သတင်း

ချင်းအင်အားစုနှစ်ခုကွဲနေသော်လည်း ကလေးမြို့မှလာသည့် စစ်တပ်ကို  ပူးပေါင်းတိုက်ခိုက်နေ

အာဏာသိမ်းတပ် စစ်ကြောင်းနှစ်ခု ချင်းတောင်ပေါ်သို့ ဦးတည်နေရာ တော်လှန်ရေးအဖွဲ့များ ပူးပေါင်းဟန့်တားနေသည်။ စစ်ကိုင်းဘက်မှ ကား ၁၅ စီး၊ မကွေးဘက်မှ ကားအစီး ၁၀၀ စစ်ချီလာသည်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့ဘက်မှ  ချင်းပြည်နယ်မြောက်ပိုင်းကို ဦးတည်လာသော စစ်ကောင်စီစစ်ကြောင်းကို ပူးပေါင်းဟန့်တားနေကြောင်း ချင်းညီနောင် အဖွဲ့ (CB) ထံက သိရသည်။

ချင်းတောင်တန်းမှ အင်အားစုနှစ်ခုဖြစ်သော  ချင်းညီနောင်အဖွဲ့ (CB)၊  ချင်းပြည်ကောင်စီ (CC) တို့မှ တပ်များ ပူးပေါင်း ဆောင်ရွက်နေကြခြင်းဖြစ်သည်ဟု ဆိုသည်။

မေလ ၂၀ ရက်နေ့မှစတင်သည့် ထိုစစ်ကြောင်းတွင် စစ်ကား ၁၅ စီးနှင့် ခြေလျင်စစ်သား ၂၀၀ ကျော် ပါဝင်သည်ဟု ချင်းညီနောင်အဖွဲ့က ဇွန်လ ၁၈ ရက်နေ့တွင် ပြုလုပ်သည့် အွန်လိုင်း သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

တီးတိန်မြို့နယ်အတွင်းရှိ မြို့တမြို့ဖြစ်သော၊ ယခင်ကလည်း တိုက်ပွဲဖြစ်ခဲ့ဖူးသော ခိုင်ကမ်းကို ဖြတ်လာသည်ဟု သိရကြောင်း ဆလိုင်းယောမန်က  ပြောသည်။ ခိုင်ကမ်းသည် စတင်ထွက်ခွာခဲ့သည့်နေရာနှင့် ၁၀ မိုင်ခန့် အကွာတွင် တည်ရှိသည်။  

“စစ်ကောင်စီစစ်ကြောင်းဟာ ကလေးကနေ ခိုင်ကမ်းကို ကျော်ပြီး အခုတော့ မော်လ်ပီးရွာကို ရောက်နေတယ်။ မော်လ်ပီးမှာ မေလကုန်ကစပြီး ထိတွေ့ တိုက်ပွဲတွေဖြစ်ပါတယ်” ဟု ချင်းညီနောင်အဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမန်က  ဆိုသည်။

CDF-Siyin, PDF-Zoland, CNDF, CDF-KKG, ကလေးမြို့နယ်အခြေစိုက် PDF တပ်ရင်း ၄ စသည့် တပ်ဖွဲ့များက ထိုစစ်ကြောင်းကို ခုခံတိုက်ခိုက်နေခြင်းဖြစ်ကြောင်း ဆလိုင်းယောမန်က ပြောသည်။

တိုက်ပွဲအတွင်း အောင်မြင်မှုအချို့ရရှိထားသည်၊ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ လက်နက်ချအလင်းဝင်သည်ဟု  ၎င်းက ဆိုသော်လည်း အသေးစိတ်အခြေအနေကို ထုတ်မပြောပေ။

ထိုစစ်ကြောင်းသည် သိုင်းငင်းရွာကို ကျော်လွန်နိုင်ပါက တီးတိန်မြို့ (သို့မဟုတ်) ချင်းညီနောင် အဖွဲ့  သိမ်းထားသော ဖလမ်းမြို့ကို ချီတက်လာနိုင်ချေရှိကြောင်း ဆလိုင်းယောမန်က ဆိုသည်။

