သတင်း

စစ်ကိုင်းမှ ငလျင်သင့် ဂါတ်တန်းဗလီကို စစ်ကောင်စီ ချိတ်ပိတ် 

စစ်ကိုင်းမြို့မှ ဂါတ်တန်းဗလီသည် လွန်ခဲ့သည့် နှစ်ပေါင်း ၁၀၀ သက်တမ်းရှိ ရှေးဟောင်းဘာသာရေး အဆောက်အအုံတစ်ခုဖြစ်ပြီး စစ်ကိုင်းမြို့မရဲစခန်း မဆောက်လုပ်မီကတည်းကပင် ရှိနေပြီးသား ဘာသာရေးအဆောက်အအုံဖြစ်သည်ဟု ဒေသခံတဦးကဆိုသည်။

မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သော စစ်ကိုင်းမြို့မှ ဂါတ်တန်းဗလီကို စစ်ကောင်စီက မေလ ၂၇ ရက်နေ့တွင် ချိတ်ပိတ်လိုက်ကြောင်း သိရသည်။ 

စစ်ကိုင်းမြို့မှ ထူပါရုံလမ်းနှင့် ဇေယျာလမ်းကြား၊ စစ်ကိုင်းမြို့မရဲစခန်းနှင့်ကပ်လျက်ရှိသော  ဂါတ် တန်းဗလီသည် ရဲစခန်း၏ မြေဧရိယာအတွင်း ပါဝင်နေသည်ဆိုသော အကြောင်းပြချက်ဖြင့် မြို့နယ် ရဲတပ်ဖွဲ့မှူးက ဗလီတာဝန်ရှိသူများကို မေလ ၂၅ ရက်နေ့ နောက်ဆုံးထား ဖယ်ရှားခိုင်းခဲ့ပြီးနောက် ယခုလို ချိတ်ပိတ်လိုက်ခြင်းဖြစ်သည်ဟု ဗလီမှ တာဝန်ရှိသူအမျိုးသားတစ်ဦးက Myanmar Now သို့ အတည်ပြု ပြောသည်။ 

“ကျွန်တော်တို့ ဘာသာသာသနာအရ ဒီဘုရားအဆောက်အအုံတွေကို ကျွန်တော်တို့ လက်နဲ့တော့ ဖျက်ပိုင်ခွင့်မရှိဘူး၊ ကျွန်တော်တို့ သဘောဆန္ဒနဲ့ ပေးပိုင်ခွင့်၊ ယူပိုင်ခွင့်၊ လွှဲပြောင်းပိုင်ခွင့်မရှိတဲ့ အတွက်ကြောင့် သူတို့ကို(ရဲတပ်ဖွဲ့ကို) ကြိုက်တဲ့အတိုင်းဆောင်ရွက်ပါလို့ ပြောလိုက်တော့ သူတို့ အခု ပိတ်သွားတယ်” ဟု သူက ဆိုသည်။ 

အဆိုပါ ဗလီ ဖယ်ရှားပေးခိုင်းသည့် ကိစ္စရပ်သည် ၂၀၂၁ ခုနှစ်ကတည်းက စစ်ကိုင်းတိုင်းရဲတပ်ဖွဲ့ နှင့် ဗလီဂေါပကအဖွဲ့ကြား အကြိမ်ပေါင်းများစွာဆွေးနွေးအငြင်းပွားနေခဲ့ခြင်းဖြစ်ပြီး ယခု ငလျင်လှုပ်ခတ်မှု အပြီးတွင် စစ်ကောင်စီဘက်က ယခုလိုလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ 

ငလျင်ဒဏ်ကြောင့် စစ်ကိုင်းမြို့တွင် ဗလီများ ပြိုကျပျက်စီးခဲ့သလို အစ္စလာမ်ဘာသာဝင် အများအပြား လည်း သေဆုံးခဲ့ကြ၍ ပူဆွေးသောက ရောက်နေချိန် ယခုလို ဘာသာရေးအရ အထွတ်အမြတ်ထားရာ ဗလီတစ်ခုကို ပိတ်သိမ်းခံရခြင်းသည် လွန်စွာ ဝမ်းနည်းစရာကောင်းသည်ဟု စစ်ကိုင်းမြို့ခံ အစ္စလာမ်ဘာသာဝင်အမျိုးသားက ပြောသည်။ 

