သတင်း

မင်းကွန်းတွင် စစ်ကြောင်းဝင်စဉ် အသက် ၇၀ အရွယ်များ အပါအဝင် ၅ ဦး အသတ်ခံရ 

လက်နက်ကိုင်အင်အား ၁၀၀ ခန့်က လမ်းတွင် တွေ့သူတို့ကို ပစ်ခတ်သွားသည်၊ နွားစာကျွေးနေသူ၊ မီးရှို့မှု ဟန့်တားသူတို့ကိုလည်း ပစ်ခတ်ခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကိုင်းမြို့မြောက်ဘက်   မင်းကွန်းဒေသတွင် စစ်ကြောင်းထိုးနေသည့် စစ်တပ်က စစ်တပ်ကပြည်သူ ၅ ဦးကို သတ်ဖြတ်သွားကြောင်း မင်းကွန်းဒေသ သတင်းရင်းမြစ်များက ပြောသည်။

ဇွန် ၁၁ တွင်   မင်းကွန်းကျေးရွာမှ ထွက်လာသည့်အင်အား ၁၀၀ ခန့်ပါ စစ်ကြောင်းသည် အနီးရှိ ကင်းရွာနှင့် ချောင်းမကြီးရွာတို့ကို ၆ရက်ဆက်တိုက် ဝင်မွှေပြီး သတ်ဖြတ်သွားကြခြင်းဖြစ်သည်ဟု ဒေသခံအမျိုးသားက Myanmar Now ကို ပြောသည်။

အသတ်ခံရသူများသည် ကင်းရွာ ဆုတောင်းပြည့် ဘုန်းကြီးကျောင်းနေ ရဟန်းတစ်ပါး၏ အသက် ၇၀ အရွယ် ခမည်းတော်နှင့်မယ်တော်၊ ကင်းရွာဒေသခံ အသက်(၃၀)အရွယ် အမျိုးသားနှင့် အမျိုးသမီး၊ ချောင်းမကြီးရွာ ဒေသခံ အသက် ၄၀ အရွယ် အမျိုးသမီးတို့ဖြစ်သည်ဟု အထက်ပါဒေသခံက ပြောသည်။

“သူတို့က မဲမဲမြင်ရာအကုန် တွေ့တဲ့သူပစ်သွားတာ။ ကင်းရွာက ၄ ဦး၊ ချောင်းမကြီးက ၁ဦး၊ နွားစာကျွေးနေတဲ့သူ‌ရော၊ မီးမရှို့ပါနဲ့တားဆီးတဲ့ ပြည်သူတစ်ဦးရော၊ သက်ကြီးရွယ်အိုတွေရော”ဟု ၎င်းကပြောသည်။

စစ်ကြောင်းစဝင်သည့် ဇွန်၁၁နှင့်၁၂တို့တွင် ဒေသခံများ သတ်ဖြတ်ခံရခြင်းဖြစ်ပြီး ယင်းစစ်ကြောင်းသည် ဇွန် ၁၄ တွင် ကင်းရွာနှင့် ​ချောင်းမကြီးရွာများရှိ နေအိမ်(၃၀)ကျော်ကို မီးရှို့ခဲ့သည်ဟု အထက်ပါ ဒေသခံက ပြောသည်။

မန္တလေးမြို့ အနောက်မြောက်ဘက်တွင် တည်ရှိသော ထိုဒေသသည် အာဏာမသိမ်းမီက ခရီးသွားလုပ်ငန်း ဖြစ်ထွန်းသည့်နေရာ ဖြစ်သည်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းနှင့် ဒေသအခြေစိုက်တော်လှန်ရေးအဖွဲ့တို့ တိုက်ပွဲများဖြစ်ပွားခဲ့သည်ဟု သိရသည်။ 

“နယ်ခံပြည်သူ့ကာကွယ်ရေးတပ်တွေ၊ မဟာမိတ်တပ်တွေပေါင်းပြီးတော့ တိုက်ကြတယ်။ စစ်ကြောင်းကြောင့် ထွက်ပြေးရတဲ့သူ ၁၀၀၀နီးနီးရှိတယ် နယ်ခံအဖွဲ့အစည်းတွေက ကယ်ထုတ်ပြီး စောင့်ရှောက်ထားတယ်”ဟု ဒေသခံ တစ်ဦးက ပြောသည်။

ထွက်ပြေးရသူတို့မှာ ကင်းရွာ၊ ချောင်းမကြီး၊ ထုံးဘို၊ အုံးသဇင်၊ မြေတိုင်း၊ ဒင်္ဂါးကျွန်း၊ ရွှေခဲ၊ အိုင်ဒိုင်ရွာတို့မှ ဒေသခံများ ဖြစ်သည်ဟုသိရသည်။

မင်းကွန်းတွင်အခြေစိုက်သည့်အဖွဲ့တစ်ခုဖြစ်သည့် People Servant Force တပ်ဖွဲ့ကလည်း  တိုက်ပွဲများဖြစ်ပွားနေသည်၊  စစ်ကောင်စီတပ်သား သုံးဦးသေဆုံးသည်၊  ဒေသခံများကိုလည်း စစ်ကောင်စီက ပစ်သတ်ခဲ့သည်ဟု Myanmar Nowကို ပြောသည်။

