၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်အရ ဖွဲ့စည်းခဲ့သော ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ ထိုမှ ပေါက်ဖွားပေးလိုက်သော အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သည် စစ်အာဏာသိမ်းမှုကို တွန်းလှန်ရန်၊ စစ်ကောင်စီကို ရင်ဆိုင်ဖယ်ရှားရန် ပြည်တွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် မြန်မာပြည်သူများကို ကိုယ်စား ပြုသော အစိုးရအဖြစ် လွန်ခဲ့သော ၄နှစ်ကျော်အတွင်း ရပ်တည်ကြိုးပမ်းခဲ့သည်။
ယဥ်ကျေးသော ဒီမိုကရက်တစ်နိုင်ငံတကာအသိုက်အဝန်းက NUG ကို နိုင်ငံတကာစနစ်၏ အကန့်အသတ်များ ကြားမှ အသိအမှတ်ပြုဆက်ဆံခဲ့ကြသည်။ NUG အောင်မြင်မှုတချို့ ရရှိခဲ့သည်။ အထင်ရှားဆုံး အောင် မြင်မှုက ကုလသမဂ္ဂစင်မြင့်ထက်သို့ စစ်ခေါင်းဆောင်များ ရောက်ရှိမလာစေရန် ထိထိရောက်ရောက် ဟန့်တား နိုင်ခဲ့ခြင်းပင်။ အနောက်နိုင်ငံအများစုက စစ်ကောင်စီနှင့် သံတမန်ဆက် ဆံရေး အဆင့်လျှော့ချခဲ့ကြသည်။ ထူးထူးခြားခြား အာဆီယံနိုင်ငံများကပင် ထိုသို့ လျှော့ချခဲ့သည်။
သို့သော် စည်းမျဥ်းအခြေပြု နိုင်ငံတကာစနစ်အတွင်း နိုင်ငံအချင်းချင်း ဆက်ဆံရေးသည် နိုင်ငံတကာစာချုပ် များဖြင့် တည်ဆောက်ထားသော ဆက်ဆံရေးဖြစ်သည့်အလျောက် NUG သည် မြန်မာနိုင်ငံ၏ တရားဝင် အစိုးရအဖြစ် အပြည့်အဝ အသိအမှတ်ပြုမှု ရရှိနိုင်ရေး ရှေ့မတိုးနောက်မဆုတ် အခြေအနေကို ယနေ့အချိန်ထိ ရင်ဆိုင်နေရဆဲ ဖြစ်သည်။ ထိုကာလ ကြာမြင့်လာသည်နှင့်အမျှ မလိုလားအပ်သော သက်ရောက်မှုများက ပြည် တွင်းနိုင်ငံရေးဖြစ်စဥ်များတွင် ပေါ်ပေါက်လာခဲ့သည်မှာ မငြင်းနိုင်သော အမှန်တရား ဖြစ်သည်။
ယနေ့ ပြည်သူ့တော်လှန်ရေးသည် စစ်ဗိုလ်ချုပ်များလက်ထဲ သိမ်းယူထားသော အာဏာကို ပြန်လည်ရရှိရေး သက်သက်မဟုတ်၊ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ် ထူထောင်ရေး ဆိုသည့် “စနစ်ပြောင်းတော်လှန်ရေး” ဖြစ်ကြောင်း နိုင်ငံတကာအသိုက်အဝန်းက နားလည်သဘောပေါက်၊ ထောက်ခံကူညီနိုင်ကြရန် NUGက သက်ဆိုင်ရာနိုင်ငံကြီးများ၏ မြို့တော်များတွင် ရုံးစိုက်သော အစိုးရအဖွဲ့များအထိ ကမ္ဘာလှည့်ပြီး စည်းရုံးလှုံ့ဆော်ခဲ့၊ လှုံ့ဆော်နေဆဲ ဖြစ်သည်။ ယင်းသည် တော်လှန်ရေး၏ နိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍကို NUG ကြိုးပမ်းမြှင့်တင်နေခြင်း ဟု လေ့လာတွေ့ရှိရသည်။
