ဆောင်းပါးလူမှုနယ်ပယ်

လူထုဦးလှဇာတိ ပုဇွန်မြောင်းရွာသား တော်လှန်ရေးသမားများ

ပဲခူးတိုင်း ကျေးရွာတစ်ရွာမှဒေသခံများက PDF တပ်ရင်းတစ်ရင်း ဖွဲ့ပြီး လှုပ်ရှားတိုက်ခိုက်နေသည်၊ ဒေသတွင်း ပျူစောထီးခေါင်းဆောင်ကို အရှင်ဖမ်းမိသောအခါ သူတို့ရွာ၏ဖြစ်ရပ်များအကြောင်း ပိုမို သိရှိလာရသည်။

အညာဒေသ စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီတပ်ကို တစ်ရွာလုံးဆန့်ကျင်၍ လက်နက်ကိုင် တိုက်ကြသည့်နည်းတူ ပဲခူးတိုင်းအရှေ့ပိုင်းတွင်လည်း စစ်ကောင်စီတပ်ကို အလားတူ ဆန့်ကျင်တော်လှန်ကြသည့် ရွာတစ်ရွာရှိသည်။

ထိုရွာမှာ နိုင်ငံကျော် သတင်းစာဆရာ၊ စာရေးဆရာ လူထုဦးလှမွေးဖွားရာ စစ်တောင်းမြစ်အနောက်ဘက်ကမ်း ညောင်လေးပင်မြို့နယ်ထဲက ပုဇွန်မြောင်းရွာဖြစ်သည်။

လူထုဦးလှသည် ပုဇွန်မြောင်းရွာတွင် ၁၉၁၀ ပြည့်နှစ် ဇန်နဝါရီလ ၁၉ ရက်နေ့တွင် မွေးဖွားသည်။ မွေးချင်း သုံးယောက်တွင် အငယ်ဆုံး ဖြစ်ပြီး ရွာရှိ ဆရာဦးဖေခိုင်ကျောင်းတွင် ၄ တန်းအထိ ပညာသင်ခဲ့သည်။

ဦးလှသည် သတင်းစာဆရာ၊ စာရေးဆရာမ ဒေါ်အမာနှင့် အိမ်ထောင်ကျပြီး မန္တလေးမြို့တွင် ၁၉၈၂ ခုနှစ် ကွယ်လွန်ချိန်အထိ အခြေချနေထိုင်ခဲ့သူ ဖြစ်သည်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းသောအခါ ပုဇွန်မြောင်းရွာမှ ရွာသားအများစုသည် အာဏာသိမ်းမှုကို လက်မခံဘဲ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြသည်။

သို့သော် ဆန္ဒပြပွဲများ အကြမ်းဖက်ဖြိုခွဲခံရသောအခါ   ပုဇွန်မြောင်းရွာသားများသည် လက်နက်ကိုင်တော်လှန်မည့်လမ်းကို ရွေးခဲ့ကြသည်။

လက်ရှိတွင် ပုဇွန်မြောင်းရွာသားအများစုသည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ တောင်ပိုင်းတိုင်း အမှတ် (၂) စစ်ဒေသခွဲလက်အောက်ခံ ပဲခူးခရိုင် အမှတ် (၃၇၀၃) တပ်ရင်းအဖြစ် စုဖွဲ့၍ ဒေသတွင်း ပြောက်ကျားစစ်ဆင်နေသည်။

တပ်ရင်းတာဝန်ရှိသူများနှင့်တွေ့ဆုံခြင်း

စာရေးသူသည် Myanmar Now သတင်းဌာန သတင်းထောက်အနေနှင့် ထိုတပ်ရင်းလှုပ်ရှားရာ စစ်တောင်းမြစ် အနောက်ဘက်ကမ်း တစ်နေရာသို့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်း  ၂ ကြိမ် သွားရောက်လေ့လာခဲ့သည်။

တော်ဝင်ဒေါင်းတပ်ရင်းမှ M4 မောင်းပြန်သေနတ်လွယ်ထားသော ကန္တာရပြောက်ကျား ယူနီဖောင်းဝတ် ရဲဘော်တစ်ဦးက ဆိုင်ကယ်ဖြင့် လိုက်ပို့ပေးသည်။

စစ်တောင်းမြစ်ကို စက်လှေ၂ စီး ပူးတွဲထားသော ကူးတို့ဖြင့် တစ်ကြိမ်ဖြတ်ကူးရပြီး ပဲတီစိမ်း စိုက်ခင်းများကြားက ကန်သင်းလမ်းကလေးအတိုင်း ၁ နာရီကျော် ဆိုင်ကယ်မောင်းရသည်။

မြေအနိမ့်အမြင့်မညီသောကြောင့် စီးလာသော တရုတ်ဆိုင်ကယ်မှာ လမ်းတစ်လျှောက် ခုန်ပေါက်နေသည်။ လမ်းကလည်း ဖုန်တထောင်းထောင်းထနေသည်။

