မတ်လအတွင်း လှုပ်ခတ်ခဲ့သည့် ငလျင်အပြီး အပစ်အခတ်ရပ်စဲထားသည်ဟု ကြေညာထားသော်လည်း လူပေါင်း ဒါဇင်နှင့်ချီသေဆုံးသည့် လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်နေသည့် စစ်ကောင်စီကို အပစ်အခတ်ရပ်စဲရန် မလေးရှာနိုင်ငံတွင်းပြုလုပ်သော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ မြန်မာ့အရေး အထူးပြုဆွေးနွေးပွဲတွင် မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ထပ်မံနားချ ပြောဆိုသည်။
ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုများအတွက် စစ်ကောင်စီက ယခုမေလကုန်အထိ အပစ်အခတ် ရပ်စဲထားမည်ဟု ကြေညာချက်ကို ထပ်မံသက်တမ်းတိုးရန်၊ ကျယ်ပြန့်သည့် အပစ်အခတ်ရပ်စဲမှုများ ပြုလုပ်ရန် မေလ ၂၅ ရက်ကပြုလုပ်သည့် ထိုအစည်းအဝေးတွင် မလေးရှား နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန်က တိုက်တွန်းခဲ့ခြင်းဖြစ်သည်။
ထို့သို့ တိုက်တွန်းသည့်နေ့တွင်ပင် ပဲခူးတိုင်းအရှေ့ခြမ်း ကျောက်ကြီးမြို့နယ်အတွင်း မင်္ဂလာပွဲတစ်ခုကို လေတပ်က ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် သတို့သမီးနှင့် ၅ နှစ်အရွယ်ကလေးငယ် နှစ်ဦးအပါအဝင် ၁၂ ဦး သေဆုံးသွားခဲ့သည်ဟု ကရင်အမျိုးသားအစည်းအရုံး KNU က ထုတ်ပြန်သည်။ ထိုတိုက်ခိုက်မှုတွင် အသက်မပြည့်သေးသူ ၁၃ ဦးအပါအဝင် ဒေသခံ ၃၇ဦး ဒဏ်ရာအပြင်းအထန်ရသွားသည်ဟုလည်း KNU ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
စစ်ကောင်စီသည် မတ်လ ၂၈ ရက်နေ့ ငလျင်ကြီးအပြီး ဧပြီ ၂ ရက်နေ့တွင် အပစ်အခတ် ၂ လတာ ရပ်နားမည်ဟု ကြေညာခဲ့သည်။ သို့သော် ထိုသို့အပစ်အခတ်ရပ်စဲသည်ဟု ကြေညာထားစဉ်အတွင်း လေကြောင်းတိုက်ခိုက်မှု ၁၇၁ ကြိမ်အပါအဝင် တိုက်ခိုက်မှုပေါင်း ၂၄၃ ကြိမ် ပြုလုပ်ခဲ့သည်ဟု ကုလသမဂ္ဂက မေလ ၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ထိုတိုက်ခိုက်မှုများတွင် အရပ်သား ၂၀၀ ကျော် သေဆုံးသည်ဟုလည်း ကုလက ဆိုသည်။

အဆိုးရွားဆုံးဖြစ်ရပ်မှာ မေလ ၁၂ ရက်နေ့တွင် ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းရွာ စာသင်ကျောင်းကိုတိုက်ခိုက်ခြင်းသည်။ အိုးတိန်တွင်းရွာ စာသင်ကျောင်းတွင် စာမေးပွဲဖြေရန် ပြင်ဆင်နေသည့်ကလေးများနှင့် ဆရာ၊ ဆရာမများ စုဝေးနေစဉ် တိုက်ခိုက်ခံရခြင်းဖြစ်သည်။ ထိုတိုက်ခိုက်မှုကြောင့် ကျောင်းသူကျောင်းသား ၂၂ ဦး၊ ဆရာမ ၂ ဦး သေဆုံးသွားခဲ့သည်။
ထို့နောက် မေ ၁၅ ရက်တွင် မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ ကျေးရွာတစ်ရွာကို တိုက်ခိုက်မှုတွင် အရပ်သား ၄ ဦးသေဆုံးသွားသည်။ မေ ၁၄ ရက်နှင့် ၁၅ ရက်များတွင် ရခိုင်ပြည်နယ်ရှိ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ကျောက်တော်မြို့နှင့် ရသေ့တောင်မြို့တို့လည်း တိုက်ခိုက်ခံရသဖြင့် ကလေးများအပါအဝင် ၁၅ ဦး သေဆုံးခဲ့ပြီးဒဏ်ရာရသူ ၂၈ ဦး ရှိခဲ့သည်။