သို့သော် နိုင်ငံတကာအသိအမှတ်ပြုမှု ရှေ့မတိုးနောက်မဆုတ် အခြေအနေသည် တော်လှန်ရေးအင်အားစုများ အကြား ညီညွတ်ရေးတည်ဆောက်ရာတွင် လွှမ်းမိုးလာသော အကြောင်းတရားတစ်ခုအဖြစ် NUG ရုန်းကန် နေရသည်ကိုလည်း ယခုနှစ်များအတွင်း ပို၍မြင်သာစွာ တဖြည်းဖြည်း လေ့လာတွေ့ရှိခဲ့ရသည်။
တနည်းအားဖြင့် ပြင်ပအခြေအနေတစ်ခု၏ သက်ရောက်မှု အကြောင်းတရားကြောင့် တော်လှန်ရေး၏ အရေးကြီးဆုံးအပိုင်းဖြစ်သော စုစည်းညီညွတ်သည့် နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍကို အချင်းချင်းအကြား တည်ဆောက်ရန် မကြိုးပမ်းနိုင်ခဲ့ခြင်းသည် ယနေ့ စနစ်ပြောင်းတော်လှန်ရေး၏ အထင်ရှားဆုံး လစ်ဟာချက် အဖြစ် ပေါ်လွင်ထင်ရှားလာသည်။
NUG ထက်သာလွန်သော နိုင်ငံရေးဦးဆောင်မှုပေးနိုင်သူ ရှိပြီလား
အာဏာသိမ်း စစ်ကောင်စီကို အောင်နိုင်ရန်နှင့် စနစ်ပြောင်းတော်လှန်ရေး တစ်ခုကို လက်တွေ့ဖော်ဆောင်ရာတွင် နိုင်ငံရေးအရ ဦးဆောင်မှုပေးခြင်းသည် မရှိမဖြစ်လိုအပ် လက်တွေ့လုပ်ဆောင် သက်သေပြရမည့် အရာ ဖြစ်ပြီး၊ အောင်ပွဲကို ပြတ်သားစွာ အဆုံးအဖြတ်ပေးသော အရေးကြီးဆုံးအခန်းကဏ္ဍ ဖြစ်သည်။ ထိုအခန်းကဏ္ဍကို လစ်လျူရှုရန် မသင့်သလို၊ လစ်လျူရှု၍ မရနိုင်ပါ။
သို့သော် ယနေ့အချိန်ထိ တော်လှန်ရေး၏ ခါးသီးသော အမှန်တရားတစ်ခုကို ပြောပါဆိုလျှင် NUG ကို လက်နက်ကိုင်တော်လှန်ရေးအင်အားစု အသီးသီးက ၎င်းတို့နှင့်တန်းတူ မဟာမိတ်အဆင့်သာ ဆက်ဆံနေကြသည်။ တနည်းအားဖြင့် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး NUG ၏ အခန်းကဏ္ဍကို ကန့်သတ်ထားခြင်း သို့မဟုတ် နိုင်ငံရေးဦးဆောင်မှုကို ကန့်သတ်ထားခြင်းပင် ဖြစ်သည်။ ယင်းသည် တော်လှန်ရေးတစ်ခုလုံးအပေါ် သက်ရောက်မှု ကြီးမားပါသည်။
