တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့ရှိ ကျားဖြန့် (အွန်လိုင်းငွေလိမ်လုပ်ငန်း)ရုံ နှစ်ရုံမှ တရုတ်နိုင်ငံသား ၄၁ဦး အပါအဝင် ၁၃၈ ဦးကို စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့တို့က ဝင်ရောက် ဖမ်းဆီးခဲ့ပြီး တရုတ်နိုင်ငံသားများ ကို စီစစ်နေသည်ဟု ဒေသခံများက ပြောသည်။
ဇွန် ၁၆ ရက်နေ့ နံနက်ပိုင်းတွင် ကျားဖြန့်အလုပ်ရုံအများစုရှိရာ မူဆယ်မြို့ စွမ်စော်နှင့် ဟိုနားရပ်ကွက်တို့ ရှိ နှစ်ရုံအား ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်ဟု ဖြစ်စဉ်အခြေအနေကို သိရှိသည့် ဒေသခံတစ်ဦးက Myanmar Now ကို ပြောသည်။
“ကျားဖြန့်ရုံတွေက မူဆယ်မှာ အများကြီး …အခုက တိုင်တဲ့သူရှိလို့ ဝင်ဖမ်းတဲ့ သေဘာပါပဲ။ ထုံးစံအတိုင်း တရုတ်နိုင်ငံသားတွေလည်းမိတယ်။ ခေါင်းဆောင်တွေပေါ့။ မြန်မာနိုင်ငံသားတွေလည်း ပါတယ်”
ဖမ်းဆီးရမိသူများအား စီစစ်နေပြီး တရုတ်နိုင်ငံသား ၄၁ ဦးအား လူဝင်မှုကြီးကြပ်ရေးဥပဒေ၊ မြန်မာနိုင်ငံ သား ၉၈ ဦးအား ဆက်သွယ်ရေးဥပဒေဖြင့် အမှုဖွင့်ထားသည်ဟု မူဆယ်ဒေသခံနောက်တစ်ဦးက ဆိုသည်။
“တရုတ်နိုင်ငံသားတွေကို လ၀ကအရာရှိတွေက အမှုဖွင့်ထားတယ်။ သူတို့ကို ပြည်နှင်ဒဏ်ပေးမှာပေါ့။ အရင်လည်း ဒီအတိုင်းပဲ လုပ်ခဲ့တာ”
တရုတ်နိုင်ငံသားများအား ပြည်နှင်ဒဏ်ပေးရန် အချိန်စောင့်ဆိုင်းရမည်ဖြစ်၍တရားရုံးတွင် ရမန်ယူကာ ရဲအချုပ်တွင်ထားမည်ဟု သိရသည်၊ ဖမ်းဆီးခံရသူများထဲတွင် အမျိုးသမီး ၃၈ဦးပါဝင်သည်ဟု မူဆယ် ဒေသခံများက ဆိုသည်။
အဆိုပါဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားသည်။
စစ်ကောင်စီလက်အောက်ခံ လက်နက်ကိုင်ပြည်သူ့စစ်တပ်ဖွဲ့ အစောင့်အရှောက်ဖြင့် ဖွင့်ထားသည့် မူဆယ်မြို့ရှိ လောင်းကစားရုံအမည်ခံ အဆောက်အအုံများတွင် တရုတ်နိုင်ငံသားများ ဦးဆောင်သည့် ကျားဖြန့်လုပ်ငန်းရုံ ရာဂဏန်းနီးပါးအထိ ရှိနေသည်ဟု မူဆယ်ဒေသခံများထံက သိရသည်။
မူဆယ်မြို့ စွမ်စော်ရပ်ကွက်၊ ကောင်းမုတုံရပ်ကွက်၊ မင်္ဂလာမူဆယ်ရပ်ကွက်၊ သိန်းသန်းချီ ကားကြီးကွင်း ၊ ကားလေးကွင်း စသည့်နေရာများတွင် လောင်းကစားအမည်ခံ ကျားဖြန့်လုပ်ငန်းရုံများ အဓိက အခြေစိုက်သည်ဟု ဒေသခံတို့ကပြောသည်။
“တရုတ် Wechat မှာ ပါလာရင်ဖမ်းတယ်။ တိုင်တဲ့သူရှိရင် ဖမ်းတယ်။ ငြိမ်နေရင်တော့ ငြိမ်သလို လိုင်းကြေးနဲ့ပဲ ပြီးနေကြတာပါ။ အမြစ်ပြတ်ဖို့မလွယ်ဘူး။ စစ်တပ်ကလည်း မူဆယ်က ဝန်ထမ်းတွေ အနေအစားချောင်အောင် လွှတ်ထားပေးတာပါ”
“၁ဝ၂၇ စစ်ဆင်ရေး” ကာလအတွင်း တရုတ်နယ်စပ် နမ့်ခမ်းမြို့၊ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်၊ ကြူကုတ် – ပန်ဆိုင်းမြို့များအား ညီနောင်မဟာမိတ် သုံးဖွဲ့က သိမ်းပိုက်ထားပြီး မူဆယ်မြို့အား စစ်ကောင်စီတပ်က ဆက်လက် ထိန်းချုပ်ထားနိုင်သည်။
၂၀၂၄ စက်တင်ဘာအတွင်း မူဆယ်မြို့ မင်္ဂလာမူဆယ်ရပ်ကွက်ရှိ ကျားဖြန့်ရုံများအား စစ်ကောင်စီတပ် နှင့်ရဲတို့က ဝင်ရောက်စီးနင်းရာ အဆိုပါရုံများအား လုံခြုံရေးယူထားသည့် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့များနှင့် ပစ်ခတ်မှုဖြစ်ခဲ့သည်။
