ဆောင်းပါးအတွေးအမြင်

စစ်ကိုင်းငလျင်အလွန် မြန်မာ့အရေးနှင့် အာဆီယံထိပ်သီးအစည်းအဝေး  

အာဆီယံသည် တရုတ်နှင့် အမေရိကန်နိုင်ငံကဲ့သို့ အင်အားကြီးနိုင်ငံများ၏ ဖိအားကို ခုခံရပ်တည်နေရသည်။

စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်ပြီး ၂လခန့်အကြာ ငလျင်ဘေး အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့များနှင့် ကယ်ဆယ် ရေးပစ္စည်းများ အလျင်အမြန်ပို့ဆောင်ပေးခဲ့သော အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) သည် နှစ်စဥ်ကျင်းပမြဲ ထိပ်သီးအစည်းအဝေးကို အလှည့်ကျဥက္ကဋ္ဌ မလေးရှားနိုင်ငံ ဝန်ကြီးချုပ် အန်ဝါအီဗရာဟင် ဦးဆောင်၍ မေလ ၂၆ ရက်နေ့က မလေးရှားနိုင်ငံတွင် ကျင်းပခဲ့သည်။

၄၆ ကြိမ်မြောက် အာဆီယံခေါင်းဆောင်များ၏ ထိပ်သီးအစည်းအဝေးနှင့် နိုင်ငံခြားရေးဝန်ကြီးများ အစည်း အဝေးသို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး သန်းဆွေကို တက်ရောက်ခွင့် မပေးခြင်းဖြင့် အာဆီယံခေါင်းဆောင်များသည် ၎င်းတို့၏ဆုံးဖြတ်ချက်ကို ခိုင်မာစွာ ဆက်လက်စွဲကိုင် ထားကြောင်း စစ်ကောင်စီ၏ မဟာမိတ်နိုင်ငံများဖြစ်သော ရုရှားနှင့် တရုတ်နိုင်ငံတို့အပါအဝင် နိုင်ငံတကာ အသိုက်အဝန်းကို ရှင်းလင်းစွာ အသိပေးလိုက်ခြင်း ဖြစ်သည်။

မြန်မာ့အရေးကို ဖြေရှင်းနိုင်မှု မရှိခြင်းကြောင့် ဝေဖန်ခံနေရသော်လည်း အာဆီယံ ခေါင်းဆောင်များသည် အာဏာသိမ်းစစ်ကောင်စီကို အသိအမှတ်မပြုသော ၎င်းတို့၏ ရှင်းလင်းပြတ်သားသည့် သဘောထားကို ထပ်မံပြသလိုက်ခြင်း ဖြစ်သည်။ ထိပ်သီးအစည်းအဝေးအတွင်း စာပိုဒ် ၉ ပိုဒ် ပါဝင်သော အာဆီယံ ခေါင်းဆောင်များ၏ ကြေညာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့သည်။

ထိုကြေညာချက်တွင် မြန်မာနိုင်ငံမှ အာဏာပိုင်များ (The Authority in Myanmar) ဟူသော အသုံး အနှုန်းကို အာဆီယံက သုံးနှုန်းခဲ့ပြီး၊ စစ်ကောင်စီ၏ အမည်ကိုလည်းကောင်း၊ မြန်မာအစိုးရ ဟူသော အသုံးအနှုန်းကို လည်းကောင်း မတွေ့ရပေ။ ယင်းသည် အာဆီယံ၏ ရပ်တည်ချက်ကို ဖော်ညွှန်းနေခြင်း ဖြစ်သည်။

ထို့အပြင် စာပိုဒ် ၉ပိုဒ်သာ ပါဝင်သော ကြေညာချက်တွင် မြန်မာ့အရေးကို ဖြေရှင်းရာ၌ အားလုံးပါဝင် ရမည် ဖြစ်ပြီး၊ ရေရှည်တည်တံ့သော ငြိမ်ချမ်းရေးရရှိရန် “မြန်မာ ပိုင်ဆိုင်ပြီး၊ မြန်မာ ဦးဆောင်သော” (Myanmar-owned, Myanmar-led) ဖြေရှင်းမှု ဖြစ်ရမည်ဆိုသည့် အသုံးအနှုန်းကို စာပိုဒ် ၄ပိုဒ်တွင် ၄ကြိမ် ထပ်ခါတလဲလဲ သုံးနှုန်းဖော်ပြသွားခြင်းက မြန်မာ့အရေးတွင် ဝင်ရောက်စွက်ဖက်နေသော အာဆီယံပြင်ပ နိုင်ငံကြီးများဖြစ်သော ရုရှားနှင့် တရုတ်နိုင်ငံတို့ကို သတိပေးသည့်သဘော သက်ရောက်ပါသည်။