လက်နက်ကိုင်တော်လှန်ရေးသည် နည်းလမ်းတစ်ခုသာ ဖြစ်ပြီး၊ စစ်အာဏာရှင်စနစ် အမှန်တကယ် ချုပ်ငြိမ်းစေလိုလျှင် အရေးကြီးဆုံး လိုအပ်ချက်မှာ စုစည်းညီညွတ်စွာ နိုင်ငံရေးဦးဆောင်မှုပေးရန် ဖြစ်သည်။ ထို့အတွက် NUG ကို အသိအမှတ်မပြုလျှင် ၎င်းထက်သာလွန်ပြီး၊ မြန်မာပြည်သူများကို စစ်စစ်မှန်မှန် ကိုယ်စားပြုသော၊ စစ်အာဏာရှင်စနစ်ကို ဖယ်ရှားနိုင်သော၊ နိုင်ငံကိုယ်စားပြု အစိုးရတစ်ရပ်၏ အင်္ဂါရပ်များဖြင့် တည်ဆောက် ထားသော အဖွဲ့အစည်း တစ်ရပ်ကို အဘယ်ကြောင့် မတည်ဆောက်နိုင်ကြသနည်း။
ယင်းသည် ပြည်သူတစ်ဦး၏ ရှုထောင့်မှ အံ့ဩနားမလည်နိုင်သော မေးခွန်း ဖြစ်သည်။ အကြောင်းတရားများ အမျိုးမျိုး ရှိနေနိုင်သော်လည်း၊ ယနေ့ လက်ငင်း မြင်တွေ့နေရသော အကျိုးတရားကို မျက်ကွယ်ပြုထားရန် မသင့်လျော်သည့် အခြေအနေအထိ ရောက်ရှိနေပြီ ဖြစ်သည်။
ထိုအကျိုးတရားမှာ တော်လှန်ရေးကြာမြင့်လာ သည်နှင့်အမျှ နိုင်ငံတကာအသိုက်အဝန်းက လက်တွေ့ကျသော ချည်းကပ်မှုမှာ မြန်မာနိုင်ငံတွင် စစ်ကောင်စီကို အစားထိုးနိုင်သော၊ တိုင်းပြည် စုစည်းညီညွတ် တည်တံ့ရေးကို အာမခံနိုင်သော နိုင်ငံရေးအင်အားစု ရှာမရခြင်း ဆိုသည့် ကြီးမားသော ဆိုးကျိုးသက်ရောက်မှုကြီး ဖြစ်ပေါ်နေပြီ ဖြစ်သည်။ ထိုအချက်ကို တော်လှန်ရေးခေါင်းဆောင်ကြီးများ အလေးထားကြရန် လိုသည်။
တော်လှန်ရေးတွင် စစ်ရေးနှင့် နိုင်ငံရေး ဦးဆောင်မှု အချိုးမညီသည့် ပြဿနာ
အာဏာသိမ်း စစ်ဗိုလ်ချုပ်များလက်ထဲမှ နိုင်ငံတော်အာဏာကို မူလပိုင်ရှင် ပြည်သူများ၏လက်ထဲ ပြန်လည် အပ်နှင်းနိုင်ရေး၊ နိုင်ငံတော်၏ နိုင်ငံရေးဦးဆောင်မှု နေရာကို ပြည်သူက ကြည်ဖြူစွာ ရွေးချယ်တင်မြှောက် အပ်နှင်းမည့် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံရေးစနစ်သစ် ထူထောင်ရေး၊ ယင်းသည် စစ်အာဏာရှင်စနစ် တော်လှန်ရေး၏ အန္တိမ ရည်မှန်းချက် “နှစ်ရပ်” မဟုတ်ပါလား။
စင်စစ် လက်နက်ကိုင်တော်လှန်ရေးသည် ပထမ ရည်မှန်းချက်ဖြစ်သော နိုင်ငံတော်အာဏာကို မူလပိုင်ရှင် ပြည်သူများ၏လက်ထဲ ပြန်လည်အပ်နှင်းရေးအတွက် “အာဏာရှင်စနစ် ချုပ်ငြိမ်ရေး” ကို စစ်ရေးနည်းလမ်း ဖြင့် ဆောင်ရွက်နေခြင်း ဖြစ်ပြီး၊ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံရေးစနစ်သစ် ထူထောင်ရေးကိုမူ “နိုင်ငံရေး နည်းလမ်း” ဖြင့်သာ ဆောင်ရွက်နိုင်သည်။