၃၇၀၃ တပ်ရင်းမှ ရဲဘော်များ စခန်းချသည့် နေရာ အနီးတွင် တပ်ရင်းမှ ကျဆုံးရဲဘော်များ၏ အာဇာနည်ဗိမာန်ရှိသည်။

အာဇာနည်ဗိမာန်သည် ခပ်ကြီးကြီးမဟုတ်။ သံဆူးကြိုးခတ်ထားသော ခြံကလေးတစ်ခြံဖြစ်ပြီး အထဲတွင် ကျဆုံးရဲဘော် ၇ ဦးအတွက် အထိမ်းအမှတ် အနီရောင် ကွန်ကရစ်တုံး ၇ တုံးပြုလုပ်ထားသည်။ 

၂၀၂၄ ဒီဇင်ဘာလက တွေ့ရသော ၃၇၀၃ တပ်ရင်းမှ ကျဆုံးရဲဘော်များအတွက် အာဇာနည်ဗိမာန်။ (ဓာတ်ပုံ – စောရယ်)

ကွန်ကရစ်တုံးတစ်တုံးစီတွင် အဖြူရောင် ကြယ်တစ်ပွင့်စီပါဝင်သည်။ ကွန်ကရစ်တုံး ၅ ခုတွင်သာ ကျဆုံးရဲဘော်များ၏ အမည်၊ အသက် နှင့် သေဆုံးသွားသည့်ရက်စွဲ ရေးထိုးထားသည်။ ကျန် ကွန်ကရစ်တုံး ၂ ခုတွင် စာမရေးထိုးရသေးပေ။

တစ်တောင့်ထိုးသေနတ်ထုတ်လုပ်ရေးအလုပ်ရုံတစ်ခုကိုလည်း ရောက်ခဲ့သည်။ အလုပ်ရုံအနီးတွင် ၁၀၇ မမ ရှော့တိုက်ဒုံးအခွံတစ်လုံးနှင့် ခါးစောင်းခန့် အမြင့်ရှိသည့် ဒုံးပစ်စင်တစ်ခုလည်းတွေ့ရသည်။

ပထမအကြိမ်ရောက်လာသည့် ကျွန်တော့်ကို ၃၇၀၃ တပ်ရင်း၏ တပ်ရေးတာဝန်ခံ ကိုသီဟ၊ တပ်ရင်းပြည်သူ့လုံခြုံရေးတာဝန်ခံ ကိုမင်းမြတ်ဘုန်းတို့က ဧည့်ခံနှုတ်ဆက်သည်။ မုန့်၊ ကော်ဖီစသည်တို့ တည်ခင်း‌ကျွေးမွေးသည်။ 

ပထမအကြိမ်တွေ့ဆုံမှုတွင် အသက် ၄၀ အရွယ် အသားညိုညို၊ အရပ်မြင့်မြင့် ကိုသီဟက တစ်တောင့်ထိုးသေနတ်များ ထုတ်လုပ်နေသည့် ၎င်းတို့ အလုပ်ရုံအတွင်း အလုပ်လုပ်ကိုင်နေသည်များကို ခေါ်ယူရှင်းပြသည်။

၃၇၀၃ တပ်ရင်း တပ်ရေးတာဝန်ခံ ကိုသီဟ။ (ဓာတ်ပုံ – စောရယ်)

ယင်းနောက် အသားဖြူဖြူ အရပ်မနိမ့်မမြင့် ကိုမင်းမြတ်ဘုန်းနှင့် သူ၏ ရဲဘော်များက ကျွန်တော်တို့ကို စစ်ကောင်စီတပ်နှင့် စစ်ဆိုင်ထားသော နေရာများကို ဆိုင်ကယ်ဖြင့် လိုက်လံပြသသည်။ ပထမပြသည့် နေရာမှာ စစ်ကောင်စီတပ် တပ်စွဲထားသည့် ပုဇွန်မြောင်းရွာဖြစ်ပြီး ဒုတိယတစ်ခုမှာ ညောင်လေးပင် – မဒေါက်ကားလမ်းဖြစ်သည်။

ကားလမ်း၏ အရှေ့ဘက်တွင် ၃၇၀၃ တပ်ရင်းမှ ရဲဘော်များ ဖြန့်ကျက်နေရာယူထားပြီး ကားလမ်း၏ အနောက်ဘက်တွင် စစ်ကောင်စီတပ်နေရာယူထားသည်။

ပုဇွန်မြောင်းရွာနှင့် အနီးဆုံးရွာတစ်ရွာအထိ ကျွန်တော်တို့ ကပ်ခဲ့ကြသော်လည်း စစ်ကောင်စီတပ် တပ်စွဲထားသည့် ပုဇွန်မြောင်းရွာအတွင်းကိုမူ စွန့်စား၍ ကျွန်တော်တို့ မဝင်ကြပေ။ ပထမအကြိမ်သွားစဉ်က နယ်မြေအခြေအနေ အကြမ်းဖျင်းလေ့လာ၍ ပြန်ခဲ့ကြသည်။