အာဆီယံခေါင်းဆောင်များသည် မြန်မာ့အရေးကို မည်သည့် ပြင်ပအင်အားကြီးနိုင်ငံများက လွှမ်းမိုး ချယ်လှယ် ကြိုးကိုင်ခြင်းမျိုး လက်မခံလိုကြပါ။ ယခင်က အာဆီယံသည် အမေရိကန်နိုင်ငံ ဝင်ရောက်စွက်ဖက်မည်ကို မလိုလားခဲ့ပေ။ မကြာသေးမီကမူ ရုရှားနှင့် တရုတ်နိုင်ငံတို့က စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ပြောင်ပြောင် တင်းတင်း လက်ဆွဲနှုတ်ဆက် အသိအမှတ်ပြု ထောက်ခံရပ်တည်ပြလာသည်။ ထိုဖြစ်ရပ်သည် မြန်မာ့အရေးတွင် ကုလသမဂ္ဂ ကိုယ်တိုင် အသိအမှတ်ပြုထောက်ခံထားသည့် အာဆီယံဗဟိုပြုမှု (ASEAN Centrality) ဖြေရှင်းခြင်း နှင့် အာဆီယံခေါင်းဆောင်များ၏ မင်းအောင်လှိုင်အပေါ် အရေးယူထားမှုများကို စိန်ခေါ်နေသကဲ့သို့ ရှိသည်။

စင်စစ် မြန်မာသည်  အာဆီယံ ပဋိညာဥ်စာချုပ်ကို အပြည့်အဝ လိုက်နာရန် တာဝန်ဝတ္တရားရှိသော အဖွဲ့ဝင်နိုင်ငံ ဖြစ်သည်။ ထို့ကြောင့် အဖွဲ့ဝင်နိုင်ငံ၏ ပြည်တွင်းရေးကို “အိမ်နီးချင်း” နိုင်ငံ ဟု အကြောင်းပြ၍ ပြောင်ပြောင်တင်းတင်း ဝင်ရောက်စွက်ဖက်နေသော တရုတ်နိုင်ငံ၏ ခြေလှမ်းများက အာဆီယံဗဟိုပြု မြန်မာ့အရေး ဖြေရှင်းမှုကို ကြီးစွာအနှောက်အယှက် ဖြစ်လာနေသည်ကို တွေ့မြင်နေရသည်။  

အာဆီယံ နှင့် တရုတ် မြန်မာအရေး ရပ်တည်ချက် ကွဲပြားမှု

အာဆီယံသည် မြန်မာ့အရေးတွင် သက်ဆိုင်သူများအားလုံး ပါဝင်ရေး (All Inclusiveness) “မူ” အပေါ် “တူညီ ဆန္ဒ ၅ရပ်” ထုတ်ပြန်ခဲ့ကတည်းက တစ်သမတ်တည်း ရပ်တည်ခဲ့သည်။ ထို “မူ” ကို ၂၀၂၃ ခုနှစ် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံက လက်တွေ့ စတင်ကျင့်သုံးပြခဲ့သည်။  အင်ဒိုနီးရှားသည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများကို ဥက္ကဋ္ဌသက်တမ်းအတွင်း အကြိမ် ၂၀၀ ကျော် ထိတွေ့ဆက်ဆံခဲ့ကြောင်း တရားဝင်ထုတ်ဖော်ပြောဆိုထားခဲ့သည်။ 

သို့သော် ၂၀၂၄ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်သော လာအိုနိုင်ငံသည် မြန်မာစစ်ကောင်စီနှင့် တရုတ်နိုင်ငံတို့ဘက် ပို၍တိမ်းညွတ်သောမူဝါဒရှိခဲ့သဖြင့်၊ အင်ဒိုနီးရှားကြိုးပမ်းတည်ဆောက်ခဲ့သော အရှိန်အဟုန်သည် များစွာ လျော့ကျခဲ့သည်။ သို့ရာတွင် လာအိုနိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်သည် အာဆီယံ၏ အားလုံးနှင့်ထိတွေ့ဆက်ဆံရေး “မူ” အရ NUG တာဝန်ရှိသူများနှင့် ထိတွေ့ဆက်ဆံခြင်းပြုလုပ်သည် ဆိုရုံမျှသာ လုပ်ဆောင်ပြခဲ့သည်။

