အမျိုးသမီးငယ်တစ်ဦးကို လိင်ပိုင်းဆိုင်ရာ နှောက်ယှက်စော်ကားကြောင်း စွပ်စွဲခံနေရသည့် ကိုမင်းသူကျော်(ခ) မောက်ခမ်းဝါဆိုသူကို တပ်ဖွဲ့ဝင်အဖြစ်မှ ထုတ်ပယ်လိုက်ပြီး ၎င်းပါဝင်ပတ်သက်ခဲ့သည့် သူပုန်ကော်ဖီ ငွေအရှုပ်အရှင်းကိစ္စများအတွက် အမျိုးသားညီညွတ်ရေးအစိုး(NUG) တရားရေးမဏ္ဍိုင်ကို ဦးတိုက်လျှောက်ထားနိုင်ရန် စီစဉ်နေကြောင်း ကရင်နီအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ် (လွိုင်ကော် PDF) က ပြောသည်။
အသက် ၃၀ နှစ်အရွယ် မောက်ခမ်းဝါသည် လွိုင်ကော် PDFတွင် ထောက်ပို့နှင့် ဘဏ္ဍာရေးကိစ္စများကို တာဝန်ယူခဲ့သူဖြစ်ပြီး နယ်သာလန်အခြေစိုက် World Press Photo Foundation က ပေးသည့် ၂၀၂၃ အတွက် နိုင်ငံတကာဓာတ်ပုံပြိုင်ပွဲတွင် ဆုရရှိခဲ့သော ဓာတ်ပုံဆရာတစ်ဦးလည်း ဖြစ်သည်။
သူပုန်အမှတ်တံဆိပ် လက်ဖက်ခြောက်နှင့် ကော်ဖီထုတ်လုပ်နိုင်ရန် မောက်ခမ်းဝါက အကြံဉာဏ်ရခဲ့ပြီး Shwe Pure Co., Ltd ပိုင်ရှင်များက ၂၀၂၄ ဇွန်တွင် တည်ထောင်ရင်းနှီးလုပ်ကိုင်ခဲ့ကာ အမြတ်ငွေကို ကုမ္ပဏီက ၆၀ ရာခိုင်နှုန်း၊ လွိုင်ကော် PDF က ၄၀ ရာခိုင်နှုန်းခွဲယူရန်သဘောတူညီခဲ့သည်ဟု ဆိုသည်။ ယခုနှစ် ၂၀၂၅ နှစ်ဆန်းတွင် ထိုလုပ်ငန်းကို လွိုင်ကော် PDF က ရာနှုန်းပြည့်လွှဲပြောင်းယူခဲ့သည်ဟု သိရသည်။
ယခုနှစ် မေ ၂၃ ရက်နေ့တွင် မောက်ခမ်းဝါက အမျိုးသမီးငယ်တစ်ဦးအပေါ် လိင်ပိုင်းဆိုင်ရာနှောက်ယှက် စော်ကားသည့် သတင်းနှင့်အတူ တပ်ရင်းရန်ပုံငွေရှာဖွေသည့် သူပုန်ကော်ဖီလုပ်ငန်းတွင် ငွေကြေးဆိုင်ရာ အလွဲသုံးစားမှုရှိနေကြောင်း စွပ်စွဲမှုများပေါ်ပေါက်လာသလို တစ်ပြိုင်တည်းတွင် ကုမ္ပဏီနှင့် လွိုင်ကော် PDF တို့ကြားအကျိုးတူဆောင်ရွက်စဉ်က ငွေကြေးအရှုပ်အရှင်းသတင်းများ ပိုမိုကျယ်ပြန်လာခဲ့သည်။
ဇွန် ၁၆ ရက်နေ့တွင် ငွေစာရင်းများရှင်းလင်းရန် နှစ်ဖက်တာဝန်ရှိသူများနှင့် လေ့လာသူများ တွေ့ဆုံခဲ့ကြပြီး ယခုဖြစ်စဉ်သည် နွေဦးတော်လှန်ရေးတွင် မှတ်တမ်းတစ်ခုအဖြစ် ကျန်ရှိမည့်ကိစ္စဖြစ်၍ NUG အစိုးရ၏ တရားစီရင်မှုကို ခံယူမည်ဖြစ်ကြောင်း လွိုင်ကော် PDF တပ်ရင်းမှူး မိုးဟိန်းက ပြောဆိုသည်။