ပုဇွန်မြောင်းရွာနှင့် မီးနဂါးတပ်

ဒီဇင်ဘာလနှောင်းပိုင်း  ၃၇၀၃ တပ်ရင်း တာဝန်ရှိသူများထံ ထပ်သွားသောအခါ ရွာနှင့် တပ်ရင်းအကြောင်း ပိုသိလာရသည်။ 

တပ်ရေးတာဝန်ခံ ကိုသီဟက ပုဇွန်မြောင်းသည် အိမ်ခြေ ၁၇၀၀ ခန့်ရှိသည့် ရွာကြီးဖြစ်ပြီး သက်တမ်းရာချီရှိနေပြီဟု ပြောပြသည်။

ကုန်းဘောင်ခေတ် မြင်းကွန်းမြင်းခုန်တိုင် မင်းသားများပုန်ကန်မှုကို နှိမ်နင်းသည့် ဘုရင့်တပ်မှူးတစ်ဦး တည်ခဲ့သည်ရွာဟုလည်း ၎င်းက ပြောသည်။

အိုးလုပ်ငန်း၊ နွားလှည်းလုပ်ငန်း၊ သင်ဖြူးဖျာရက်သည့် လုပ်ငန်း၊   စိုက်ပျိုးရေး လုပ်ကိုင်ကြသည့် ထိုရွာတွင် စစ်တပ်အာဏာမသိမ်းမီက လူဦးရေ ၇၀၀၀ ခန့်ရှိကြောင်း ပုဇွန်မြောင်းရွာသား ကိုသီဟက ဆိုသည်။

ကိုသီဟ၏ အဘိုးနှင့် ဘကြီးဖြစ်သူတို့သည် ကွန်မြူနစ်ဝါဒကို သက်ဝင်ယုံကြည်ခဲ့ကြသည့် တော်လှန်သူများဖြစ်ခဲ့ကြသည်။ 

လယ်ထွန်စက်နှင့် ရိတ်သိမ်းစက်ငှားသည့် အလုပ်လုပ်ကိုင်ခဲ့သူ ကိုသီဟသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်မဟုတ်ပေ။ သို့သော်လည်း NLD ကို အားပေးသူဖြစ်သည်။ စစ်တပ်က အာဏာသိမ်းလိုက်ကြောင်း သိရသည့်အခါ ကိုသီဟ ဒေါသထွက်မိသည်။

“၅ ရက်မှာ ၃ ရက်လောက်ကတော့ အပြင်းအထန်ပေါ့။ ကိုယ်လည်းဘာမှတော့ မဟုတ်ဘူး။ စိတ်ထဲမှာ မခံချင်ဘူး။ ခံလည်း မခံစားနိုင်ဘူး။ ညခင်းကျရင် တောက်တစ်ခတ်ခတ်နဲ့ပေါ့” ဟု ကိုသီဟက ဆိုသည်။

ကိုသီဟသည် စိတ်တူကိုယ်တူရှိသည့် ရွာသားများနှင့် တိုင်ပင်၍ ညောင်လေးပင်မြို့ပေါ်သို့ သွားကာ ဆန္ဒပြသည်။ အာဏာသိမ်းမှုဆန့်ကျင်သည့် လက်ကမ်းစာစောင်များဝေငှသည်။

ညောင်လေးပင်တွင် စစ်တပ်က ပစ်ခတ်ဖြိုခွင်းသောအခါ မြို့မှ အာဏာသိမ်းမှုဆန့်ကျင်သူများကို သူ့ဇာတိ ပုဇွန်မြောင်းရွာသို့ ခေါ်၍ ဆန္ဒပြသည်။

စစ်ကောင်စီကလည်း သူ့ကို  တွေ့သည့်နေရာတွင် ပစ်သတ်မည်ဟု သတင်းလွှင့်သလို သူ၏ အိမ် ၄ လုံးကိုလည်း ၂၀၂၂ ခုနှစ်တွင် ချိပ်ပိတ်သိမ်းဆည်းခဲ့ကြောင်း ကိုသီဟက ပြောသည်။

စစ်တပ်က ပုဇွန်မြောင်းရွာအထိလာပြီး ဆန္ဒပြပွဲများကို ဖြိုခွင်းသောအခါတွင်မှ ကိုသီဟနှင့် ရဲဘော်ရဲဘက်များက လက်နက်ကိုင်တော်လှန်ရန် ဆုံးဖြတ်ခဲ့ကြသည်။

ဒေသတွင်း တစ်ခုတည်းသော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၃ ၏ စခန်းများတွင် စစ်သင်တန်းတက်၍ လက်နက်ကိုင်တပ်စဖွဲ့ကြသည်။

စတင်စဉ်က ပဲခူးခရိုင် (၃၇၀၂) တပ်ရင်း၏ တပ်ခွဲ ၄ လက်အောက်ခံ တပ်စု ၃ စုအဖြစ် စုစည်း၍ အင်အားဆယ်ဂဏန်းဖြင့် ပြောက်ကျားတိုက်ခိုက်ခဲ့ကြသည်။

ထိုရွာမှ ဒေသခံအများစုပါဝင်သဖြင့် ပုဇွန်မြောင်းတပ်စုဟု အခြားတော်လှန်ရေးတပ်များက ခေါ်ကြသော်လည်း   သူတို့ကိုယ်တိုင်ကမူ မီးနဂါးတပ်ဟု  ခေါ်ကြသည်။