ဂါတ်တန်းဗလီသည်  နှစ်ပေါင်း ၁၀၀ သက်တမ်းရှိပြီး စစ်ကိုင်းမြို့မရဲစခန်း မဆောက်လုပ်မီကတည်းကပင် ရှိနေပြီးသား ဘာသာရေးအဆောက်အအုံဖြစ်သည်ဟု သူက ဆိုသည်။ 

“ငလျင်ဒဏ်ကြောင့် ဒုက္ခ၊ သောက ရောက်နေချိန် ဒီသတင်းကြီးထွက်လာလိုက်တော့ အစ္စလာမ် ဘာသာဝင်အများစု စိတ်မကောင်းဖြစ်ကြရတယ်၊ ကျွန်တော်တို့တွေ တပူပေါ်တပူဆင့် အဖြစ်မျိုး ရောက်ကြရတယ်” ဟု သူက ပြောသည်။ 

ဂါတ်တန်းဗလီ သည် နှစ်ပေါင်း ၁၀၀ ကျော်သက်တမ်းရှိပြီဖြစ်သော်လည်း ဂေါပကအဖွဲ့ဘက်က ထိုဗလီကို ပိုင်ဆိုင်မှုနှင့် ပတ်သက်ပြီး အထောက်အထားတစ်စုံတစ်ရာတင်ပြနိုင်ခြင်းမရှိခဲ့ကြောင်း၊ ယခုဗလီ ချိတ်ပိတ်မှုနှင့်ပတ်သက်ပြီးလည်း စစ်ကောင်စီ၏ ပြည်ထဲရေးဝန်ကြီးဌာန နှင့် အဖွဲ့အစည်းအသီးသီး ထံသို့ အသနားခံစာတင်ပြသွားမည်ဖြစ်ကြောင်း ဗလီမှ တာဝန်ရှိသူ အမျိုးသားတစ်ဦးက ဆိုသည်။ 

မန္တလေးမြို့အနီးကို ဗဟိုပြုလှုပ်ခတ်ခဲ့သော အင်အား ရစ်ချ်တာစကေး ၇ ဒသမ ၇ ရှိ ငလျင်ကြောင့် နေပြည်တော်၊ မန္တလေး၊ စစ်ကိုင်း အပါအဝင် မြို့ကြီးတချို့မှ ဗလီ ၅၀ ကျော် ပြိုကျပျက်စီးခဲ့ပြီး စစ်ကိုင်းမြို့ရှိ ဗလီ ၅ လုံးလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။ 

စစ်ကိုင်းမြို့တွင် ငလျင်ကြောင့် ဗလီများ ပျက်စီးပြိုကျစဉ်တွင်  အစ္စလာမ်ဘာသာဝင် အနည်းဆုံး ၁၃၀ ကျော် သေဆုံးခဲ့သည်။   

ငလျင်လှုပ်ခတ်ခဲ့သော မတ်လ ၂၈ ရက်နေ့သည် အစ္စလာမ်ဘာသာဝင်များ၏ ဥပုသ်လ နောက်ဆုံး သောကြာနေ့နှင့် တိုက်ဆိုင်ခဲ့၍ ဗလီများပြိုကျပျက်စီးချိန်တွင် ဝတ်ပြုနေသော အစ္စလာမ် ဘာသာဝင် အမျိုးသားအများအပြား ပိတ်မိသေဆုံးခဲ့ကြရသည်။ 

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မတ်လ ၃၁ ရက်နေ့တွင် ပါကစ္စတန်နိုင်ငံ ဝန်ကြီးချုပ်နှင့် ငလျင်ဘေး ကိစ္စရပ်ကို ဖုန်းဆက်သွယ်ပြောဆိုရာတွင် ငလျင်ဘေးအတွင်း အစ္စလာဘာသာဝင် ၅၀၀ နီးပါး သေဆုံးခဲ့ပြီး အွန်လိုင်းပေါ်တွင် ပျံနှံ့နေသောလူ ၇၀၀ ကျော် သေဆုံးသည်မှာ မဟုတ်မှန်ကြောင်း ပြောဆိုထားသည်။

လတ်တလောတွင် စစ်ကိုင်းမြို့မှ ဂါတ်တန်းဗလီမှလွဲပြီး ပြိုကျပျက်စီးသွားသော အခြားသော ဗလီ များကို မူလအကျယ်အဝန်း နှင့် ၎င်းတို့၏ ညွှန်ကြားချက်၊ သတ်မှတ်ချက်များအတိုင်း လိုက်နာပြီး တင်ပြလာပါက ပြန်လည်ဆောက်လုပ်ခွင့်ပြုမည်ဟု  သတင်းရကြောင်း ဂါတ်တန်းဗလီမှ တာဝန်ရှိသူ အမျိုးသားတစ်ဦး က ပြောသည်။