တနည်းအားဖြင့် ရည်မှန်းချက်နှစ်ရပ်လုံးဆီသို့ ရောက်ရှိရန်မှာ စစ်ရေးနှင့် နိုင်ငံရေး အချိုးညီညီ ဖော်ဆောင်နိုင်ရန် အလွန်အရေးကြီးသည်။ အလွန်ရှင်းလင်းပြတ်သားသော ရည်မှန်းချက်နှစ်ရပ် နှင့် နည်းလမ်းနှစ်သွယ် ဟု ဆိုချင်ပါသည်။
သို့သော် တော်လှန်ရေးကာလ ၄နှစ်ကျော်လာသည်အထိ ပထမရည်မှန်းချက်အတွက် သိသာထင်ရှားသော စစ်ရေးအောင်မြင်မှုများ ခရီးတစ်ခုသို့ ရောက်ရှိလာချိန်တွင်၊ ဒုတိယရည်မှန်းချက် ရရှိရေး စုစည်းညီညွတ်သော နိုင်ငံရေးဦးဆောင်မှုသည် အမေဇုံတောကြီးထဲ ရှေးဟောင်းရတနာသိုက် ရှာပုံတော်ဖွင့်ရသကဲ့သို့ ခက်ခဲနက်နဲလှသည်။ ယင်းသည် မဟာဗျူဟာ အမြော်အမြင်ကင်းမဲ့ခြင်း၏ “ပြယုဂ်” ဖြစ်သည်။
အချိန်ဆွဲ အချိန်ကြာလာသည်နှင့်အမျှ တစ်နိုင်ငံလုံး လွှမ်းခြုံသော နိုင်ငံရေးဦးဆောင်မှု ကင်းမဲ့ခြင်းကြောင့် ယခု အခါ ရရှိပြီးသား စစ်ရေးအောင်မြင်မှုများ လက်လွှတ်ဆုံးရှုံးရမည့် အန္တရာယ်များ စတင် မြင်တွေ့နေရပြီ မဟုတ် ပါလား။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် စစ်ကိုင်းငလျင်ကြီးကို အကျိုးရှိရှိအသုံးချပြီး၊ ဤကဲ့သို့ သဘာဝ ဘေးဒုက္ခဆိုးကြီးများကို အံတုရင်ဆိုင်ပြီး နိုင်ငံကို ထိန်းသိမ်းနိုင်သည်မှာ စစ်တပ်တစ်ခုတည်းသာ ရှိကြောင်း အိမ်နီးချင်းနိုင်ငံကြီးများနှင့် အာဆီယံအသိုက်အဝန်းအကြား ဝါဒဖြန့်နိုင်ခဲ့ပြီး၊ ရုရှားနှင့် တရုတ်သမ္မတကဲ့သို့ အင်အားကြီးနှစ်နိုင်ငံ ခေါင်းဆောင်တို့၏ ထောက်ခံကူညီမှုများ ရယူနိုင်ခဲ့သည်။
စစ်ရှုံးနေသည်ကြားမှ စစ်ခေါင်းဆောင် အဘယ်ကြောင့် ထိုကဲ့သို့ အကျိုးအမြတ်ထွက်နေသနည်း။ တော်လှန် ရေးခေါင်းဆောင်များ မထောက်မညှာ ဝေဖန်ဆန်းစစ်ကြည့်လျှင်၊ တော်လှန်ရေးအင်အားစုများအကြား စစ်ရေး နှင့် နိုင်ငံရေးဦးဆောင်မှု အချိုးမညီခြင်း ပြဿနာကို ဆိုက်ဆိုက်မြိုက်မြိုက် တွေ့ရပါလိမ့်မည်။
တစ်နိုင်ငံလုံးလွှမ်းခြုံသော နိုင်ငံရေးဦးဆောင်မှုပေးနိုင်သည့် တိုင်းရင်းသားခေါင်းဆောင်များ လိုအပ်နေ