နောက်ပိုင်း တပ်ရင်းတစ်ရင်းစာ အင်အားကျော်လာသောအခါ NUG ကာကွယ်ရေးဝန်ကြီးဌာနက ၂၀၂၄ ခုနှစ်မတ်လတွင် ပဲခူးခရိုင် (၃၇၀၃) တပ်ရင်းအဖြစ် စုစည်းရန်ခွင့်ပြုပေးကြောင်း ကိုသီဟက ပြောသည်။

လက်ရှိ ၃၇၀၃ တပ်ရင်းတွင်   ရွှေကျင်နှင့် ညောင်လေးပင်မြို့နယ်တို့မှ အမျိုးသားများ၊ ရှမ်းပြည်နယ်မြောက်ပိုင်းမှ ဒေသခံအချို့၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနှင့် စစ်ကိုင်းတိုင်းမှ လူငယ်အချို့လည်း တပ်ဖွဲ့ဝင်အဖြစ် ပါဝင်နေကြောင်း သိရသည်။ သို့သော်လည်း တပ်ဖွဲ့ဝင်အားလုံးအတွက် တိုက်ပွဲဝင်မောင်းပြန်ရိုင်ဖယ် လုံလောက်မှု မရှိပေ။ 

မောင်းပြန်သေနတ်မရသေးသော ရဲဘော်များကို ကိုးလုံးကျည်ထည့်ပစ်နိုင်သည့် တစ်တောင့်ထိုး လက်လုပ်သေနတ်များ ဆင်ပေးထားကြောင်း တပ်ရေးတာဝန်ခံ ကိုသီဟက ဆိုသည်။

တပ်ဖွဲ့ စတင်စဉ်ကတည်းက  ဒေသခံတို့ ထောက်ပံ့လှူဒါန်းကြရာ ထိုအထဲတွင် ငွေကြေးသာမက  ရတနာပစ္စည်းများလည်း ပါဝင်သည်။ ရံပုံငွေလက်မှတ်ရောင်းကာ အဆိုပါ လက်ဝတ်ရတနာများကို မဲဖောက်ပေးသည့်နည်းလမ်းဖြင့်လည်း  ဘဏ္ဍာငွေ ရှာဖွေကြကြောင်း သိရသည်။

တိုက်ပွဲအတွေ့အကြုံ

မီးနဂါးတပ်ခေါ် (၃၇၀၃) တပ်ရင်းသည်  ထိတွေ့တိုက်ပွဲပေါင်း ၁၀၀ ကျော် တွေ့ကြုံခဲ့ရသည်ဟု ဆိုသည်။ သူတို့က ရွှေကျင် – ညောင်လေးပင်  ကားလမ်းရှိ စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်များကို မကြာခဏ တိုက်ခိုက်လေ့ရှိသည်။

စစ်တောင်းမြစ်ဝှမ်းတွင် ကျွန်တော်ရှိနေစဉ် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့ကလည်း ညောင်လေးပင် – မဒေါက်ကားလမ်းရှိ  ကာကင်းစခန်းတစ်ခုကို ၎င်းတို့ ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ တိုက်ပွဲမှာ ၁ နာရီခန့်ကြာမြင့်ကြောင်း၊ နံနက် ၄ နာရီတွင် စခန်း သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်း တချို့ ရရှိကြောင်း သိရသည်။

၃၇၀၃ တပ်ရင်းသည် ရွှေကျင်နှင့် ညောင်လေးပင်မြို့နယ်တို့တွင် အဓိက စစ်ရေးလှုပ်ရှားပြီး ဖာပွန်စစ်မျက်နှာသို့လည်း စစ်ကူစေလွှတ်မှုရှိသည်။

စစ်ကောင်စီတပ်နှင့် စစ်ဆိုင်ထားသည့် အချို့နေရာများတွင် မီတာ ရာဂဏန်းသာဝေးကွာသဖြင့်   လှမ်းမြင်နေကြရသည်။

ပုဇွန်မြောင်းရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်သည် ညရောက်သည့်အခါတွင် တိတ်တဆိတ်ရှေ့တိုးလာတတ်သဖြင့် ထိတွေ့တိုက်ပွဲဖြစ်တတ်သည်။

နေ့ခင်းဘက်တွင် မြင်ကွင်းမှာ ရှင်းလင်းပြီး အကာအကွယ်နည်းသဖြင့် ၂ ဘက်တပ်များ  ညအမှောင်ကို အကာအကွယ်ယူကာ တိုက်ခိုက်ကြသည်ဟု သိရသည်။

၎င်းတို့၏ဇာတိ ပုဇွန်မြောင်းရွာကို တစ်ကြိမ်ပြန်လည်ထိန်းချုပ်နိုင်ခဲ့သော်လည်း စစ်ကောင်စီဘက်က စစ်ကြောင်းပြန်ထိုးလာသဖြင့် ၂၀၂၃ ခုနှစ်တွင် အပြီးဆုတ်ပေးလိုက်ရကြောင်း တပ်ရေးတာဝန်ခံ ကိုသီဟက ဆိုသည်။