အဆိုပါစီးနင်းမှုအတွင်း တရုတ်နိုင်ငံသား၂၄၇ ဦးနှင့် မြန်မာနိုင်ငံသား ၅၀၀ကျော်ကို ဖမ်းဆီးရမိခဲ့ပြီး တရုတ်နိုင်ငံသားများအား ပြည်နှင်ဒဏ်ပေးကာ မြန်မာနိုင်ငံသားများအား ဆက်သွယ်ရေးဥပဒေဖြင့် အမှုဖွင့် တရားစွဲဆိုခဲ့သည်။
ကျားဖြန့်လုပ်ငန်းများအား နှိမ်နှင်းမည်ဟု ကြိမ်းဝါးထားသည့် တရုတ်နိုင်ငံအနေဖြင့် နယ်စပ် မူဆယ်မြို့ အတွင်းရှိ အဆိုပါလုပ်ငန်းများအား ယနေ့အထိ ထိရောက်စွာ နှိမ်နင်းနိုင်ခြင်း မရှိသေးပေ။
မူဆယ်မြို့ကဲ့သို့ပင် စစ်ကောင်စီထိန်းချုပ်ရာ ရှမ်းမြောက်ဒေသ မိုင်းရယ်၊ တန့်ယန်းမြို့များတွင်လည်း ကျားဖြန့်လုပ်ငန်းများ ဆက်လက်ကြီးထွားနေဆဲဖြစ်သည်ဟု ဒေသခံများက ပြောကြသည်။
မြောက်ပိုင်းညီနောင် ၃ ဖွဲ့၏ “၁၀၂၇” စစ်ဆင်ရေးများအတွင်း စစ်ကောင်စီသည် မူဆယ်၊ တန့်ယန်း၊ မိုင်းရယ်မှအပ ရှမ်းမြောက်ဒေသတစ်ခုလုံး လက်လွှတ်ခဲ့ရပြီးနောက် ၎င်းတို့ထိန်းချုပ်မြို့များတွင် ကျားဖြန့်လုပ်ငန်းများ ဆက်လက်ကြီးထွားနေခြင်းဖြစ်သည်။
တရုတ်နယ်စပ် ရှမ်းမြောက်ဒေသတွင် ကျားဖြန့်လုပ်ငန်းများ ဆက်ရှိနေသည့်အခြေအနေနှင့်ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးအား ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်သည်။
တရုတ်အစိုးရသည် ကျားဖြန့်ခေါ် အွန်လိုင်းလောင်းကစားဂိုဏ်းများကို နှိမ်နှင်းရန် ၂၀၂၃ မှ စတင်ကာ စစ်ကောင်စီကို အစဉ်မပြတ်ဖိအားပေးခဲ့သည်။
တရုတ်တောင်းဆိုမှုကြောင့် စစ်ကောင်စီသည် ၂၀၂၄ ခု မတ်လအတွင်း ကာကွယ်ရေးဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်လင်းထွန်းကို လောက်ကိုင်အခြေစိုက် ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းများနှင့် ဆက်စပ်ခဲ့ကြောင်း သံသယဖြင့် ဖမ်းဆီးပေးခဲ့ရသည်။
အလားတူ ကြံ့ခိုင်ရေးပါတီ၏ ထိပ်ပိုင်းခေါင်းဆောင်ဟောင်းနှင့် အမတ်ဟောင်းလည်းဖြစ်သော အငြိမ်းစား ဒုဗိုလ်ချုပ်ကြီး ဦးမြင့်လှိုင်ကိုလည်း ကျားဖြန့်သံသယဖြင့် ဖမ်းဆီးခဲ့သည်။
ယင်းနှစ်များအတွင်း ကျားဖြန့်သံသယဖြင့် မြန်မာနိုင်ငံအတွင်း ရောက်နေခဲ့သည့် ထောင်နှင့်ချီသော တရုတ်နိုင်ငံသားများကိုလည်း တရုတ်အစိုးရ၏ ဖိအားကြောင့် စစ်တပ်က ဖမ်းဆီးပြီး တရုတ်ဘက် ပြန်ပို့ထားသည်။
ထို့ပြင် ဦးပယ်ဆောက်ချိန် အပါအဝင် ထိပ်တန်း ကိုးကန့်ကြံ့ခိုင်ရေးအမတ်ဟောင်းများနှင့် လက်နက် ကိုင် ခေါင်းဆောင်များကိုလည်း စစ်ကောင်စီက ၂၀၂၄ ဇန်နဝါရီ ၃၁ ရက်နေ့က နေပြည်တော်လေဆိပ် မှတဆင့် တရုတ်လက်အပ်ခဲ့သည်။
ယခုနှစ်မှ စတင်ကာ ထိုင်း-မြန်မာနယ်စပ်မှတဆင့် ကျားဖြန့်လုပ်ငန်းနှင့်ဆက်စပ်သူများကို ဖမ်းဆီး ပြန်ပို့ပေးမှုများကို စစ်ကောင်စီက လုပ်ဆောင်ခဲ့သော်လည်း ရှမးမြောက်တွင် ကျားဖြန့်လုပ်ငန်းများ ဆက်လက်ကြီးထွားနေဆဲ ဖြစ်သည်။
စစ်ကောင်စီက ယခုနှစ် ဇန်နဝါရီ ၃၀ ရက်မှ ဇွန် ၁၆ ရက်နေ့အထိ ကျားဖြန့်နှင့်ဆက်စပ်၍ စုစုပေါင်း ၉၁၃၄ ဦး စစ်ဆေးဖော်ထုတ်ခဲ့ကာ ၈၇၇၀ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် လွှဲပြောင်းပေးခဲ့ပြီး ၃၆၄ ဦးကို ဆက်ထိန်းသိမ်းထားကြောင်း ထုတ်ပြန်ထားသည်။



