၂၀၂၁ ဖေဖော်ဝါရီလ အာဏာသိမ်းမှုကို သန်းနှင့်ချီသောပြည်သူများက လမ်းပေါ်ထွက် ဆန့်ကျင်ကန့်ကွက်စဉ် ပစ်ခတ်ဖြိုခွင်းသည့် လက်နက်ကိုင်တို့က “သေရဲရင်ထွက်ခဲ့”ဟု ရာဇဝင်တွင်အောင် စိန်ခေါ်ခဲ့ကြသည်။
နေအိမ်ထဲအထိ လက်နက်တကားကားဖြင့် ဝင်ရောက်ကာ ရိုက်နှက်ဖမ်းဆီးခြင်း၊ လုံခြုံရေး ကင်မရာများကို ရိုက်ချိုးဖျက်ဆီးကာ “သေရဲရင်ထွက်ခဲ့”ဟု တတွင်တွင် စိန်ခေါ်ခဲ့ကြသည်။ ထိုသို့သော စစ်သားများ၊ ရဲများ၊ ယင်းတို့၏ လက်ပါးစေ အပေါင်းအပါများ၏ ခက်ထန်သည့် မျက်နှာများကို ပြည်သူတို့ မေ့ပစ်ကြမည်မဟုတ်ပေ။
စစ်သားများ၊ ရဲဝန်ထမ်းများသည် မိမိတာဝန်ကျရာ နယ်နိမိတ်မှ ပြင်ပသို့သွားလာရာတွင် သာမန်အရပ်သားဟန်ဆောင်ပြီး သွားလာနေကြရပြီဖြစ်သည်။
ရန်ကုန်မြို့တွင်း အုပ်ချုပ်ရေးမှူးများ၊ စစ်အရာရှိဟောင်းကြီးများ၊ စစ်ကောင်စီလက်ပါးစေဟု ယူဆရသူများကို မြို့ပြပျောက်ကြားတို့က မကြာခဏ ပစ်ခတ် သတ်ဖြတ်နေသဖြင့် သေရဲရင်ထွက်ခဲ့ဟု ပြောဆိုခံခဲ့ရသူတို့ ရင်ဆိုင်ရလေ့ရှိသည့် အကြောက်တရားသည် ယင်းတို့ထံ တဖန်ပြန်လှည့်သွားသည်။

ယခင်က ၎င်းတို့ ခရီးသွားလျှင် ကား Dashboard ပေါ်တွင် စစ်ဦးထုပ် တင်၊ စစ်ယူနီဖောင်းကို ထိုင်ခုံတွင် ချိတ်ထားသည့် နည်းလမ်းများသုံးပြီး ၎င်းတို့ မည်သူမည်ဝါ၊ မည်သည့်ဌာနမှ ဖြစ်ကြောင်း ပြုမူ သွားလာလေ့ရှိခဲ့ကြသည်။
လတ်တလော ၎င်းတို့ အဓိက အသုံးပြုနေသည့် ရန်ကုန်-မန္တလေးအမြန်လမ်းနှင့် လမ်းဟောင်းမှာ တော်လှန်ရေးအင်အားစု ခြေချနိုင်သော နေရာများ ဖြစ်လာရာ ၎င်းတို့ မကြာခဏ ဟန့်တား၊ စစ်ဆေးခံနေရပြီ ဖြစ်သည်။
ဇွန် ၈ရက်နေ့က ရန်ကုန်-မန္တလေး အမြန်လမ်းမိုင်တိုင် ၂၆၂ အနီးတွင် နမ့်စန်လေတပ်သို့သွားမည့်ဆီသယ်ယာဉ်နှင့် စစ်သားတချို့ကို တော်လှန်ရေးအင်အားစုက ဖမ်းဆီးရမိခဲ့သည်။
ဇန်နဝါရီလဆန်းပိုင်းကလည်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှလက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းထွန်းကို ရန်ကုန်-မန္တလေး အမြန်လမ်းမပေါ်တွင် ဖမ်းဆီးလိုက်သည်။
၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၇ရက်နေ့တွင် အမြန်လမ်းမိုင်တိုင်အမှတ် ၂၆၂တွင် မီးသတ်ဦးစီးဌာနမှ ညွှန်မှူး ရွှေဘနှင့်ဒေါ်ခင်နွဲ့ရွှေ ၊ ဒီဇင်ဘာ ၃၁ရက်တွင် ထောက်ပို့တပ်မှ တပ်ကြပ် ၁ဦး၊ စစ်သားတစ်ဦးနှင့် ဗိုလ်ကြီးတစ်ဦး၏ ဇနီး ဖြစ်သူတို့ကို တော်လှန်ရေး အဖွဲ့များက ဖမ်းဆီးခဲ့သည်။

အာဏာသိမ်း စစ်ခေါင်းဆောင်ကိုယ်တိုင် နေပြည်တော်တွင်လုပ်သည့် အခမ်းနားများသို့တက်ရောက်လျှင် လုံခြုံရေး အထူးတင်းကျပ်လေ့ရှိပြီး အခမ်းအနားကျင်းပရာ ခန်းမတွင်လည်း ဒရုန်းများ တိုက်ခိုက်မှုမရှိရန် Jammer ခေါ် ဒရုန်းခွင်း ကိရိယာများ ထားရှိခြင်းဖြင့် ကာကွယ်ထားရသည်။
နေပြည်တော်ပြင်ပသို့ သွားရောက်သည့် စစ်ကောင်စီ ဝန်ကြီးများနှင့် ကောင်စီဝင်များကိုလည်း စစ်ခေါင်းဆောင်ကိုယ်တိုင် လုံခြုံရေး ဂရုစိုက်ရန် မှာကြားလေ့ရှိကြောင်း ကောင်စီအဖွဲ့ဝင်တစ်ဦး၏ ရုံးအဖွဲ့ဝင် တစ်ဦးက ပြောဆိုသည်။
စစ်ကောင်စီသည် ယင်းတို့ရုံးစိုက်ရာ နေပြည်တော်သို့အဝင် တိုးဂိတ်တွင် ခရီးသည်များကို မှတ်ပုံတင်နှင့် တိုက်ဆိုင်စစ်ဆေးပြီးမှ ဝင်ခွင့်ပြုသည်။ ရန်ကုန်အဝင် အမြန်လမ်းအစတွင်လည်း လုံခြုံရေး အထူး တင်းကြပ် စစ်ဆေးလေ့ရှိသည်။

စိုးရွံ့မှုနှင့် ရုပ်ဖျက်နေကြရသူများ
ပြည်ထဲရေး၊ ကာကွယ်ရေးဝန်ကြီးဌာနတို့မှ ဝန်ထမ်းများကို ဆံပင်အတိုညှပ်ရန် ညွှန်ကြားချက်တစ်ခု မတ်လက ထွက်လာရာ ထိုဆံပင်ပုံစံအရ မည်သူမည်ဝါဖြစ်နိုင်ကြောင်း သိသာ ပေါ်လွင်ခြင်းကြောင့် ရဲတပ်ဖွဲ့ဝင်များအကြား မကျေမနပ် ဖြစ်ခဲ့သည်ဟု ဒုရဲအုပ်အရာရှိတစ်ဦးက ဆိုသည်။
“ခရီးသွားရင်တောင် ကိုယ့်ကို ရဲမှန်းမသိအောင် အရပ်ဝတ်နဲ့ သွားလာနေရတာ၊ အဲဒါကိုဆံပင်ညှပ်ဆိုတော့ ဆံပင်ကြည့်တာနဲ့ ရဲမှန်းတန်းသိအောင် လုပ်သလိုမဖြစ်ဘူးလား” ဟု အဆိုပါ အရာရှိက မေးခွန်းထုတ်သည်။
ထိုအခြေအနေများကြောင့် နေပြည်တော်နှင့် မြို့ကြီးများမှ စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်များအပြင် ဝန်ထမ်းအရာရှိနှင့် အမှုထမ်းတို့သည် လုံခြုံရေး အခြေနေကို အထူးစိုးရိမ်နေကြသည်ဟု သိရသည်။