ယင်းတိုက်ပွဲတွင်   မိုင်းကြောင့် စစ်ကောင်စီဘက်က သေဆုံးသူ ဆယ်ဂဏန်း ရှိနိုင်ကြောင်း၊ တော်လှန်ရေးသမားများဘက်ကလည်း သေဆုံးသူ များပြားကြောင်း ၎င်းက ပြောသည်။

“တစ်ရွာလုံးပျက်တဲ့နေ့ပဲပေါ့။ ကျွန်တော်တို့ ရွာကနေ ဆုတ်တဲ့အချိန်မှာ ကျန်နေခဲ့တဲ့ ဦးဇင်းတစ်ပါး။ ပြည်သူတွေ အကုန်ပေါင်းရင် ၈ ယောက်၊ ၉ ယောက်လောက်ပစ်သတ်ခံရတယ်။ အဲဒါကို သူတို့က PDF တွေကို အသေရမိတယ်ဆိုပြီး ကြေညာတယ်” ဟု ကိုသီဟကပြောသည်။

၂၀၂၄ ဒီဇင်ဘာလက ပုဇွန်မြောင်းရွာသားများ ခိုလှုံနေသည့် စစ်ရှောင်စခန်း။ (ဓာတ်ပုံ – စောရယ်)

စစ်ရှောင်များ

ရွာကို  စစ်ကြောင်းထိုးဝင်လာသောအခါ ရွာသူ၊ ရွာသားတို့ ဘေးလွတ်ရာရှောင်ကြရသည်၊ ငွေကြေးတတ်နိုင်သူများက ပဲခူး၊ ရန်ကုန် စသည့် မြို့များသို့ စစ်ရှောင်ကြပြီး ညောင်လေးပင်မြို့တွင် အိမ်ငှားနေကြသူများလည်း ရှိသည်ဟု သိရသည်။

ငွေကြေးမတတ်နိုင်သည့် လက်လုပ်လက်စားများကမူ တော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည့် ပဲခူးတိုင်းအရှေ့ပိုင်းလွတ်မြောက်နယ်မြေ၌ပင် နေထိုင်ကြသည်။

ပုဇွန်မြောင်းဒေသခံများနေထိုင်ကြသော စစ်ရှောင်စခန်းကိုလည်း   သွားရောက်လေ့လာခဲ့သည်။ ဒီဇင်ဘာဆောင်းမနက်ဖြစ်သောကြောင့် လယ်ကွက်အတွင်း မြူများရှိနေသည်၊ ဆိုင်ကယ်ပေါ်တွင် အေးစက်သည့်  လေတိုးတိုက်မှုကို ခံစားရသည်။

ရေချိုအင်းကြီးတစ်ခု၏ ဘေးတွင် တည်ရှိသည့် စစ်ရှောင်စခန်းတွင် တောင်ထန်းရွက်မိုး၊ ဝါးကတ်ကာထားသည့်တဲ့ အများအပြား တွေ့ရသည်။ 

အင်းအစပ် သောင်ပေါ်တွင် အမျိုးသမီး၅ ယောက်က အမျိုးသားတို့ဖမ်းလာသော ငါးအသေးလေးများကို ထောင်းနေသည်။ ငါးပိပြုလုပ်ရန်အတွက်ဖြစ်သည်။ 

ကမ်းစပ်တွင် ငါးထောင်းနေသော စစ်ရှောင်အမျိုးသမီးများ။ (ဓာတ်ပုံ – စောရယ်) 

အမျိုးသား၂ ဦးသည် ငါးများကို လှေဖြင့်လာပို့ပြီးနောက် အင်းထဲက ငါးဖမ်းနေသော နေရာသို့ပြန်သွားကြသည်။

ပိုမိုကြီးမားသော ငါးဘတ်၊ ငါးခူ၊ ငါးနွားကဲ့သို့သော ငါးများကိုမူ စစ်ရှောင်စခန်းထဲရှိ တဲကြီးတစ်လုံးရှေ့တွင် ခုတ်ထစ် သန့်စင်၍ လာဝယ်သူများကို ရောင်းသည်။

စစ်ရှောင်အမျိုးသမီးကြီးတစ်ဦးက သူ့တဲပေါ်တွင် ကျွန်တော်တို့ကို ငါးနွားဆီပြန်ဟင်း၊ ငါးပိရည်၊ သခွားသီးတို့စရာတို့ဖြင့် ထမင်းကျွေးသည်။ 

ပုဇွန်မြောင်းရွာတွင် ကိုယ်ပိုင်ခြံဖြင့် နေနိုင်ကြသူတို့မှာ စစ်ရှောင်စခန်းတွင်    ငါးဖမ်း၊ ငါးပိ ထုတ်လုပ်သူများ ဖြစ်လာသည်၊   အင်းသူကြီးက သူတို့ကို နေ့စားခ ကျပ်တစ်သောင်းစီ ပေးသည်ဟု သူတို့က ပြောသည်။  