နိုင်ငံတကာမျက်နှာစာတွင် တိုင်းပြည်ကို တည်ငြိမ်မှုရှိစေရန်၊ စုစည်းညီညွတ်မှုရှိစေရန် စွမ်းဆောင်နိုင်သည့် ခေါင်းဆောင်မှု သို့မဟုတ် အဖွဲ့အစည်းအဖြစ် NUG ကို ယုံကြည်မှုမပေး၊ မဝန်းရံနိုင်လျှင်၊ NUG ၏ နေရာတွင် မည်သည့် ခေါင်းဆောင်မှု သို့မဟုတ် အဖွဲ့အစည်းက အစားထိုး တာဝန်ယူနိုင်သနည်း။ ခေါင်းဆောင်မှု ရှာပုံတော် ဖွင့်ရပေလိမ့်မည်။
ဤနေရာတွင် NUG ကို ခေါင်းဆောင်မှုနေရာ မပေးချင်သော အကြောင်းရင်းများထဲ ဗမာလူများစုကြီးစိုးသော အဖွဲ့အစည်း၊ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မဲအများစုအနိုင်ရခဲ့သော အာဏာရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကြီးစိုးသော အဖွဲ့အစည်း စသဖြင့် တိုးတိုးမှ ကျယ်ကျယ် ဖြစ်လာသော၊ လျှို့ဝှက်ချက် မဟုတ်သည့် ခေါင်းဆောင်မှုပြဿနာကို တော်လှန်ရေးအင်အားစုများအကြား တွေ့မြင်နေရသည်မှာ နှစ်နှင့်ချီ ကြာနေပြီး၊ ရေစုန်မျှောလိုက်နေကြသည်။
NUG ၏ နိုင်ငံရေးဦးဆောင်မှုကို လက်မခံလိုလျှင် ဗမာအများစုထောက်ခံသော၊ တစ်နိုင်ငံလုံးကို ဦးဆောင်မှု ပေးနိုင်သော တိုင်းရင်းသားခေါင်းဆောင်များ တစ်နိုင်ငံလုံးလွှမ်းခြုံသော နိုင်ငံရေးဦးဆောင်မှုပေးရန် သတ္တိရှိရှိ ရှေ့တန်းထွက်ရန် လိုအပ်နေပြီ ဖြစ်သည်။ ၎င်းတို့၏ တစ်နိုင်ငံလုံးကို ဦးဆောင်မှုပေးနိုင်သော နိုင်ငံရေးအမြော် အမြင်များကို ပြည်သူများလက်ဝယ် အရောက်ပို့ဆောင်ရန် အချိန်ရောက်ပြီ ဖြစ်သည်။
သို့သော် နိုင်ငံလူဦးရေ၏ ၆၀ ရာခိုင်နှုန်းကျော်သော ဗမာလူများစု၏ နှလုံးသားနှင့် ထောက်ခံမှု ရရှိရန် လိုအပ် သည်။ ယင်းသည် နိုင်ငံတစ်ခု၏ ပြင်ဆင်ခွင့်မရှိသော ပေးထားချက် ဖြစ်သည်။ နိုင်ငံတစ်ခုကို ဦးဆောင်မှုပေးရန် ရည်မှန်းချက်ရှိသော မည်သည့်လူပုဂ္ဂိုလ် အဖွဲ့အစည်းမဆို ကျော်လွှား၍မရ သော အချက်မှာ “ပြည်သူအများစု၏ ထောက်ခံမှု” ရှိခြင်း မရှိခြင်း ဆိုသည့်အချက် ဖြစ်သည်။ အင်အား ၁ သန်း ရှိသော လက်နက်ကိုင်အဖွဲ့ ဖြစ်နေပါစေ၊ ထိုပေးထားချက်ကို ရှောင်ရှား၍ မရနိုင်ပါကြောင်း လေ့လာသုံးသပ် တင်ပြလိုက်ပါသည်။