“သူတို့ပြောတဲ့အတိုင်း သာသနာရေးကိုတင်ပြရမယ်၊ သတ်မှတ်ချက်အညီ ဆောက်လုပ်မယ်ဆိုရင် ဆောက်လို့ရမယ်၊ ဒါပေမဲ့ အဲဒါတွေ တင်ပြထားပြီးတော့ ဘယ်တော့ဆောက်လုပ်ခွင့်ကျမယ်မှန်းကတော့ မသိသေးဘူး” ဟု သူက ရှင်းပြ သည်။ 

စစ်ကိုင်းမှ ငလျင်သင့်ခဲ့၍ ထိခိုက်ပျက်စီးသွားသော ဂါတ်တန်းဗလီ။  (ဓာတ်ပုံ- Jo Jo  လူမှုကွန်ရက်)

စစ်ကိုင်းမြို့အပြင် ဗလီများ ထိခိုက်ပျက်စီးမှု အများဆုံးဖြစ်ခဲ့သော မန္တလေးတိုင်းအတွင်းမှ ဗလီများ ပြန်လည်ပြုပြင်၊ တည်ဆောက်ခွင့်များနှင့် ပတ်သက်ပြီးလည်း ထိုနည်းတူစွာဖြစ်ပြီး ပြန်လည်ပြုပြင် တည်ဆောက်မည့် ဗလီများနှင့် ပတ်သက်ပြီး သာသနာရေးဝန်ကြီးဌာနသို့ တင်ပြကာ ခွင့်ပြုချက်စောင့် ဆိုင်းရမည်ဖြစ်ကြောင်း သိရသည်။ 

၁၉၆၂ ခုနှစ်ကမှစ၍ စစ်အစိုးရလက်ထက်များတွင်   ဗလီများကို ပြန်လည်ပြင်ဆင်ခြင်း နှင့် အသစ်ဆောက်လုပ်ခွင့်များကို ကန့်သတ်ထားသည်။ 

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကမူ ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့ သော ဘုန်းတော်ကြီးကျောင်းများ၊ ဗလီများကို ယခင်က ခွင့်ပြုထားသည့်အတိုင်း ပြန်လည် တည်ဆောက်ခွင့်ပြုရန် လိုအပ်ကြောင်း၊ ခရစ်ယာန်ကျောင်းများ ပျက်စီးမှုရှိပါကလည်း စနစ်တကျဆောင်ရွက်ပေးရန် လိုအပ်မည်ဟု ဧပြီလ ၅ ရက်နေ့က နေပြည်တော်တွင် ပြုလုပ် သော ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတွင် ထုတ်ဖော်ပြောဆိုထားသည်။ 

ရစ်ချ်စတာ စကေး ၇.၇ အဆင့်ရှိပြီး မန္တလေးမြို့အနီးတ၀ိုက်ကို ဗဟိုပြုလှုပ်ခတ်ခဲ့သော ငလျင်ကြောင့် မန္တလေးတိုင်း၊ နေပြည်တော်၊ စစ်ကိုင်းတိုင်း နှင့် ရှမ်းပြည်နယ်တို့တွင် နေအိမ်အများအပြား ထိခိုက်ပျက်စီးခဲ့ပြီး လူထောင်နှင့်ချီ သေဆုံးခဲ့ရသည်။ 

ထို့အပြင် လူနေအိမ် ၅ သောင်းကျော်၊ ဌာနအဆောက်အအုံ ၁ သောင်းကျော်၊ ဆေးရုံ နှင့် ဆေးခန်း ၇၀၀ ကျော်၊ စာသင်ကျောင်း ၂၅၀၀ ကျော်၊ ဘုန်းကြီးကျောင်း၊ သီလရှင်ကျောင်း နှင့်အခြားဘာသာရေးအဆောက်အအုံပေါင်း ၅၅၈၈ ပျက်စီးခဲ့ကြောင်း ယနေ့ (မေ ၃၀)ရက် စစ်ကောင်စီသတင်းစာတွင် ဖော်ပြထားသည်။ 

အစ္စလာမ် နှင့် ခရစ်ယာန်ဘာသာရေးအဆောက်အအုံများ ထိခိုက်ပျက်စီးမှုများကို သီးခြား အသေးစိတ်ဖော်ပြထားခြင်းမရှိပေ။  

Related Articles

Back to top button