ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ကရင်နီ (ကယား) ပြည်နယ်အတွင်း မြို့နယ် ၅ ခုတွင် တိုက်ပွဲဆက်ဖြစ်နေကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) က ပြောသည်။
တိုက်ပွဲဖြစ်နေသည့် နေရာများမှာ ပင်လောင်းမြို့နယ် ဆောင်းပြောင်းရွာ၊ ဖယ်ခုံမြို့အရှေ့ဘက်ခြမ်း ထီရီနှင့် ရေပူရွာ၊ မိုးဗြဲမြို့၊ လွိုင်ကော်မြို့နယ် ကုန်းသာရွာ၊ ဘော်လခဲမြို့နယ်တို့ဖြစ်ကြောင်း KNDF ဒုစစ်ဦးစီးချုပ် မာဝီက Myanmar Now ကို ပြောသည်။
“စစ်ကောင်စီဖက်ကနေ ပြည်ထောင်စုကားလမ်းမကြီးတွေကို ထိန်းချုပ်နိုင်ဖို့ အလုံးအရင်း ထိုးစစ်ပြန်ဆင်နေတာပါ” ဟု KNDF ဒုစစ်ဦးစီးချုပ် မာဝီက ဆိုသည်။
အပြင်းထန်ဆုံးတိုက်ပွဲများသည် မိုးဗြဲ၊ လွိုင်ကော် (ကုန်းသာ)နှင့် ဆောင်းပြောင်းတိုက်ပွဲများဖြစ်ပြီး စစ်ကောင်စီဘက်က PNO ခေါ် ပအိုဝ်းပြည်သူ့စစ်အဖွဲ့ ပါဝင်တိုက်ခိုက်နေသည်ဟု ၎င်းကပြောသည်။
တိုက်ပွဲအများစုသည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလကတည်းက အစပြုခဲ့သည်။ ပင်လောင်းမြို့နယ် ဆောင်းပြောင်းရွာတိုက်ပွဲကမူ မေလ ၁၇ ရက်တွင် ဆောင်းပြောင်းရွာရှိ စစ်ကောင်စီနှင့် PNO ၏ ကာကင်းစခန်းများကို KNDF နှင့် ပူးပေါင်းတပ်များက ဝင်တိုက်ရာမှ စတင်ဖြစ်ပွားနေခြင်းဖြစ်သည်။
“အခုထိတော့ သူတို့ ရှေ့တိုးလိုက် ပြန်ဆုတ်လိုက် ပြန်ထိုးလိုက်နဲ့ ကြာနေတာပါ။ မြေပြင်တိုက်ရည်ကတော့ လူအင်အားနဲ့ ဝင်တိုးတာမျိုးပါပဲ။ အရမ်းကောင်းလှတယ်တော့ မဟုတ်ပါဘူး။ ဒီနောက်ပိုင်းတော့ ဒရုန်းတွေကို အများအပြားသုံးလာတာရှိတယ်။ လက်နက်ကြီးနဲ့ လေယာဉ်ကတော့ အရင်အတိုင်းပါပဲ” ဟု KNDF ဒုစစ်ဦးစီးချုပ်မာဝီက ဆိုသည်။
PNO ကမူ ကရင်နီတော်လှန်ရေးတပ်များ ဝင်ရောက်တပ်စွဲခဲ့သည့် ဆောင်းပြောင်းရွာကို မေလ ၂၇ ရက်တွင် စစ်ကောင်စီတပ်နှင့်အတူ ပြန်လည်ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ၎င်းတို့ Facebook တွင် ကြေညာသည်။
KNDF, ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ် (PNDF) နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) များက အင်အားအလုံးအရင်းဖြင့် ဆောင်းပြောင်းရွာကို ဝင်လာသဖြင့် ၁၀ ရက်ကြာ တိုက်ပွဲဖြစ်ခဲ့ကြောင်း PNO ၏ ကြေညာချက်အရသိရသည်။