နေပြည်တော် မိသားစုရှိရာ တစ်ပတ်အကြိမ် ကိုယ်ပိုင်ကားဖြင့် ပြန်လေ့ရှိသော်လည်း ယခုမူ ရထား၊ အဝေးပြေးကားများဖြင့်သာ မထင်မရှား သွားလာရတော့သည်ဟု ရန်ကုန်မြို့မှ ဌာနဆိုင်ရာဝန်ထမ်း အသက် ၄၀ကျော်အရွယ် အမျိုးသားတစ်ဦးက ဆိုသည်။
“ခရီးသွားရင် ပိုက်ဆံအိတ်ထဲ ဝန်ထမ်းကတ်ကို မထည့်ရဲတော့ဘူး။ PDFတွေနဲ့တွေ့လို့ ဝန်ထမ်းမှန်းသိရင် ခေါ်သွားမှာလည်း စိုးတယ်၊ အဲဒါကြောင့်မို့ အများပြည်သူလိုပဲ သွားလာတော့တယ်” ဟု ယင်းအမျိုးသားဝန်ထမ်းက ဆိုသည်။
စစ်ကောင်စီအုပ်ချုပ်မှု အားကောင်းသည့် ဒေသများတွင်သာ ဝန်ထမ်းများ ပုံမှန်အတိုင်း ပြုမူနေထိုင်ကြသည်။
တော်လှန်ရေးအင်အားစု တိုက်ခိုက်သိမ်းပိုက်ထားသည့် ရခိုင်ပြည်နယ်၊ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် စစ်ကောင်စီ အုပ်ချုပ်ရေးယန္တရား မရှိတော့ပေ၊ ဝန်ထမ်းအများအပြားလည်း ဖရိုဖရဲဖြင့် မြို့ကြီးများရှိ ဌာနများဆီသို့ တိမ်းရှောင်နေကြရသည်။
ပြီးခဲ့သည့် ၄ နှစ်အတွင်း ဇာတိမြေသို့ ပြန်မသွားနိုင်သည့်ဝန်ထမ်းလည်း အများအပြား ရှိသည်။

မှတ်ပုံတင်ပေါ်ရှိ အလုပ်အကိုင် ဖော်ပြချက်ကို ပြင်ဆင် ပြောင်းလဲကြကြောင်း လူဝင်မှုကြီးကြပ်ရေးဌာနဝန်ထမ်းများ၊ ထိုဌာနနှင့် နီးစပ်သူများက ပြောသည်။
“ခုဝန်ထမ်းတွေရော၊ စစ်တပ်က မိသားစုတွေရော မှတ်ပုံတင်မှာ အလုပ်အကိုင်ပြောင်းကြတာ အတော်များတယ်၊ အဓိက ခရီးသွားတဲ့အခါ ကြောက်ကြလို့တော့ပြောတယ်” ဟု ပဲခူးတိုင်းမှ ထိုဌာနနှင့် နီးစပ်သူတစ်ဦး ဆိုသည်။
ဂုဏ်ဆာမှု အန္တရာယ်
ရန်ကုန်-မန္တလေး အမြန်လမ်းတစ်လျှောက်တွင်လည်း စစ်ကောင်စီတပ်စခန်းများ ဆယ်နှင့်ချီ ထားရှိသော်လည်းတော်လှန်ရေး တပ်ဖွဲ့ဝင်များ၏ တိုက်ခိုက်ခြင်း မကြာခဏခံနေရသည်။ ထိုလမ်းသည် မိုင် ၃၆၀ရှည်လျားပြီး ကြားထဲတွင် နေပြည်တော်၊ ပဲခူးတိုင်း စသည့် မြို့နယ်များကိုဖြတ်သန်းဖောက်လုပ် ထားခြင်းဖြစ်သည်။
ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်တွင် တည်ရှိသည့် ကျောက်ဆည်၊ မြင်းခြံနှင့်မိတ္တီလာခရိုင်များသည် စစ်တပ်ထောက်ခံမှုအားကောင်းသည့် ဒေသများ ဖြစ်သည်။သို့သော် တောင်ငူမြို့နယ်နှင့် ရေတာရှည်မြို့နယ်တွင်လည်း ပဲခူးတိုင်းမှ တော်လှန်ရေးတပ်ဖွဲ့ဝင်များ လှုပ်ရှားနေသဖြင့် တိုက်ပွဲ မကြာခဏဖြစ်နေသည်။