အိမ်ထောင်စု ၃၉ စု၊  လူဦးရေ ၁၄၅ ယောက်နေထိုင်သည့်  စစ်ရှောင်စခန်းတွင် အများစုမှာ အမျိုးသမီး၊ ကလေးနှင့် သက်ကြီးရွယ်အိုများ ဖြစ်သည်၊   စားနပ်ရိက္ခာ၊ ဆေးဝါး၊ လေဒဏ်မိုးဒဏ်ခံနိုင်သည့် တဲအိမ်များလိုအပ်နေကြောင်း သိရသည်။

ကလေးငယ်များသည်   စေတနာ့ဝန်ထမ်း ကျောင်းဆရာအချို့သင်သည့် အိမ်စာသင်ဝိုင်းလေးတွင် သွား၍  ပညာသင်နေရကြောင်း စစ်ရှောင်စခန်း တာဝန်ခံ အသက် ၅၀ ကျော်အမျိုးသားကြီးက ဆိုသည်။

စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှု၊ လေတပ်  ဗုံးကြဲမှု စသည့်  အန္တရာယ်ကို စိုးရိမ်နေကြသည်။

၎င်းတို့ အဖြစ်ချင်ဆုံးဆန္ဒမှာ စစ်ပွဲကြောင့် ကြောက်ရွံ့ထိတ်လန့်နေရမှုများ မရှိတော့ဘဲ ၎င်းတို့ ဇာတိရွာသို့ ပြန်၍ ကိုယ်ပိုင်ခြံတွင်  အေးအေးချမ်းချမ်းနေထိုင်နိုင်ရန် ဖြစ်ကြောင်း ပြောပြကြသည်။

စစ်ကောင်စီတပ်စွဲထားသောပုဇွန်မြောင်းရွာအခြေအနေ

ပုဇွန်မြောင်းရွာတွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးများက အင်အား ၁၀၀ ကျော်အထိုင်ချထားပြီး ရွာထဲရှိအိမ်များကို မီးရှို့ထားသလို၊ အချို့အိမ်များကိုလည်း ဝယ်ချင်သူများအား လက်ညှိုးထိုးရောင်းချနေကြကြောင်း ၃၇၀၃ တပ်ရင်းမှ ရဲဘော်များက ပြောသည်။

၃၇၀၃ တပ်ရင်း၏ ပြည်သူ့လုံခြုံရေးတာဝန်ခံဖြစ်သူ ကိုမင်းမြတ်ဘုန်းသည် ယခင်က ညောင်လေးပင်မြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင်   ဆရာ တစ်ဦး ဖြစ်သည်။

စစ်တပ်အာဏာသိမ်းသောအခါ အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်လာသည်။

၎င်းသည် ပုဇွန်မြောင်းရွာတွင် ကျောင်းတက်၍ ကြီးပြင်းခဲ့သူဖြစ်ပြီး အဖေဖြစ်သူမှာလည်း ပုဇွန်မြောင်းရွာသားဖြစ်သည်။

ညောင်လေးပင်မြို့နယ် စာရေးဆရာအသင်းဥက္ကဌတာဝန်ယူခဲ့သူဖြစ်ပြီး ကဗျာဆရာတစ်ဦးလည်းဖြစ်သည်။  

ကိုမင်းမြတ်ဘုန်းနှင့် ၃၇၀၃ တပ်ရင်းမှ ရဲဘော်များ။ (ဓာတ်ပုံ – စောရယ်)

ကိုမင်းမြတ်ဘုန်းက ၎င်းကြီးပြင်းရာ ပုဇွန်မြောင်းရွာတွင်  အိမ်ခြေ ရာပေါင်းများစွာ မီးလောင်သွားပြီဖြစ်ကြောင်း၊ လက်ကျန်အိမ်များကိုလည်း စစ်ကောင်စီတပ်က ရောင်းချနေကြောင်း ပြောပြသည်။

“အခုဆိုရင် အိမ်လည်း ၈၀၀ လောက် မရှိတော့ဘူး။ အိမ်တွေကို ဒီအိမ်ကနေ ဒီအိမ်အထိ ၁၀ လုံးကို ဘယ်လောက်ဆိုပြီး လက်ညှိုးထိုးရောင်းစားလိုက်တယ်။ ပစ္စည်းတွေလည်း အကုန်ယူတယ်။ မီးကတော့ အခုချိန်အထိ စိတ်ကူးပေါက်သလို ရှို့နေတုန်းပဲ” ဟု ၎င်းက ဆိုသည်။

ထို့အပြင် လူထုဦးလှ၏ ဆွေမျိုးအချို့ထံမှ ရှေးဟောင်း ဗီရိုများကိုလည်း ပျူစောထီးများက ညောင်လေးပင်မြို့သို့ သယ်ယူသွားကြသည်၊ ရောင်းစားကြဖွယ်ရှိသည်ဟု ကိုမင်းမြတ်ဘုန်းကပြောသည်။

