မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အရှေ့ခြမ်းတွင် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေရာ စစ်ကောင်စီလေတပ် က လေကြောင်းတိုက်ခိုက်မှုများ အရှိန်မြှင့်နေသည်ဟု ဒေသခံများနှင့်တော်လှန်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။
ယနေ့ (ဇွန် ၁၈) နံနက်တွင် မန္တလေးမြို့မြောက်ဘက် ၁၈ မိုင်အကွာ၊ မတ္တရာမြို့အရှေ့တောင်ဘက် ၆ မိုင်ခွဲ အကွာရှိ ထန်းပင်ကုန်း၊ ဘိုကုန်း၊ ကင်းစသော ကျေးရွာများအနီး တိုက်ပွဲများ ပြင်းထန်နေပြီး ထောက်ပို့ လေယာဉ် ၂ စီးဖြင့် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သည်ဟု ဒေသခံအမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။
“ထန်းပင်ကုန်းနဲ့ ဘိုကုန်းနားက ၇၀ ကုန်း၊ ကင်းရွာတို့ကို Y-12 နှစ်စီးနဲ့ လာချတာ ည ၁ နာရီခွဲက။ ပတ်လည်အင်းနားက တာယာစက်ရုံကိုလည်းချတယ်”
တိုက်ပွဲအခြေအနေအသေးစိတ်ကိုမူ မသိရှိရသေးဘဲ လေကြောင်းတိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်က မှားယွင်းတိုက်ခိုက်မှုကြောင့် ၎င်းတို့(စစ်ကောင်စီ)တပ်သားများအထိနာခဲ့သည်ဟု ကြားသိရကြောင်း ၎င်း က ဆက်ပြောသည်။
“သူတို့ထဲသူတို့ မှားချတာ အသေအပျောက်များတယ်လို့ကြားတယ် ။ ဒီဘက်ကတော့ အထိအခိုက်မရှိဘူး လို့လည်းပြောတယ်”ဟု ထိုသူက ဆိုသည်။
အထက်ပါအချက်နှင့်ပတ်သက်ပြီး Myanmar Now အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
စစ်ကောင်စီက တရားဝင်သတင်းထုတ်ပြန်ခြင်း မရှိသော်လည်း စစ်တပ်ဝါဒဖြန့်အွန်လိုင်းမီဒီယာတချို့က မတ္တရာတွင် တိုက်ပွဲဖြစ်နေပြီး မန္တလေး-မိုးကုတ်လမ်းပေါ်ရှိ PDFစခန်းများ၊ဘန်ကာများနှင့် အလောင်း လက်နက်များ ရရှိထားကြောင်း၊ အရှင်ဖမ်းမိသူများလည်းရှိကြောင်း ဖော်ပြနေကြသည်။
“အဲဒီအလောင်းလက်နက်တွေရတဲ့ အခြေအနေက မဟုတ်ပါဘူး။ လမ်းကတော့ အဲ့ဘက်တကြောက သူတို့ (စစ်ကောင်စီ) ရတယ်ပဲ ထားပါတော့။ ဒီဘက် တံငါထိက ဒီဘက်(MDY-PDF)က သိမ်းထားတယ် ”ဟု အထက်ပါ ဒေသခံအမျိုးသားက ဆက်ပြောသည်။
မတ္တရာမြို့နယ်မှ စစ်ရေးရင်းမြစ်တစ်ဦးကလည်း ထန်းပင်ကုန်း၊ ဘိုကုန်းရွာများတဝိုက်တွင် တိုက်ပွဲများ ပြင်းထန်နေသည်ဟု Myanmar Now ကို အတည်ပြုသည်။
တိုက်ပွဲအခြေအနေနှင့်ပတ်သက်၍ ထိုဒေသတွင် အဓိက စစ်ရေးလှုပ်ရှားသော ပြည်သူ့ကာကွယ်ရေး တပ်မတော်-မန္တလေး(MDY-PDF) သတင်းတာဝန်ခံကို ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။
မန္တလေးမြို့နှင့်နီးကပ်နေသည့် မတ္တရာမြို့နယ် အရှေ့တောင်ဖက်ကျေးရွာများတွင် ယခုလဇွန်လဆန်းမှ စ၍ တိုက်ပွဲများပြင်းထန်စွာပြန်လည်ဖြစ်ပွားနေသည်ဟု အသက် ၂၀ ကျော်အရွယ် ဒေသခံအမျိုးသား တစ်ဦးက ဇွန် ၉ ရက်နေ့က ပြောထားသည်။
“မတ္တရာမြို့ပေါ်နဲ့ နီးတဲ့နေရာတွေ၊ မန္တလေးဘက်ကိုကပ်မယ့်ရွာတွေဖက်တွေမှာ ဖြစ်နေတာ။ စစ်တပ်က စစ်ကြောင်းထိုးလို့ ပါသွားတာရှိတယ်။ အဲဒါတွေကိုပြန်သိမ်းတာတွေရှိတယ်။ အခြေအနေက မငြိမ်သေး ဘူးခင်ဗျ”ဟု ၎င်းကပြောသည်။