၂၀၂၅ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန် မလေးရှားနိုင်ငံသို့ ရောက်ရှိလာချိန်တွင် ဝန်ကြီးချုပ် အန်ဝါ အီဗရာဟင်သည်  စစ်ကိုင်းငလျင်ဘေးကို အကြောင်းပြု၍ အာဆီယံခေါင်းဆောင်များထဲ ထိုးဖောက်ဦးဆောင်သည့် ခြေလှမ်းအဖြစ် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း တို့ကို အလွတ်သဘော တွေ့ဆုံမှုများ ၎င်း၏ ထိုင်းနိုင်ငံခရီးစဥ်အတွင်း ပြုလုပ်ခဲ့သည်။ 

ယင်းသည် တရုတ်ခေါင်းဆောင်များ၏ NUG ကို မဆက်ဆံရေး သဘောထားနှင့် လုံးဝကွဲပြားခြားနားသော အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ ခေါင်းဆောင်မှုနှင့် ရပ်တည်ချက်အဖြစ် တွေ့မြင်ခဲ့ရသည်။ ထိုအချက်ကြောင့် အာဆီယံ၏ မြန်မာ့အရေး ချည်းကပ်ဖြေရှင်းပုံမှာ တရုတ်အစိုးရခေါင်းဆောင်များကဲ့သို့ ဘက်လိုက်ရပ်တည်သော ဖြေရှင်းပုံမျိုးမဟုတ်ဘဲ၊ မြန်မာ့အရေး မဖြေရှင်းနိုင်သည့်တိုင်အောင် မြန်မာပြည်သူများ၏ ဆန္ဒကို မျက်ကွယ်မပြုသေးသော ရပ်တည်ချက်အဖြစ် အနိမ့်ဆုံး သုံးသပ်တွေ့ရှိရသည်။

အာဆီယံ၏ မြန်မာ့အ‌ရေးချည်းကပ်ပုံနှင့် ကွဲပြားခြားနားစွာပင် တရုတ်ခေါင်းဆောင်များသည် မြန်မာနှင့် အိမ်နီးချင်း ဖြစ်သည်ကို အကြောင်းပြ၍ မြန်မာ ပြည်တွင်းရေးကို ပြောင်ပြောင်တင်းတင်း ဝင်ရောက်စွက်ဖက် လာနေပြီး၊ ငြိမ်းချမ်းရေး ခေါင်းစဥ်အောက်မှ ရှမ်းပြည်နယ်မြောက်ပိုင်းမြို့တော် လားရှိုးကို စစ်ကောင်စီလက်ထဲ ပြန်လည်လွှဲပြောင်းပေးရန် ကိုးကန့်ဒေသတစ်ခုလုံးကို “ဖြတ် ၅ဖြတ်” ဖြင့် ပိတ်ဆို့၍ ပြည်သူများ အငတ်ဘေး ဆိုက်ရန် အကြပ်ကိုင်ဖိအားပေးပြီး လုပ်ဆောင်ခဲ့သည်။

ယခုအခါ စစ်ကောင်စီသည် ကိုးကန့် (MNDAA) ၏ စစ်ရေးထိုးစစ်များကို ရင်ဆိုင်ရခြင်း မရှိတော့သဖြင့်၊ စစ်အင် အားများ ပြန်လည်စုစည်းနိုင်ပြီး ညီနောင်မဟာမိတ် တအာင်း (TNLA) အဖွဲ့ သိမ်းပိုက်ထားသော နောင်ချိုမြို့ကို ပြန်လည်ထိုးစစ်ဆင် သိမ်းပိုက်လျက်ရှိရာ၊ TNLA တပ်များ ထိန်းချုပ်နယ်မြေများမှ တစ်စတစ်စ ဆုတ်ခွာနေရ သော သတင်းများ ထွက်ပေါ်လျက်ရှိသည်။ 

“နွားကွဲလျှင် ကျားဆွဲခံ” ရသော ထိုဖြစ်စဥ်မျိုး တိုင်းရင်းသား လက် နက်ကိုင်အဖွဲ့များ သမိုင်းတွင် အကြိမ်ကြိမ် ကြုံတွေ့ခဲ့ပြီး ဖြစ်သော်လည်း၊ ထိုထောက်ချောက်ထဲမှ မလွတ်မြောက်နိုင်ခြင်းသည် အမှန်တရားတစ်ခု ဖြစ်နေ သေးသည်။    