“လှစေတနာဆောင်ရှိတဲ့ စာသင်ကျောင်းကတော့ ရှိဦးမယ်။ တချို့ကျတော့ အဲဒီတုန်းက အမွေအနှစ် ပစ္စည်းတွေက အမျိုးတွေအိမ်မှာကျန်တာပေါ့။ ဒေါင်းရုပ်နဲ့ ဗီဒိုတွေ၊ ခြင်္သေ့ရုပ်နဲ့ ဗီရိုတွေ၊ အဲဒီဟာတွေက ညောင်လေးပင်မြို့ပေါ်က ပျူစောထီးတွေအိမ်ကို ရောက်နေကြပြီလို့ကြားတယ်။ ဘုရားတွေ၊ ဘုန်းကြီးကျောင်းတွေက ဆင်းတုတွေကအစ တချို့မရှိတော့ဘူး” ဟု ၎င်းက ဆိုသည်။

ဧပြီလ ၁၅ ရက်က ညောင်လေးပင်မြို့နယ် မြို့မ (၅) ရပ်ကွက်မှ ပျူစောထီးခေါင်းဆောင် ကိုလှိုင်မင်း မွန်ပြည်နယ် ကျိုက်ထီးရိုးဘုရားသို့ ရောက်လာစဉ်  NUG အမှတ် (၂) စစ်ဒေသခွဲလက်အောက်ခံ၊ ဗျူဟာ ၂၇ မှ တပ်ဖွဲ့ဝင်များက ကျိုက်ထိုမြို့နယ်၊ ကဒက်ချောင်းတွင် ဖမ်းဆီးခဲ့သည်။

ထို့နောက် ကိုလှိုင်မင်း၏ ဖြောင့်ချက် ရုပ်သံမှတ်တမ်းကို ဗျူဟာ ၂၇ က မေလ ၂ ရက်တွင် ၎င်းတို့ Facebook စာမျက်နှာတွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါရုပ်သံတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးများ  ပုဇွန်မြောင်းရွာ၌ကျူးလွန်သော အစုလိုက်အပြုံလိုက်လူသတ်မှုများအကြောင်း ပါဝင်လာသည်ကိုတွေ့ရသည်။

ကိုလှိုင်မင်းဦးဆောင်သည့် မြို့မ (၅) ပျူစောထီးအဖွဲ့သည် ၂၀၂၃ ခုနှစ် ဧပြီ လမှ ၂၀၂၄ ခုနှစ် ဇန်နဝါရီလအထိ ပုဇွန်မြောင်းရွာတွင်   တာဝန်ကျနေစဉ် အရပ်သားများပိုင်သည့် အိမ်များမှ သစ်များ၊ ပျဉ်ပြားများနှင့် ပရိဘောဂ ပစ္စည်းများကို ညောင်လေးပင်အခြေစိုက် ခမရ (၂၀) စစ်ကောင်စီတပ်မှ ဗိုလ်ကြီးကျော်စွာလင်းဦးဆောင်သော တပ်နှင့် ပေါင်း၍ ထုတ်ယူရောင်းစားခဲ့ကြောင်း ကိုလှိုင်မင်းက ပြောသည်။

“ကြေးကြိုးဆိုရင်လည်း ကျွန်တော်တို့ ဝါယာကြိုးတွေဖြုတ်ပြီးရောင်းစားခဲ့ပါတယ်။ အဲဒီမှာ ထမ်းဆောင်နေတဲ့ ကာလပတ်လုံး ကျွန်တော်စုစုပေါင်းရတာဆိုရင် ၁၅ သိန်းလောက်ရပါတယ်” ဟု ၎င်းက ရုပ်သံတွင် ပြောသည်။

ပုဇွန်မြောင်းရွာတွင် မိသားစုတစ်စုကို အရှင်လတ်လတ်မီးရှို့သတ်ခဲ့ကြောင်းလည်း ထွက်ဆိုထားသည်။

“၂၉ ရက် ၄ လ ၂၀၂၃ မှာ။ ၅၁ နဲ့တွဲရတဲ့အချိန်မှာ အိမ်တွေမှာ ရှင်းလင်းတဲ့အခါကျတော့ သူတို့မိသားစုတွေက ဘယ်မှသွားစရာနေရာမရှိလို့ဆိုပြီးပြောတယ်။ အဲဒါကို ဒလန်ပါဆိုပြီး ၅၁ တပ်က ဗိုလ်ကြီးက ဖမ်းလိုက်ပါတယ်။ အကုန်လုံးကို တိုင်မှာ ကြိုးတုပ်ပြီး အိမ်မှာမီးရှို့လိုက်ပါတယ်။ မီးရှို့လို့ အော်တဲ့အချိန်မှာ ၅၁ တပ်က ဗိုလ်ကြီးက ဆူနေတာပဲလို့ပြောတော့ သူ့တပည့်ကို မီးရှို့နေရင်းတန်းလန်းနဲ့ပဲ ပစ်သတ်ခိုင်းလိုက်ပါတယ်” ဟု ၎င်းက ပြောသည်။