မေ ၁၇ နှင့် ၁၈ ရက်နေ့တို့တွင် နိုင်ငံအလယ်ပိုင်း စစ်ကိုင်း၊ မကွေးတိုင်းနှင့် ချင်းပြည်နယ်တို့တွင် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးများအပါအဝင် ၉ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရသွားခဲ့ကြသည်။
ထိုသို့ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများ ပိုမိုဆိုးရွားလာခြင်းကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ NUG ထိန်းချုပ်နယ်မြေများရှိ စာသင်ကျောင်းများတွင် စာသင်ကြားမှု ယာယီရပ်နားထားရန် NUG ယမန်နေ့ (မေ ၂၆ရက်နေ့) တွင် ညွှန်ကြားချက် ထုတ်ပြန်ခဲ့ရသည်။

လတ်တလော မလေးရှားနိုင်ငံတွင် ကျင်းပနေသည့် အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများအစည်းအဝေးတွင် မြန်မာနိုင်ငံပဋိပက္ခအဆုံးသတ်နိုင်ရန် အမြဲတမ်း အထူးသံတမန်တစ်ဦး ခန့်အပ်သွားမည်ဟု မလေးရှား နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန်က ဆိုသည်။
“ဒီအဆိုပြုချက်ကို ဆွေးနွေးကြဖို့ အားလုံး သဘောတူကြတယ်။ ဘာမှ ကန့်ကွက်တာမရှိဘူး။ သုံးနှစ်သက်တမ်းဖြစ်နိုင်မယ့်အမြဲတမ်းအထူးသံတမန်အဖြစ် ဘယ်သူ့ကို ခန့်အပ်မလဲဆိုတာပဲ ဆွေးနွေးကြမှာ ဖြစ်ပါတယ်” ဟု ဟာဆန်က ပြောသည်။
သို့သော် အာဆီယံက ခန့်အပ်မည့် အမြဲတမ်းကိုယ်စားလှယ် မတိုင်မီ မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ်များသည်ပင် စစ်ကောင်စီကို နားမချနိုင်ခဲ့သည်ကို တွေ့ရသည်။
ဒေါက်တာနိုလင်းဟေဇာသည် ၂၀၂၁ ခုနှစ် အောက်တိုဘာလတွင် မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ခံရပြီး လပေါင်း ၂၀ အကြာ ၂၀၂၃ ခုနှစ် မေလ ၃၁ ရက်တွင် ရာထူးမှ နုတ်ထွက်သွားခဲ့သည်။
၂၀၂၂ ခုနှစ် ဩဂုတ်လအတွင်း ကုလကိုယ်စားလှယ် နေပြည်တော်သို့သွားရောက်စဉ် စစ်ခေါင်းဆောင်နှင့် တွေ့ဆုံပြီး ဖမ်းဆီးထောင်ချခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရန် တောင်းဆိုခဲ့သော်လည်း စစ်ခေါင်းဆောင်က ခွင့်မပြုခဲ့ပေ။
လေကြောင်းတိုက်ခိုက်မှုများမလုပ်ရန်၊ ပြည်သူတို့၏ နေအိမ်များ မီးရှို့ဖျက်ဆီးခြင်း မလုပ်ရန် သူ၏ခရီးစဉ်အတွင်း စစ်ခေါင်းဆောင်ထံ တောင်းဆိုခဲ့သည်။
သို့သော် စစ်ခေါင်းဆောင်က ယင်းဦးဆောင်သည့် စစ်အစိုးရကို ကုလသမဂ္ဂက အသိအမှတ်မပြုခြင်းအတွက် အပြစ်တင်ထားပြီး လေကြောင်းတိုက်ခိုက်မှုများမှာ သောင်းကျန်းသူများ တည်ရှိရာနေရာသို့ ပစ်မှတ်ထားတိုက်ခိုက်ခြင်းဟု ဆိုသည်။နေအိမ်များ မီးရှို့သူများမှာ သူ့လက်အောက်ခံ တပ်သားများမဟုတ်ဟု ပြောသည်။