တရုတ်ခေါင်းဆောင်များသည် မြန်မာ့အရေး ကြားဝင်စွက်ဖက်ဖြေရှင်းရာတွင် ၎င်းတို့၏ မြန်မာ့မြေပေါ်မှ အကျိုးစီးပွားများ ကာကွယ်ရေးကို ရှေ့တန်းတင်ထား ကြပြီး၊ မြန်မာတစ်နိုင်ငံလုံး ငြိမ်းချမ်းရေးအတွက် စစ်မှန် သော ကြိုးပမ်းအားထုတ်မှုကို ယနေ့အချိန်ထိ မတွေ့ရှိရပါ။ သို့ရာတွင် အာဆီယံသည် ယခင်မြန်မာစစ်အစိုးရကို အဖွဲ့ဝင်အဖြစ်လက်ခံခဲ့သော အမှားများထဲမှ သင်ခန်းစာ ထုတ်ယူထားပြီး ဤတစ်ကြိမ် မြန်မာအရေး တွင် အကျိုးစီးပွား အခြေပြု ချည်းကပ်ခြင်း မဟုတ်ဘဲ၊ အဖွဲ့ဝင်နိုင်ငံတစ်ခု အမှန်တကယ် ငြိမ်းချမ်းရေး ရရှိရန် စိတ်ထားဖြင့် ဆောင်ရွက်နေကြောင်း လေ့လာတွေ့ရှိရသည်။ 

အထူးသဖြင့် အာဆီယံနိုင်ငံများထဲမှ စင်္ကာပူနိုင်ငံက မြန်မာတွင် ရင်းနှီးမြှုပ်နှံမှုတန်ဖိုးသည် တရုတ်နိုင်ငံထက် သာလွန်များပြားသော်လည်း မြန်မာ့အရေးတွင် စစ်ကောင်စီကို လက်မခံ၊ မြန်မာပြည်သူများ၏ဆန္ဒကို လေးစားအသိအမှတ်ပြုပြီး ခိုင်မာပြတ်သားစွာ ရပ်တည်နေခြင်းမှာ လေးစားဖွယ်ကောင်းလှပါသည်။ စင်စစ် လက်ရှိ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးသည် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လေးစားသူ တစ်ယောက်အဖြစ် အာဆီယံခေါင်းဆောင်များထဲ လူသိများပါသည်။

သို့သော် အာဆီယံအဖွဲ့ဝင်များအတွင်း တရုတ်နိုင်ငံနှင့် နီးကပ်မှုရှိပြီး၊ တရုတ်လိုလားသော အဖွဲ့ဝင်နိုင်ငံများ ရှိနေခြင်းက တောင်တရုတ်ပင်လယ် အရေးနှင့် မြန်မာ့အရေးတွင် အာဆီယံခေါင်းဆောင်များ အစဥ်အမြဲကြုံ တွေ့နေရသော စိန်ခေါ်မှုကြီးအဖြစ် ရှိနေဆဲဖြစ်သည်။ တရုတ်ခေါင်းဆောင်များသည် မြန်မာတွင်သာမက၊ အာဆီယံအဖွဲ့အတွင်းမှာပါ   တရုတ်နိုင်ငံကို ဆန့်ကျင်သော မူဝါဒများ ချမှတ်မလာနိုင်စေရန် အစဥ်အမြဲ သွေးခွဲကြိုးပမ်းနေသော ဒေသတွင်း အင်အားကြီးနိုင်ငံ ဖြစ်သည်။ 

အာဆီယံသည် တရုတ်နှင့် အမေရိကန်နိုင်ငံကဲ့သို့ အင်အားကြီးနိုင်ငံများ၏ ဖိအားကို ရင်ဆိုင်နိုင်ရန် နိုင်ငံငယ်များ စုဖွဲ့၍ ဒေသတွင်းအင်အားစု တစ်စုအဖြစ် ခုခံရပ်တည်နေရသော အခြေအနေတွင် ရောက်ရှိနေသည်။ 

၄၆ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးသည် မြန်မာ့အရေးထက် ပို၍အရေးကြီးသော အမေရိကန်သမ္မတ၏ အကောက်ခွန်စစ်ပွဲကို အာဆီယံအတွင်း တစ်သံတည်း၊ တုန့်ပြန်မှု တစ်ခုတည်း (One Voice, One Response) မူအတိုင်း တညီတညွတ်တည်း ရင်ဆိုင်ရန် ပြင်ဆင်ဆုံးဖြတ်ကြသည့် အစည်းအဝေးလည်း ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ပါသည်။

Related Articles

Back to top button