောသည်။

နယ်စပ်ကုန်သွယ်ရေးလမ်ကြောင်းကို တော်လှန်ရေးတပ်များ ထိန်းချုပ်နိုင်ခြင်းကြောင့် အခွန်ငွေကြေးနှင့် ထိုင်းအစိုးရနှင့်ဆက်ဆံရာတွင် နိုင်ငံရေးအရ အကျိုးအမြတ်ရနိုင်သည်ဟုလည်း အထက်ပါ အမျိုးသားက ပြောသည်။

မြန်မာသည့် ထိုင်း၊ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေရှ်၊ လာအိုတို့နှင့် နယ်နမိတ်ချင်း ထိဆက်နေပြီး  နယ်စပ်ကုန်သွယ်ရေးစခန်းများဖွင့်၍ ကုန်သွယ်နေသည့် နိုင်ငံလည်းဖြစ်သည်။

အရပ်သားအစိုးရက ဖြုတ်ချကာ စစ်တပ်က အာဏာသိမ်းပြီးနောက် နယ်စပ်ဒေသအသီးသီးရှိ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များက ဝိုင်းပတ်ပိတ်ဆို့တိုက်ခိုက်ကာ နယ်စပ်လမ်းကြောင်းများကို ထိန်းချုပ်ထားသဖြင့် စစ်ကောင်စီ စီမံခန့်ခွဲသည့် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ အပြည့်အဝ မလည်ပတ်နိုင်တော့ပေ။

Related Articles

Back to top button