စစ်ကြောင်းထိုးနေသည့် စစ်တပ်သည် ကင်းရွာနှင့် ချောင်းမကြီးရွာတွင် ဘန်ကာများ တည်ဆောက်နေပြီး အထိုင်ချတပ်စွဲရန် ပြင်ဆင်နေသည်ဟု ဒေသခံများထံက သိရှိရသည်။

မင်းကွန်းကျေးရွာနှင့် အနီးတဝိုက်တွင် မင်းကွန်းတိုက်နယ်၊ ချမ်းမြသာစည်မြို့နယ်၊ မတ္တရာမြို့နယ်၊ စစ်ကိုင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲမျာ့း People servant Force၊၊ Generation Z Power(GZP)၊ ရတနာပုံတပ်ဦး၊ ယူနီကွန်းတပ်ဖွဲ့၊ စစ်ကိုင်းခရိုင်တပ်ရင်း ၁၊ ၂ နှင့် ပူးပေါင်းတပ်ဖွဲ့များ အခြေစိုက်လှုပ်ရှားလေ့ရှိသည်။

ပြီးခဲ့သည့် မေ၂၈ မနက် ၆ နာရီခန့်ကလည်း စစ်ကိုင်းမြို့၏မြောက်ဘက် (၁၄)မိုင်အကွာရှိ  မင်းကွန်းကျေးရွာ၊ ကင်းရွာနှင့်ရှားရောင်းကျေးရွာတို့ကို အင်အား၂၀၀ခန့်ဖြင့် စစ်ကောင်စီက စစ်ကြောင်းထိုးခဲ့ပြီး ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ခဲ့သေးသည်။

ထိုစဉ်က စစ်ကောင်စီတပ်က ပြည်သူ့ကာကွယ်ရေးအဖွဲ့(PDF)ယူနီဖောင်းများ အယောင်ဆောင် ဝတ်ဆင်ကာ အလစ်အငိုက် စစ်ကြောင်းထိုးလာခဲ့ခြင်းဖြစ်ပြီး  တိုက်ပွဲဖြစ်ပွားကာ ပြန်လည်ဆုတ်ခွါသွားသည်။

စစ်ကိုင်းမြို့နယ် မင်းကွန်းကျေးရွာတွင် မြသိန်းတန်စေတီနှင့် အနီးတဝိုက်၊ မင်းကွန်းရဲစခန်းတို့ အပါအဝင် နေရာ ၅ နေရာခန့်၌ စစ်ကောင်စီက အင်အား ၂၀၀ ခန့်ဖြင့် ဖြန့်ကျက်၍ အထိုင်ချတပ်စွဲထားကာ ကျေးရွာများကို မကြာခဏဆိုသလိုစစ်ကြောင်းထိုးလေ့ရှိသည်။

ဒေသခံများသည် ငလျင်ဘေးအပြင် စစ်ကြောင်းထိုးမှုများကြောင့် ကြောက်ရွံ့စိုးရိမ်ကာ တိမ်းရှောင်နေရသည်ဟု ယူနီကွန်းတပ်ဖွဲ့က Myanmar Now ကို ပြီးခဲ့သည့်လက ပြောထားသည်။

မတ်လ ၂၈နေ့က   ပြင်းအားရစ်ချက်စတာ ၇.၇အဆင့် မြေငလျင်ဒဏ်ကြောင့် မန္တလေးမြို့နှင့်စစ်ကိုင်းမြို့တို့တွင် ထိခိုက်သေဆုံးမှု များပြားခဲ့သည်။ စစ်ကိုင်းမြို့အနီး မန္တလေးမြို့၏အနောက်မြောက်ဖက် မင်းကွန်းကျေးရွာတွင်လည်း လူအသေအဆုံး အထိအခိုက်များပြားခဲ့ပြီး မြသိန်းတန်စေတီအပါအဝင် ရှေးဟောင်းစေတီပုထိုးများလည်း ပျက်စီးခဲ့သည်။

ရှေးဟောင်းစေတီပုထိုးများ၊ သမိုင်းဝင် မင်းကွန်းခေါင်းလောင်းကြီးနှင့် မြန်မာ့လက်မှုပညာ လက်ရာများကြောင့် နာမည်ကျော်သော မင်းကွန်းဒေသသည် စစ်တပ်အာဏာမသိမ်းမီက ပြည်တွင်းသာမက ပြည်ပခရီးသွားများကိုပါ ဆွဲဆောင်ထားနိုင်သည့်ဒေသဖြစ်သည်။

အာဏာသိမ်းပြီး ၂၀၂၂ခုနှစ်နောက်ပိုင်းမှစကာ မင်းကွန်းဒေသ၏နာမည်ကျော် ပုထိုးတော်ကြီးနှင့် မြသိန်းတန်စေတီအနီးစစ်တပ်ကတပ်စွဲထားရာ  တော်လှန်ရေးအဖွဲ့တို့ အကြားထိတွေ့တိုက်ပွဲများ ဖြစ်လေ့ရှိသည်။ ထို့ကြေင့် မင်းကွန်းဒေသသို့ခရီးသွားဧည့်များမလာရောက်တော့ဘဲ ဧည့်များကို မှီတင်း၍ စားဝတ်နေရေးဖြေရှင်းရသော ဒေသခံတို့လည်း စစ်ဘေးတိမ်းရှောင်နေကြသည်။

Related Articles

Back to top button