“တော်လှန်ရေးကာလဖြစ်တဲ့အတွက် ကျွန်တော်တို့ရဲ့ တော်လှန်ရေးအစိုးရ NUG ပေါ့နော်၊ NUG ရဲ့ တရားရေးမဏ္ဍိုင်ကို ကျွန်တော်တို့က အဆိုတင်သွင်းမယ်။ သူတို့ရဲ့ ဆုံးဖြတ်ချက်ချတဲ့ဟာကို ကျွန်တော်တို့က ခံယူမယ်လို့ စဉ်းစားထားတာရှိတယ်။ အပြစ်ပေးမလား၊ မပေးမလားဆိုတာကတော့ လွိုင်ကော် PDF ကတော့ မပြောဘူး” ဟု ၎င်းက ထိုတွေ့ဆုံရှင်းလင်းပွဲတွင် ပြောသည်။
“မှတ်တမ်းတွေရပြီ။ ပြီးတော့ စာရင်းအင်းတွေလည်းပေါ်ပေါက်လာပြီ။ စာရင်းဇယားတွေလည်း အကုန်လုံးရှင်းပြီးသွားပြီဆိုရင် သူသည်အပြစ်ရှိလားမရှိလားဆိုတာတော့ NUG ရဲ့ တရားရေးမဏ္ဍိုင်ကနေပြီးတော့ ဆုံးဖြတ်ချက်ချလိုက်မှာပေါ့။ အဲ့ဒါကို ကျွန်တော်တို့က ကျေကျေနပ်နပ် ခံယူမယ်ပေါ့။ ဒီလိုပဲရှိမှာပေါ့။ နောက်ပြီးတော့ စာချုပ်ကိစ္စတွေဘာတွေလည်းဒီလိုပဲသွားမှာပေါ့”
ဇွန် ၁၂ တွင် လိင်ပိုင်းဆိုင်ရာနှောက်ယှက် စော်ကားမှုဖြင့် စွပ်စွဲခံထားရသည့် မောက်ခမ်းဝါကို ထုတ်ပယ်ပြီးဖြစ်ကြောင်း လွိုင်ကော် PDF က သတင်းထုတ်ပြန်သည်။ လက်ရှိတွင် မောက်ခမ်းဝါနှင့် အဆက်သွယ်မရှိကြောင်း လွိုင်ကော် PDF က ဆိုသည်။
Shwe Pure Co., Ltd ပူးပေါင်းထုတ်လုပ်စဉ် မောက်ခမ်းဝါသည် လွိုင်ကော် PDF ကိုယ်စားလှယ်အဖြစ် သူပုန်လက်ဖက်ခြောက်နှင့် ကော်ဖီလုပ်ငန်းတွင်ပါဝင်ခဲ့ပြီး ထိုလုပ်ငန်းမှ အကျိုးအမြတ်အဖြစ် ၂၀၂၄ ဩဂုတ်မှ ဒီဇင်ဘာထိ ၆ လစာ ဘတ်ငွေ ၂၇၀,၀၀၀ ကျော်လွှဲပြောင်းပေးခဲ့သည်။ ထိုအဝင်အထွက်စာရင်းမှာ ပေးသူနှင့် ယူသူကြား ကိုက်ညီမှု ရှိသည့်စာရင်းဖြစ်သည်ဟု ထိုဆွေးနွေးပွဲအရ သိရသည်။
သို့ရာတွင် မောက်ခမ်းဝါအနေဖြင့် ထိုင်းနိုင်ငံ ချင်းမိုင်နှင့် မဲဆောက်မြို့များသို့ ကုန်ပစ္စည်း ဖြန့်ဖြူးပေးရာတွင် အရောင်းကိုယ်စားလှယ်အဖြစ်ရယူ၍ ငွေကြေးပမာဏနှုန်းထားတစ်ခုကို ရောင်းချသည့် ကုန်ပစ္စည်းပေါ်မှ ကိုယ်ကျိုးအတွက်ယူခဲ့သည်ဟု ဆိုသည်။
ထို့အပြင် သူပုန်လက်ဖက်ခြောက်နှင့်ကော်ဖီရောင်းရာတွင် စားရင်းဇယားနှင့် ငွေကြေးစီးဆင်းမှုများ မရှင်းလင်းခြင်းကြောင့် ရရှိသောငွေပမာဏသည် အမြတ်ငွေ၏ ၄၀ ရာခိုင်နှုန်းဟုတ်မဟုတ် မစိစစ်နိုင်ကြောင်း၊ ထို့ကြောင့် ၂၀၂၅ နှစ်ဆန်းပိုင်းတွင် ဘတ် ၁ ဒသမ ၂ သန်းခန့်ရင်းနှီးမြှုပ်နှံ၍ ကုမ္ပဏီကို ရာနှုန်းပြည့်ရယူခဲ့ကြောင်း လွိုင်ကော် PDF က ဆိုသည်။