ထိုစစ်ကြောင်း “သိုင်းငင်းအထိ အရောက် မခံနိုင်ပါဘူး” ဟု ၎င်းက မှတ်ချက်ပေးသည်။

ချင်းပြည်နယ်တောင်ပိုင်းသို့လည်း  စစ်ကြောင်းတစ်ကြောင်း ဦးတည်လာနေသည်ဟု  ချင်းညီနောင်အဖွဲ့က ပြောသည်။

မကွေးတိုင်း ပခုက္ကူမြို့အခြေစိုက် တပ်မ (၁၀၁) မှ စစ်ကား ၁၀၀ ပါဝင်သော ထိုစစ်ကြောင်းသည် စစ်ချီရာလမ်းတစ်လျှောက်တွင် ပါရာမော်တာ (အင်ဂျင်တပ်လေထီး) များသုံး၍ ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်နေသည်ဟု သတင်းရကြောင်း ချင်းညီနောင်အဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမန်က ဆိုသည်။

 မကွေးတိုင်း ကမ္မမြို့သို့ရောက်နေသည့် အဆိုပါ စစ်ကြောင်း၏ အခြေ အနေကို စောင့်ကြည့်လေ့လာနေကြောင်း ချင်းညီနောက်အဖွဲ့က ဆိုသည်။

ချင်းညီနောင်အဖွဲ့နှင့် ချင်းပြည်ကောင်စီတို့သည် တီးတိန်မြို့နယ်တွင် စစ်ရေးအရ ပူးပေါင်းဆောင် ရွက်နေသော်လည်း အခြားမြို့နယ်များတွင် အောက်ခြေအဖွဲ့တချို့ကြား အားပြိုင်မှု ရှိနေသည်။

တစ်ဖက်တွင်လည်း အိန္ဒိယဗဟိုအစိုးရနှင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်အစိုးရတို့သည် ချင်းတော်လှန်ရေး အင်အားစုကြီး ၂ ခု အကြားပေါင်းစည်းကြရန် တိုက်တွန်းမှုများရှိနေကြောင်း ချင်းညီနောင်အဖွဲ့က ဘက် က ပြောသည်။

အင်အားစုနှစ်ခုကြား ဆွေးနွေးညှိနှိုင်း၍ Chin National Council (ချင်းအမျိုးသား ကောင်စီ) အဖြစ် စုစည်းရန် မူအားဖြင့် သဘောတူထားကြပြီး ဖြစ်သည်၊ သို့သော်လည်း  အကျေအလည်ဆွေးနွေးရဦးမည်ဟု ချင်းညီနောင်ဘက်က ဆိုသည်။

အပြန်အလှန်ယုံကြည်မှုတည်ဆောက်ရန်နှင့် နိုင်ငံရေးအရ သဘောတူညီချက်ရရန် လိုအပ်နေဆဲဖြစ်ကြောင်း ချင်းညီနောင်ခေါင်းဆောင်အချို့က သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

ချင်းညီနောင်အဖွဲ့ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်တွင် ဖွဲ့စည်းခဲ့သည်။ 

အဖွဲ့တွင် ချင်းအမျိုးသားကောင်စီ (မင်းတပ်)၊ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO)၊ ဇိုမီးဖက်ဒရယ်အစည်း အရုံး (ZFU)၊ ချင်းကာကွယ်ရေးတပ် (ကန်ပက်လက်)၊ ချင်းလဲန်းကာကွယ်ရေးတပ် (မတူပီ) တပ်မဟာ (၁) နှင့် မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ (MTC) ဆိုသည့် အဖွဲ့ ၆ ဖွဲ့ ပါဝင်သည်။

ချင်းပြည်ကောင်စီကို သက်တမ်းရင့်ချင်းလက်နက်ကိုင်တော်လှန်ရေးတပ်ဖြစ်သည့် ချင်းအမျိုးသားတပ်ဦး (CNF) က ဦးဆောင်၍ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၆ ရက်တွင် ဖွဲ့စည်းလိုက်သည်။ ချင်းကာကွယ်ရေးတပ် (CDF) အဖွဲ့အချို့သည် ချင်းပြည်ကောင်စီ (CC) ၏ ဩဇာကို ခံယူကြသည်။

Related Articles

Back to top button