စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ပုလဲ-ဂန့်ဂေါလမ်းမကြီးပေါ်ရှိ ကန့်ဒေါင့်ကျေးရွာရဲစခန်းကို ပြည်သူ့လွတ် မြောက်ရေးတပ်မတော် (PLA) ဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ယနေ့ (ဇွန် ၁၉) နံနက် က အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်များက Myanmar Now ကို အတည်ပြုသည်။
ပုလဲမြို့အနောက်ဘက် ၁၁ မိုင်ခန့်အကွာ ကန့်ဒေါင့်ရွာရဲစခန်းကို ဇွန် ၂ ရက်နေ့ နံနက် ၅ နာရီမှ စတင်ကာ PLA ဦးဆောင်၍ တိုက်ခိုက်ခဲ့ပြီး စစ်လေယာဉ်တစ်စီး ပျက်ကျခဲ့သလို စစ်ကောင်စီကလည်း လေကြောင်း ပစ်ကူများ အပြင်းအထန်သုံးစွဲခဲ့သည်။
နေ့စဉ်နီးပါး လေကြောင်းဗုံးကြဲမှုများကြားမှ တော်လှန်ရေးအင်အားစုများက ခက်ခက်ခဲခဲ တိုက်ခိုက်ခဲ့ပြီး တော်လှန်ရေးတပ်များဘက်မှ အကျအဆုံးများရှိခဲ့ကာ နှစ်ပတ်အကြာတွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည် ဟုစခန်းသိမ်းပွဲတွင် ပါဝင်တိုက်ခိုက်နေသည့် တော်လှန်ရေးအဖွဲ့ တစ်ဖွဲ့က ပြောသည်။
“လေကြောင်းပစ်ကူ ဗုံးက အလုံး ၈၀၀ လောက်ရှိတယ်။ တော်တော်ကိုခက်ခက်ခဲခဲလို့ပြောရမယ်။ ကိုယ့် ဘက်ကလည်းအထိအခိုက်အကျဆုံးရှိတယ်။ ကျွန်တော်တို့ဘက်က ပေးဆပ်ရတာလည်းများပေမဲ့ ဒီနေ့ မနက်မှာပဲ ပွဲကအောင်သွားတယ်လို့ပြောရမယ်” ဟု အထက်ပါအဖွဲ့မှ တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
ကန့်ဒေါင့်စခန်းသိမ်းပွဲတွင် ဦးဆောင်တိုက်ခိုက်ခဲ့သည့် PLA က ယနေ့ မွန်းလွဲ ၂ နာရီအထိ တရားဝင်ထုတ်ပြန်ခြင်း မရှိသေးသော်လည်း PLA ၏ လှုပ်ရှားမှုများကို အမြဲလိုလိုဖော်ပြနေသည့် ဒီမိုကရေစီသစ် ဖေ့ဘွတ်စာမျက်နှာတွင် “ ပုလဲ ကန့်ဒေါင့် ရန်သူစခန်းမှာ ငါတို့ အောင်လံနီ လွှင့်လိုက်ပြီ” ဟု ဖော်ပြထားသည်။
PLA ပြောရေးဆိုခွင့်ရှိသူ ရဲဘော်နီနီကျော်က ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့လက်ဆောင်အဖြစ် ပုလဲ ကန်ဒေါင့်ရဲစခန်းကို ယနေ့ နံနက် ၆ နာရီက အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့ကြောင်း ပြောသည်။
“ ဒီနေ့ သူ့ရဲ့ ၈၀ ပြည့်နှစ်မြောက်မွေးနေ့မှာ ကန်ဒေါင့်ရဲစခန်းကို အောင်မြင်အောင်သိမ်းပိုက်ရင်းနဲ့တိုက်ပွဲနဲ့ မွေးနေ့ကို လက်ဆောင်ပေးလိုက်ပါတယ်။ PLA ဆိုတာလည်း ဗိုလ်ချုပ်အောင်ဆန်းရဲ့ သားသမီးမြေးမြစ် တွေနဲ့တည်ဆောက်ထားတဲ့တပ်ပါပဲ”