လုပ်ငန်းမလွဲယူမီ ငွေစာရင်းများကို Shwe Pure Co., Ltd က ရှင်းလင်းပေးခြင်းမရှိကြောင်း လွိုင်ကော် PDF ဘက်က ပြောဆိုထားပြီး ကုမ္ပဏီဘက်ကမူ ထိုစာရင်းဇယားများကို အွန်လိုင်းပေါ်မှ တစ်ဆင့်ကြည့်ရှုနိုင်ရန် တင်ပြထားကြောင်း ပြောဆိုသည်။
သို့သော် စာရင်းများသည် သံသယဖြစ်ဖွယ်စရိတ်များနှင့်ပတ်သက်၍ ရှင်းလင်းခြင်းမရှိသလို စွပ်စွဲခံထားရသူများအနေဖြင့် ငွေကြေးမည်မျှအလွှဲသုံးစားမှုရှိသည်ကိုလည်း အတိအကျမသိရသေးပေ။
ထိုကြောင့် ထိုငွေစာရင်းများကို နှစ်ဖက်အဖွဲ့အစည်းများက အဆိုပြုထားသည့် စာရင်းစစ်နှစ်ဦးနှင့် လွတ်လပ်သည့် စာရင်းစစ်တစ်ဦးတို့ဖြင့် ပူးပေါင်းစစ်ဆေးရန်သဘောတူခဲ့ကြောင်း လွိုင်ကော် PDF နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ နှစ်ဖက်စလုံးသည် မောက်ခမ်းဝါကို အပြည့်အဝ ယုံစားမှု၏ ဆိုးကျိုးများဖြစ်ကြောင်း ၎င်းက ယူဆသည်။
တော်လှန်ရေးတပ်ရန်ပုံငွေအတွက် ဦးစားပေးဖြန့်ချိသည့် သူပုန်ကော်ဖီနှင့် သူပုန်လက်ဖက်ခြောက်ကို ပြည်တွင်းပြည်ပ ဖြန့်ဖြူးရောင်းချနေပြီး ပုံမှန်ဈေးနှုန်းထက်ပိုများသော်လည်း စစ်ကောင်စီကို ဆန့်ကျင်တော်လှန်သည့် ပြည်သူများက အဓိကဝယ်ယူအားပေးကြသည်။
အမျိုးသမီးတစ်ဦးအပေါ် လိင်ပိုင်းဆိုင်ရာနှောက်ယှက်စော်ကားသည့် မောက်ခမ်းဝါကို ကရင်နီပြည်နယ် ကြားကာလတရားဥပဒေများအရ အရေးယူပေးရန် ဂျန်ဒါတရားမျှတမှုဆိုင်ရာ အဖွဲ့အစည်းများက ဇွန် ၁၄ ရက်စွဲဖြင့် သတင်းထုတ်ပြန်ထားသည်။
လိင်ပိုင်းဆိုင်ရာစွဲချက်နှင့် ပတ်သက်ပြီး သတင်းစတင်ထွက်ပေါ်လာစဉ် မောက်ခမ်းဝါက အမှားအယွင်း ကျူးလွန်ခဲ့မိကြောင်း၊ ဝန်ချတောင်းပန်ကြောင်း facebook တွင် ရေးခဲ့သည်။
“ပြစ်ဒဏ်အားလုံးကို ရဲရဲကြီးပဲ ရင်ဆိုင်ပါ့မယ်။ ဘယ်ကိုမှ မရှောင်ပြေးပါဘူး။ ပိုကောင်းတဲ့ လူတစ်ယောက်ဖြစ်လာဖို့လည်း ကြိုးစားရှင်သန်သွားပါ့မယ်” ဟု သူက ဇွန် ၁၂ တွင် ရေးသားခဲ့သည်။
သူပုန်လက်ဖက်ခြောက်၏ ငွေကြေးပိုင်းဆိုင်ရာ အငြင်းပွားမှုနှင့် ပတ်သက်ပြီး သူက တုံ့ပြန်ခြင်း မရှိသေးပေ။