ဖော်ဖော်ဝါရီ ၂၅နှင့် ၂၆ရက်နေ့များတွင် ရန်ကုန်-မန္တလေး လမ်းဟောင်းနှင့်ရထားလမ်းရဲကင်းစခန်း ၇ခုကို တော်လှန်ရေး တပ်ဖွဲ့ဝင်များက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စခန်းများကိုသိမ်းယူခဲ့သည်။
၂၀၂၄ ဒီဇင်ဘာ ၂၃ ရက်နေ့ကလည်း အမှတ်(၄-၁၀) မြင်းခြံခရိုင်တပ်ရင်းမှ တော်လှန်ရေးတပ်ဖွဲ့ဝင်များက နွားထိုးကြီး မြို့နယ်ရှိ ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်၃၁၈နှင့်၃၁၉ကြားရှိ လမ်းနှစ်ဘက်စလုံးကို ပိတ်ဆို့၍ ခရီးသွားပြည်သူများနှင့် တွေ့ဆုံစကားပြောဆိုခဲ့ပြီး ယင်းတို့၏ နယ်မြေစိုးမိုးနိုင်မှု အခြေအနေကို ပြသခဲ့သည်။
စစ်ကောင်စီ တပ်များကို တိုက်ခိုက်မည်ဖြစ်ပြီး ခရီးသွားပြည်သူများအားမလိုအပ်ဘဲ အမြန်လမ်းပေါ်တွင် ခရီးမသွားရန်၊ ညပိုင်းအချိန် မထွက်ကြရန်၊ တိုက်ပွဲဖြစ်ပွားနေပါက ကားဆက်မမောင်းဘဲ လုံခြုံသည့် နေရာများတွင် နေထိုင်ရန် တော်လှန်ရေး တပ်ဖွဲ့ဝင်များက သတိပေးခဲ့သည်။

ထိုအခြေအနေတို့ကြောင့် ဝတ်စားဆင်ယဉ်မှုကို ဆင်ခြင်နေရသည်ဟု အထက်ပါ ရဲအရာရှိကပြောသည်။
“ကျွန်တော်တို့ဆိုရင် တန်းစီတဲ့အချိန်ပဲဝတ်တာ၊ ကျန်တဲ့အချိန်က အရပ်ဝတ်နဲ့ပဲ သွားတာ၊ ယူနီဖောင်းကြီးဝတ်ပြီး ဂုဏ်ဆာလို့ရတဲ့ခေတ်လည်း မဟုတ်ဘူးလေ၊ ယူနီဖောင်းက ကိုယ်အသက်အန္တရာယ် ရှိတယ်” ဟု ဒုရဲအုပ်က ဆိုသည်။
၄ နှစ်အတွင်း ပြည်သူ့နေအိမ် သိန်းနှင့်ချီကို မီးရှို့၊ စာသင်ကျောင်းများ တိုင်းရင်းသားနယ်မြေများရှိ သာသနာ့အဆောက်အအုံများကို ဗုံးကြဲ၊ လူထောင်ပေါင်းများစွာကို သတ်ဖြတ်ရမ်းကားခဲ့သည့် စစ်တပ်သည် ယခုအခါ စစ်တပ်သမိုင်းတွင် မရှိခဲ့ဖူးသည့် ဖြစ်ရပ်များ ကြုံတွေ့နေရသည်။ စစ်ဌာနချုပ်များကို တော်လှန်ရေး အင်အားစုက သိမ်းပိုက်ခြင်း၊ မြို့ကို ထိန်းချုပ်နိုင်မှု လက်လွှတ်ဆုံးရှုံးရခြင်း၊ တော်လှန်ရေး အင်အားစုထံ လက်နက်ချခြင်းတို့မှာ ဖြစ်ရိုးဖြစ်စဉ် ဖြစ်လာသည်။
လက်နက်မဲ့ပြည်သူများကို သေရဲရင် ထွက်ခဲ့ဟု တစ်ချိန်က ရိုင်းပြစွာ စိန်ခေါ်ခဲ့သူများသည် လက်နက်ကိုင်ပြီး အကြောက်တရားနှင့် နေထိုင်နေရသူများ ဖြစ်လာသည်။