ထိုသို့သောအခြေအနေများ ပေါ်ပေါက်နေစဉ် နိုလင်းဟေဇာထံ ကုလကပေးထားသည့် လုပ်ပိုင်ခွင့်အာဏာများ ရုတ်သိမ်းရန် ၂၀၂၂ ခုနှစ် ဩဂုတ်လတွင် ပြည်တွင်း၊ နယ်စပ်ဒေသနှင့် နိုင်ငံတကာ အရပ်ဘက်လူထုအဖွဲ့အစည်း ၈၆၄ ဖွဲ့ကတောင်းဆိုခဲ့ကြသည်။
ထို့နောက် သူ၏ ရာထူးသက်တမ်းအတွင်း မြန်မာ့အရေးနှင့် ပတ်သက်၍ တိုးတက်ဖြစ်ထွန်းအောင် ဆောင်ရွက်ပေးနိုင်ခြင်း မရှိဘဲ ရာထူးသက်တမ်း ကုန်ဆုံးသွားခဲ့သည်။

နိုလင်းဟေဇာ၏ ရာထူးကို ဆက်လက်လက်ခံသူမှာ အထူးကိုယ်စားလှယ် ဂျူလီဘိရှော့ (Julie Bishop) ဖြစ်သည်။ သူသည်လည်း တရုတ်အစိုးရနှင့်ဆက်နွယ်ခြင်း၊ သြစတြေးလျနိုင်ငံအခြေစိုက် မြေရှားသတ္တုတူးဖော်ရေး ကုမ္ပဏီတွင် ပါဝင်ခြင်း စသည့် အကျိုးစီးပွားပဋိပက္ခအတွက် အငြင်းပွားမှုများ ပေါ်ပေါက်နေသည်။
ဂျူလီဘိရှော့သည် ၂၀၂၄ ခုနှစ် ဧပြီလတွင် မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ခံရသည်။ သူ၏ ရာထူးသက်တမ်း တစ်နှစ်ကျော်လာပြီဖြစ်သော်လည်း မြန်မာနိုင်ငံနှင့် ပတ်သက်သည့်သူ၏ စွမ်းဆောင်ရည်ကို မှန်းဆရခက်နေသေးသည်။ ပြီးခဲ့သည့် ဧပြီလတွင် ငလျင်ဒဏ်သင့် ဒေသများသို့သွားရောက်ခဲ့သည်ကိုသာ ထင်ရှားသည့် လှုပ်ရှားမှုအဖြစ် တွေ့မြင်ရသည်။
မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဖြစ်ခဲ့သူ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး Prak Sokhonn သည်လည်း ၂၀၂၂ခုနှစ် နိုဝင်ဘာလအတွင်း မြန်မာနိုင်ငံသို့သွားရောက်ခဲ့ပြီး အကြမ်းဖက်မှုများရပ်တန့်နိုင်ရန်၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးနိုင်ရန် စစ်ခေါင်းဆောင်ကို နားချခဲ့သေးသည်။ သို့သော် Prak Sokhonn၏ တိုက်တွန်းမှု အရာမထင်ခဲ့ပေ။
Prak Sokhonn သည် ၂၀၂၂ခုနှစ် မတ်လ စစ်ခေါင်းဆောင်နှင့်တွေ့ဆုံပြီး သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံအတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်ဆောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံခွင့်တောင်းခဲ့ရာ တွေ့ခွင့်မရခဲ့ဘဲ စစ်ခေါင်းဆောင်၏ အခြေခံဥပဒေနှင့်အညီ နိုင်ငံ့တာဝန်ယူခြင်းသာဖြစ်သည်ဟူသော ဆင်ခြေပေးမှုကိုသာ နားထောင်လာခဲ့ရသည်။
၂ ကြိမ်တိုင် သွားရောက်ခဲ့သည့် Prak Sokhonn သည် သူ၏ ခရီးစဉ်များ မအောင်မမြင်ဖြစ်ပြီးနောက် မြန်မာ့အရေးဖြေရှင်းရန် လမ်းပိတ်နေကြောင်း ပြောဆိုကာ “မှော်အစွမ်းမရှိ” ဟု ညည်းတွားခဲ့သည်။