ပုဇွန်မြောင်းရွာ စာသင်ကျောင်းအတွင်း၌ တွေ့ရသည့် အသက် ၃၀ အရွယ်အမျိုးသားတစ်ဦးကို  ပဲခူးမြို့အခြေစိုက် တပ်မ (၇၇) မှ စစ်သားတစ်ဦးက ကျေးရွာ ဈေးလမ်းတွင် မေးမြန်းစစ်ဆေးပြီး လည်ပင်းကို ဓားနှင့်လှီး၍ သတ်ဖြတ်ခဲ့ကြောင်း ကိုလှိုင်မင်းက ပြောသည်။

“သူကို့မေးတာ သူက ဗမာလိုမဖြေဘူး။ အဲဒါ တပ်မ ၇၇ က ခေါင်းတုံးက ဒီလောက်မေးတာ မဖြေအုံးဟဆိုပြီး ကျွန်တော့်ကို ချုပ်ခိုင်းပါတယ်။ သူကကျွန်တော့်ကို ခေါင်းကကိုင်လို့ပြောတယ်၊ ခေါင်းကိုငြိမ်အောင်ကိုင်ထားတယ်။ ရိုက်နှက်ပြီးမေးတော့လည်း မဖြေဘူး။ အဲဒါနဲ့ ၇၇ က ဂတုံးက လည်ပင်းကို ဓားနဲ့လှီးလိုက်ပါတယ်။ ဒီလောက်တောင်မဖြေချင်ဦးဟဆိုပြီး လည်လှီးလိုက်ပါတယ်” ဟု ကိုလှိုင်မင်းက ဆိုသည်။

ထို့အပြင် ပုဇွန်မြောင်းရွာအနောက်မြောက်ဘက် ၂ မိုင်အကွာ ရေဖြူကန်ရွာတွင်လည်း ၂၀၂၄ ခုနှစ်ဇူလိုင်တွင် ဈေးရောင်းရာမှ ပြန်လာသည့် အမျိုးသား ၆ ဦး၊ အမျိုးသမီး ၃ ဦးတို့ကို ပျူစောထီးနှင့် စစ်ကောင်စီတပ်သားတို့က ပစ်သတ်ပြီး ရွာထိပ် သီဟိုဠ်ပင်များအနီးတွင် မြေမြှုပ်ခဲ့ကြောင်း သူက ဆက်ပြောသည်။

အွန်လိုင်းသို့ရောက်လာသည့် သူ၏ဖြောင့်ချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီက တုံ့ပြန်ခြင်း မရှိသေးပေ။

၃၇၀၃ တပ်ရင်းမှ ရဲဘော်များကမူ ၎င်းတို့ ဇာတိရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးများကို ရှင်းလင်းတိုက်ထုတ်လိုကြသည်။

 ၃၇၀၃ တပ်ရင်း ပြည်သူ့လုံခြုံရေးတာဝန်ခံ ကိုမင်းမြတ်ဘုန်းက ရက်စက်ဖိနှိပ်မှုများ ကြုံရသည်နှင့်အမျှ စစ်ကောင်စီတပ်ကို မကြောက်မရွံ့ဆန့်ကျင်ရန် ခွန်အားများ ဖြစ်လာကြောင်းပြောသည်။

“ကျွန်တော်တို့ဆောင်ပုဒ်ရှိတယ်၊ ပိုနာလေ၊ ပိုမာလေပဲ။ နာသမျှ၊ မာကြရုံပဲ။ နောက်ပြန်လှည့်စရာလည်း မရှိဘူး။ ရှေ့သို့ပဲ” ဟု ၎င်းက မှတ်ချက်ပေးသည်။

တပ်ရေးတာဝန်ခံ ကိုသီဟကလည်း    ၃၇၀၃ တပ်ရင်းတွင် အခြားဒေသမှ လာရောက်တာဝန်ထမ်းဆောင်သည့် ရဲဘော်များရှိပြီး ၎င်းတို့ကို ဇာတိရပ်ရွာ ပြန်ပို့ပေးနိုင်ရန် တပ်ရင်းတွင်တာဝန်ရှိကြောင်း ဆိုသည်။

“ကျွန်တော်တို့ အိမ်တံခါးဖွင့်နိုင်ရုံနဲ့မရဘူး၊ သူတို့အိမ်တံခါးတွေပါ ဖွင့်နိုင်အောင်၊ သူတို့အိမ်ကို ရောက်အောင်လိုက်ပို့ဖို့ ကျွန်တော်တို့မှာတာဝန်ရှိတယ်” ဟု ကိုသီဟက  မှတ်ချက်ပေးသည်။

“ကျွန်တော်တို့ ဒေသတစ်ခုတည်း လွတ်မြောက်ရုံနဲ့ စစ်ကောင်စီလက်က လွတ်မြောက်သွားတာ မဟုတ်ဘူး။ အာဏာရှင်စနစ်ကြီးတစ်ခုလုံးပြိုလဲသွားမှ ကျွန်တော်တို့ ပြည်သူတွေအကုန်လုံးက အေးအေးချမ်းချမ်းနေရမှာ” ဟု ကိုသီဟက ဆက်ပြောလိုက်သည်။

Related Articles

Back to top button