စစ်ကောင်စီက နိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၂၁ စစ်အာဏာသိမ်းသည့်နေ့မှစတင်ပြီး ထောင်သွင်းအကျဉ်းချကာ နှစ်ရှည်ထောင်ဒဏ်များချထားသည်၊ ယနေ့ ဇွန် ၁၉ ရက်သည် ၎င်း၏ ၈၀ ပြည့် မွေးနေ့လည်း ဖြစ်သည်။
PLA၏ မဟာမိတ်ဖြစ်သည့် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ၏ စစ်ကြောင်း-၃၊ တပ်ရင်း ၁၄ မှရဲဘော်များလည်း ကန့်ဒေါင့်စခန်းသိမ်းတိုက်ပွဲတွင် ပါဝင်တိုက်ခိုက်နေပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် ရဲဘော် ၃ ဦး ကျဆုံးခဲ့ကြောင်း ယနေ့ ထုတ်ပြန်ထားသည်။
ABSDF ရဲဘော်များဖြစ်သော ရဲဘော်သန်းထိုက်အောင်(ခ) ထိုက်ကြီး၊ ရဲဘော်ကျောင်းသားလေး၊ ရဲဘော် ဂျိမ်းမောင်တို့ ကျဆုံးခဲ့သည်ဟု ဆိုသည်။
“ ပြီးခဲ့တဲ့ ၁၇ရက်နေ့ ညနေ ၅နာရီ ၂၀လောက်က ရန်သူနဲ့ထိတွေ့မှုဖြစ်ပြီး လေကြောင်းနဲ့ပစ်ခတ်ခံလိုက်ရ လို့ ရှေ့တန်းစစ်မျက်နှာမှာပဲ ကျဆုံးသွားပါတယ်”ဟု ABSDF စစ်ကြောင်း-၃ မှ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ကန်ဒေါင့်စခန်းသိမ်းတိုက်ပွဲအတွင်း PLA ဘက်မှလည်း သေဆုံး၊ ထိခိုက်ဒဏ်ရာရမှုများလည်း ရှိကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် ကန့်ဒေါင့်စခန်း မကျစေရေးအတွက် ကန်ဒေါင့်ရွာ အရှေ့ဘက် ၃ မိုင်အကွာတွင် ရှိသော အင်မထီးပျူရွာစခန်းသို့ လေကြောင်းမှ လူအင်အား၊ ရိက္ခာနှင့် လက်နက်ခဲယမ်းများဖြည့်တင်းခဲ့ သော်လည်း ကန့်ဒေါင့်စခန်းသို့ စစ်ကူများမရောက်အောင် ပုလဲအခြေစိုက် ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) ခရိုင်တပ်ရင်းများက ဖြတ်တောက် ပိတ်ဆို့ခဲ့သည်။
“ အင်မထီးကနေ စစ်ကူလာတယ် ပြန်လန်သွားတယ်။ မနေ့က အင်မထီးကို ရော့ကဒ် (Rocket) နဲ့သွားပစ် တော့ လက်နက်ကြီးအထိုင်ကုန်းကို ကျတယ်။ သူတို့ဘက်ကထိခိုက်မှုတွေများတယ်။ မနေ့က လေထီးနဲ့ ရိက္ခာရော ခဲယမ်းရော လာချတယ်။ လူလည်းလာပို့တယ်” ဟု ABSDF စစ်ကြောင်း-၃ မှ ပြန်ကြားရေး တာဝန်ခံက ဆက်ပြောသည်။
ကန့်ဒေါင့်စခန်းကို တော်လှန်ရေးအင်အားစုက သိမ်းပိုက်နိုင်ခဲ့သော်လည်း အဆိုပါစခန်းအနီးရှိ အင်မထီး နှင့် ဇီးဖြူကုန်း ပျူရွာနှစ်ရွာတွင် ယနေ့နံနက်က တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီလေတပ်က လေကြောင်းမှ ဆက်လက်ဗုံးကြဲတိုက်ခိုက်နေသည်ဟု သိရသည်။