အာဆီယံအလှည်ကျဥက္ကဋ္ဌဟောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်လည်း နေပြည်တော်သို့ သွားရောက်ကာ ဘုံသဘောတူညီချက် ၅ ရပ်ကို လိုက်နာရန် စစ်ခေါင်းဆောင်ကို နားချခဲ့သော်လည်း မအောင်မြင်ခဲ့ဘဲ “နွားက မရုန်းဘဲနဲ့တော့ထွန်က ဘယ်လိုရွေ့မလဲ” ဟု ညည်းတွားခဲ့ရသည်အထိ ဖြစ်ခဲ့သည်။
ထိုသို့ ကမ္ဘာလုံးဆိုင်ရာ အဖွဲ့အစည်းထို ကုလသမဂ္ဂက ခန့်အပ်သည့် အရာရှိများ အပါအဝင်၊ အာဆီယံက ခန့်အပ်သည့် မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်တို့က မြန်မာစစ်ခေါင်းဆောင်ကို နားမချနိုင်ဘဲဖြစ်နေခဲ့သည်။
ယခု အာဆီယံက အမြဲတမ်းသံတမန် ခန့်အပ်ရခြင်း၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံတွင် ပဋိပက္ခများ အဆုံးသတ်နိုင်ရန် အာဆီချမှတ်ထားသည့် အဖွဲ့၏ “ဘုံသဘောတူညီချက် ၅ရပ်” တိုးတက်မှုမရှိခြင်းကြောင့် ပဋိပက္ခနှင့်သက်ဆိုင်သည့် အဖွဲ့အစည်းများနှင့် ပုံမှန်ဆွေးနွေးမှုများ လုပ်နိုင်ရန် ရည်ရွယ်သည်ဟု သိရသည်။
၂၀၂၁ ခုနှစ် ဧပြီလ ၂၄ ရက်နေ့က ချမှတ်ခဲ့သည့် ဘုံသဘောတူညီချက်တွင် မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုအားလုံးကိုချက်ချင်းရပ်ဆိုင်းရန်၊ ပြဿနာများကို ဆွေးနွေး ဖြေရှင်းရန်တို့ပါဝင်သည်၊ သို့သော် ထိုသဘောတူညီချက်ပါ အချက်များ ဖြစ်ပေါ်တိုးတက်မှုမရှိခြင်းကြောင့် စစ်ခေါင်းဆောင်ကို အာဆီယံ ထိပ်သီးအစည်းအဝေးများနှင့် ဆက်စပ်အစည်းအဝေများ တက်ရောက်ခွင့် အာဆီယံက ပိတ်ပင်ထားသည်။

ယခု မလေးရှားနိုင်ငံတွင် ပြုလုပ်သည့် ဆွေးနွေးပွဲသို့လည်း စစ်ခေါင်းဆောင်ကို ဖိတ်ကြားခြင်းမရှိပေ။ ထိုအစည်းအဝေးသို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် တက်ရောက်သည်ဟု ဒေသတွင်း သတင်းများတွင် ဖော်ပြသော်လည်း စစ်ကောင်စီထိန်းချုပ်ထားသည့် သတင်းစာများတွင် ထိုသတင်းနှင့် ပတ်သက်၍ ဖော်ပြမထားပေ။
မလေးရှားနိုင်ငံခြားရေးဝန်ကြီးလည်း ဇွန်လအတွင်း မြန်မာနိုင်ငံသို့ သွားရောက်ရန်ရှိသည်ဟု ထုတ်ဖော်ပြောဆိုထားပြီး ခရီးစဉ်အသေးစိတ်ကို ပြောဆိုခြင်းမရှိသေးပါ။ မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းအပြီး ၄ နှစ်ကျော်အတွင်း မြန်မာနိုင်ငံနိုင်ငံဆိုင်ရာ ကုလကိုယ်စားလှယ်များ၏ စွမ်းဆောင်ရည်နှင့် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်များ၏ စွမ်းဆောင်ရည်ကို တွေ့မြင်ခဲ့ရပြီးဖြစ်သည်။
ယခုအာဆီယံက ထပ်မံခန့်အပ်မည့် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအမြဲတမ်း အထူးကိုယ်စားလှယ် မည်သူဖြစ်လာမည်ကို မသိရသေးပေ။ သို့သော် အထက်ပါ အခြေအနေများကြောင့် အာဆီယံကခန့်အပ်မည့် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအမြဲတမ်း အထူးကိုယ်စားလှယ်၏ စွမ်းဆောင်နိုင်ခွင့် မည်သို့ရှိမည်ကို ကြိုတင်မှန်းဆနိုင်သည်။