ပြီးခဲ့သည့် ဇွန် ၇နှင့် ၈ ရက်နေ့များတွင် ထန်းပင်ကုန်းကျေးရွာသို့ စစ်ကောင်စီတပ်၏ လေကြောင်း တိုက် ခိုက်မှုများအပြင်းအထန်ပြုလုပ်ကြောင်း၊ယင်းအပြင် မြေပြင်စစ်ကြောင်းဖြင့်လည်း ပြည်သူပိုင်နေအိမ် များအား မီးရှို့မှုများပြုလုပ်ကြောင်း ၎င်းက ဆိုသည်။
ထို့ပြင် ဇွန် ၅ ရက်နေ့ ညနေကလည်း MDY-PDF သိမ်းပိုက်ထားသည့် တရုတ်ရင်းနှီးမြှုပ်နှံမှုဖြစ်သည့် Alpha ဘိလပ်မြေစက်ရုံနှင့်အနီးတဝိုက် အောင်သပြေကျေးရွာအပါအဝင် ကျေးရွာတချို့ကို လေကြောင်း မှ ဗုံး ၂ လုံးကြဲချကြောင်း၊ မန္တလေးမြို့အနီး ထီးတော်မိုးစစ်တပ်နှင့်ပုသိမ်ကြီးမြို့နယ် မြကန်သာကျေးရွာ အထိုင်စခန်းများမှလည်း လက်နက်ကြီးများ ၁၀ လုံးထက်မနည်းပစ်ခတ်ကြောင်းဒေသခံများကို ကိုးကား ၍ သိရှိရသည်။
ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ပြောရေးဆိုခွင့်ရှိသူ ရဲဘော်နီနီကျော်က မတ္တရာအရှေ့ခြမ်း တွင် တိုက်ပွဲပြင်းထန်နေပြီး ၎င်းတို့ PLA ရဲဘော်များလည်း ပူးပေါင်းတိုက်ပွဲဝင်နေသည်ဟု ယခုလဆန်း က Myanmar Now ကို ပြောထားသည်။
မတ္တရာမြို့နယ်မှ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက မြို့နယ်အရှေ့ပိုင်း တိုက်ပွဲပြင်းထန်နေပြီး လေကြောင်း တိုက်ခိုက်မှုများ စိပ်နေကြောင်း၊ အနောက်ပိုင်းကိုမူ စစ်ကောင်စီတပ်က ထိန်းချုပ်ထားဆဲ ဖြစ်သည်ဟု ဆိုသည်။
“မတ္တရာမြို့ပတ်ချာလည်လောက်ပဲ စကစက စိုးမိုးထားတာ။ မတ္တရာမြို့ရဲ့တစ်ဝက်ကျော်လောက်ကို တော်တော်များများ ကျွန်တော်တို့ စိုးမိုးထားနိုင်တယ်။ ကျွန်တော်တို့ထိန်းချုပ်နေရာတွေမှာ အုပ်ချုပ်ရေး ကိစ္စတွေလည်း အကုန်လည်ပတ်ပါတယ်”ဟု ပြောသည်။
“အနောက်ခြမ်းကတော့ အကုန် စကစ စိုးမိုးထားဆဲဗျ။ မြစ်ကြောင်းရဲ့အနောက်ဖက်ရွာတွေကလွဲလို့ပေါ့။ ဥဒိန်၊ စိန်ပန်းကုန်း ၊ သမင်ခြံ၊ ရှင်လ၊ ဟင်္သာကုန်း၊ သုံးဆယ်ပေး အဲ့တကြောကို သူတို့(စကစ) စိုးမိုးထား တယ်”
နိုင်ငံအလယ်ပိုင်းစီးပွားရေးအချက်အခြာကျသည့် မန္တလေးမြို့နှင့်မိုင်၂၀အကွာ မတ္တရာမြို့နယ်အတွင်း စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး(MDY-PDF)တို့ ပြီးခဲ့သည့်၂၀၂၃ခုနှစ် ဇွန် ၂၅ ရက်မှစကာ တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်သည်။
မတ္တရာမြို့နယ်မှ စခန်း ၃၂ ခု၊ ပုသိမ်ကြီးမြို့နယ်မှ Alphaဘိလပ်မြေစက်ရုံရှိကင်းစခန်း၊ စစ်ကောင်စီခန့် မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်းဦးမောင်ကို ပိုင်ဆိုင်သည့်ရွှေတွင်းတို့ အပါအဝင် စခန်း ၃ ခုရရှိထားပြီး တိုက်ပွဲများဆက်လက်ဖြစ်ပွားနေသည်။
တိုက်ပွဲများအတွင်း အရပ်သားသေဆုံးမှုများ များပြားခဲ့ပြီး လူနေအိမ်ထောင်နှင့်ချီကာ မီးရှို့ဖျက်ဆီးခံခဲ့ရ သည်။ လူဦးရေ တစ်သောင်းနီးပါးလည်း အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ကြရသည်ဟု မတ္တရာမြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့၏စာရင်းများအရ သိရသည်။
တိုက်ပွဲများပြင်းထန်နေသည့် မတ္တရာမြို့နယ်မှ ပြီးခဲ့သည့်နှစ်ဒီဇင်ဘာတစ်လအတွင်း လက်နက်ကြီးရန် ကြောင့် ကလေးငယ်များအပါအဝင် ဒေသခံ ၁၀ ဦးကျော် သေဆုံးခဲ့ပြီး အောက်တိုဘာလကုန်မှ နိုဝင်ဘာ အထိ တစ်လကျော်အတွင်း လူဦးရေ ၃၀ ကျော် သေဆုံးခဲ့သေးသည်။