“ ဒီနေ့မနက်အစောကြီး ၆ နာရီလောက်ကတည်းက Y-12 နဲ့လာကြဲတယ်။ ဂျက်ဖိုက်တာနဲ့လည်း လာကြဲ တာ နှစ်ခါရှိပြီ။ အခုလည်း Mi-35 တစ်စီးနဲ့ပစ်နေတယ်။ တိုက်ပွဲက ဆက်လက်ပြင်းထန်လာဖို့ပဲရှိတယ်” ဟု ပုလဲအခြေစိုက်တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
ပုလဲမြို့နယ်တွင် စစ်ကောင်စီအခြေစိုက်စခန်း ၄ ခု သာကျန်ရှိပြီး ပုလဲမြို့ပေါ်ရဲစခန်းမှလွဲ၍ ကျန်နေရာ များ၌ တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်သည်။
ဇွန် ၂ ရက်နေ့မှ စတင်ဖြစ်ပွားခဲ့သော ပုလဲနယ်တိုက်ပွဲအတွင်း စစ်ကောင်စီ၏ F-7 တိုက်လေယာဉ် တစ်စင်း ပျက်ကျခဲ့ပြီး အဆိုပါလေယာဉ်ကို တိုက်ပွဲအတွင်းတွင် ပစ်ချခဲ့သည်ဟု PLA က တရားဝင် သတင်းထုတ်ပြန်ထားသည်။
အဆိုပါ လေယာဉ်ပျက်ကျမှုကြောင့် စပါးစေ့ကျေးရွာတွင် အရပ်သား လေးဦးထက်မနည်း ထိခိုက် သေဆုံးခဲ့သည်ဟု ဒေသခံ တော်လှန်ရေးအဖွဲ့ များက ပြောသည်။
စစ်ရေးပြင်းထန်နေသည့် ပုလဲမြို့နယ်တွင် ရွာပေါင်း ၂၀ ကျော်မှ အရပ်သား ၁၀,၀၀၀ ခန့် စစ်ဘေးရှောင် နေရပြီး စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုများကြောင့် ဇွန်လ ၃ ရက်နေ့မှ ယနေ့အထိ အရပ်သား ၅ ဦး သေဆုံးခဲ့ကာ ၁၂ ဦးကျော်ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
၂၀၂၁ ဖေဖော်ဝါရီတွင် စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံ၏ သက်တမ်းအရင့်ဆုံး နိုင်ငံရေး အဖွဲ့ဖြစ်သော ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) ၏ အသစ်ပြန်ဖွဲ့စည်းလိုက်သော လက်နက်ကိုင်အဖွဲ့ ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA) လည်း အာဏာရှင်ပြုတ်ကျရေး တော်လှန်တိုက်ပွဲများတွင် ပါဝင်လာသည်။
PLA ၏ တပ်ဖွဲ့စည်းပုံတွင် စစ်ကိုင်းတိုင်းကို အမှတ် (၁) စစ်ဒေသ၊ တနင်္သာရီတိုင်းကို အမှတ် (၈) စစ်ဒေသ၊ MNDAA ထိန်းချုပ်နယ်မြေတွင် အမှတ် (၉) စစ်ဒေသ၊ TNLA ထိန်းချုပ်နယ်မြေတွင် အမှတ် (၂) စစ်ဒေသ ဟူ၍ ဖွဲ့စည်း၍ စစ်ကောင်စီကို တော်လှန်နေသည်။
ပုလဲနယ်အတွင်း စစ်ကောင်စီခြေကုပ်ယူထားသည့် နေရာများကို ဗိုလ်နဂါး ဦးဆောင်သည့် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) နှင့် မဟာမိတ်အဖွဲ့က ၂၀၂၄ နိုဝင်ဘာ ၁၁ ရက် နံနက်စပြီး ၄ ရက်ကြာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် တိုက်ပွဲများ ငြိမ်သက်သွားရာမှ ယခုနှစ် ဇွန်၂ ရက်မှ စတင်၍ တစ်ကျော့ပြန်တိုက်ပွဲများ ဖြစ်ပွားလာခြင်းဖြစ်သည်။