PNO နှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးကမူ ထိုဒေသသည် အခြေစိုက်စခန်းများရှိသည့်နေရာမဟုတ်ဟု ပြောသည်။
“ဆောင်းပြောင်းဆိုတာ PNO ရော၊ တပ်ကရော အခြေချတဲ့နေရာမဟုတ်ဘူး၊ ကင်းစခန်းလောက်ပဲ ထားတာ။ အရပ်သားတွေပဲ ရှိတဲ့နေရာလေ။ သူတို့ဝင်လာပြီး ပစ္စည်းယူတော့ ရွာသားတွေ လက်မခံကြတော့ဘူး” ဟု သူက Myanmar Now ကို ပြောသည်။
ဆောင်းပြောင်းရွာကို စစ်ကောင်စီတပ်နှင့်အတူ PNO က ပြန်ထိန်းချုပ်ထားနိုင်သော်လည်း ရေပူရွာအပါအဝင် ပင်လောင်းမြို့နယ် တောင်မဲသင်းရွာနှင့် နမ်းနိန်းရွာတို့ကိုမူ ကရင်နီတော်လှန်ရေးတပ်များက ထိန်းချုပ်ထားကြောင်း PNO နှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။
“KNDF က PNO ဧရိယာထဲသူတို့မဝင်ရင် တိုက်ပွဲမရှိနိုင်ဘူး။ ခေါင်းဆောင်ပိုင်းက တော်လှန်ရေးထက် လူမျိုးရေးဖြစ်မှာစိုးရိမ်နေပါတယ်။ PNO ကတော့ သူ့ဧရိယာ အကုန်ထိန်းချုပ်နိုင်အောင် လုပ်မယ်ထင်တယ်။ ငြိမ်းချမ်းရေးမူအတိုင်း PNO ကတော့ သူ့ဧရိယာမှာဘဲ သူလှုပ်ရှားမှာပါ။ KNDF ဖက်က ထပ်ခါထပ်ခါနယ်မြေကျော်ရင်တော့ နယ်ကျွံတာရော၊ လူမျိုးရေးရော ဖြစ်လာနိုင်တယ်” ဟု ၎င်းက မှတ်ချက်ပေးသည်။
KNDF ဗဟိုပြန်ကြားရေးကော်မတီဝင် တာအယ်စိုးကမူ ဆောင်းပြောင်းရွာတွင် တိုက်ပွဲဖြစ်ခဲ့ကြောင်းသာ ယေဘူယျဆိုသည်။

ဆက်လက်၍ ၎င်းက စစ်ကောင်စီတပ်သည် မိုးဗြဲမြို့ကို ပြန်သိမ်းနိုင်ရန် မိုးဗြဲမြောက်ဘက်မှ အင်အား ၃၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးနေသလို ကရင်နီပြည်နယ်မြို့တော် လွိုင်ကော်မြို့ဘက်မှလည်း စစ်ကြောင်းတစ်ကြောင်းထိုးလာသဖြင့် တိုက်ပွဲဖြစ်နေကြောင်း Myanmar Now ကို ရှင်းပြသည်။
ကရင်နီတော်လှန်ရေးတပ်များကလည်း စစ်ကောင်စီ၏ အခြေချစစ်ဗျူဟာ ရှိရာ ဘော်လခဲမြို့နယ်ဘက်တွင် စစ်ကောင်စီတပ်၏ ကာကင်းနှင့် ဗျူဟာကုန်းကို ပိတ်ဆို့တိုက်ခိုက်နေကြောင်း တာအယ်စိုးက ပြောသည်။
စစ်ရေးလေ့လာသုံးသပ်သည် မြန်မာသုတေသီ အမျိုးသားတစ်ဦးကလည်း ရှမ်းတောင်နှင့် ကရင်နီစစ်မျက်နှာတွင် စစ်ကောင်စီနှင့် တော်လှန်ရေးတပ်များ၏ ထိုးစစ် ၂ ခုလုံးသည် အနိုင်အရှုံးရလဒ် မပေါ်သေးဘဲ ကြန့်ကြာနေကြောင်း ပြောသည်။
မိုးဗြဲတွင် တော်လှန်ရေးတပ်များဘက်က ခံစစ်ကောင်းမွန်မှုကြောင့် စစ်ကောင်စီ၏ စစ်ကြောင်းထိုးမှုသည် ကာကင်းစခန်းတချို့ရသည့်တိုင် နောက်ပြန်ဆုတ်ရမှုလည်းရှိကြောင်း ၎င်းက ပြောသည်။
ဘော်လခဲစစ်မျက်နှာတွင်မူ ကရင်နီတော်လှန်ရေးတပ်များသည် ဘော်လခဲမြို့ကိုသာမက ဖားဆောင်းရှိ စစ်ကောင်စီ၏ တပ်စခန်းကိုပါ ပိတ်ဆို့တိုက်ခိုက်နေပုံရကြောင်း ၎င်းက ဆိုသည်။
ဖားဆောင်းတွင် စစ်ကောင်စီ၏ ခလရ (၁၃၄) နှင့် ခလရ (၁၃၅) တပ်ရင်း ၂ ရင်းရှိသည်။
ပူးပေါင်းတပ်များ၏ တိုက်ခိုက်မှုကြောင့် သံလွင်မြစ်ကူးတံတားအနီးရှိ ခလရ ၁၃၅ မှ စစ်သားများ စခန်းကို စွန့်ခွာပြီး မြို့၏ အနောက်ဘက်တောင်ပေါ်တွင်ရှိသည့် ခလရ ၁၃၄ စခန်းတွင် သွားရောက်ပူးပေါင်းကာ ပြန်လည်ခုခံနေကြောင်း မြေပြင်အခြေအနေသိသည့် ဒေသခံ သတင်းရင်းမြစ်တချို့က ပြောသည်။
ဖားဆောင်းမြို့ပေါ် ရပ်ကွက်အများစုနှင့် သံလွင်မြစ်ကူးတံတားကိုမူ တော်လှန်ရေးတပ်များက ထိန်းချုပ်ထားသည်။
ဖားဆောင်းနှင့် ဘော်လခဲစစ်မျက်နှာတွင် တိုက်ပွဲဖြစ်ပွားမှုကြာနေရခြင်းသည် တော်လှန်ရေးတပ်များဘက်က ခဲယမ်းမီးကျောက် အကန့်အသတ်ရှိနေသောကြောင့် ဖြစ်နိုင်ကြောင်း စစ်ရေးလေ့လာသည့် မြန်မာသုတေသီတစ်ဦးက ခန့်မှန်းသည်။
“စခန်းတစ်ခုချင်းကို သိပ်အနာခံမတိုက်လို့ဖြစ်ပါလိမ့်မယ်။ စခန်းတစ်ခုပြီးတစ်ခုတော့ ရနေပါတယ်။ အလုံးအရင်း ထိုးစစ်ဆင်ဖို့အတွက် ကျွန်တော်ထင်တယ်။ ခဲယမ်းမီးကျောက် အကန့်အသတ်ရှိမယ် ထင်တယ်” ဟု ၎င်းက ဆိုသည်။
ဆက်လက်၍ စစ်ရေးလေ့လာသုံးသပ်သည့် မြန်မာသုတေသီအမျိုးသားက ရှမ်းတောင်တွင် ပအိုဝ်းနှင့် ကရင်နီပြည်နယ်သားများအကြား လူမျိုးပဋိပက္ခဖြစ်နိုင်သည်ဆိုသော အချက်သည် ဖြစ်နိုင်ချေနည်းကြောင်း မှတ်ချက်ပေးသည်။
ကရင်နီတော်လှန်ရေးတပ်များဘက်တွင် ပအိုဝ်းတော်လှန်ရေးတပ်များလည်း အတူ ပူးပေါင်း တိုက်နေပြီး PNO သည် စစ်ကောင်စီတပ်နှင့် ပူးပေါင်းမှုကြောင့်သာ တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း ၎င်းက သုံးသပ်သည်။
“အခုက ပအိုဝ်းနဲ့ ကရင်နီတိုက်နေတာမဟုတ်ဘူး။ စစ်တပ်နောက်လိုက် ပအိုဝ်းလက်နက်ကိုင်တပ်နဲ့ တော်လှန်ရေးတပ်တွေတိုက်နေတာ။ တော်လှန်ရေးတပ်တွေဘက်မှာ PDF ပါတယ်။ ကရင်နီပါတယ်။ ပအိုဝ်းတော်လှန်ရေးတပ်ပါတယ်” ဟု ၎င်းက ဆိုသည်။
ကရင်နီဒေသသည် နေပြည်တော်နှင့် နီးကပ်စွာ တည်ရှိသဖြင့် စစ်ကောင်စီ ပြင်းပြင်းထန်ထန် ခုခံတိုက်ခိုက်နေသည့် ဒေသဖြစ်သည်။




