ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDF အပါအဝင် တော်လှန်ရေးအင်အားစု နယ်မြေအများ အပြား စိုးမိုးထိန်းချုပ်ထားသော ကရင်နီပြည်နယ်(ကယားပြည်နယ်)တွင် ယခုရက်ပိုင်းအတွင်း စက်သုံးဆီ ပြတ်လပ်မှုဖြစ်ပေါ်ကာ စျေးနှုန်းများလည်း ၃ဆ ခန့် မြင့်တက်ကြောင်း ဒေသခံများထံက စုံစမ်းသိရှိရ သည်။
စက်သုံးဆီသည် ပုံမှန်အားဖြင့် ပဲခူးတိုင်း တောင်ငူ နှင့် ရေနီမြို့လမ်းပိုင်းများမှ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံ နှင့် ကရင်နီဒေသသို့ ဝင်ရောက်လျက်ရှိသည်။
ထိုလမ်းပိုင်း ၂ ခုစလုံးတွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးခြင်း နှင့် ရိက္ခာဖြည့်တင်းမှုများ ရှိနေပြီး တော်လှန်ရေးအင်အားစုကလည်း လမ်းကြောင်းပိတ်ဆို့ထားသည်။ စက်သုံးဆီ အပါအဝင် ကုန်စည် စီးဆင်းမှုရပ်တန့်သွားရခြင်း၏ အကြောင်းရင်းများထဲတွင် ထိုအခြေအနေများလည်း ပါဝင်သည်။
ယင်းလမ်းပိုင်းများကို အသုံးပြုပြီး ကုန်စည်အရောင်းအဝယ်လုပ်ကြသော ဒေသခံတို့လည်း ကုန်သွယ်မှုကို ရပ်နားထားရကြောင်း ကရင်နီဒေသခံအမျိုးသားတစ်ဦးက Myanmar Now သို့ ပြောသည်။
ပဲခူးတိုင်း တောင်ငူ နှင့် ရေနီမြို့မှ ရှမ်းနှင့်ကယား နယ်စပ်ရှိ ဖယ်ခုံမြို့နယ်ကို တိုင်းရင်းသားလက်နက်ကိုင် တစ်ဖွဲ့တစ်ခုဖြစ်သော ကယန်းပြည်သစ်ပါတီ လှုပ်ရှားထိန်းချုပ်ရာ ဒေသလည်းဖြစ်သည်။
ထိုလမ်းပိုင်းများကို အသုံးပြုပြီး စစ်ကောင်စီက လူအင်အား ၃၀၀ မှ ၄၀၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုး လာနိုင်ရေးအတွက် ကယန်းပြည်သစ်ပါတီနှင့် ညှိနှိုင်းသဘောတူခဲ့သည်ဟု ယူဆရကြောင်း အထက်ပါဒေသခံအမျိုးသားက ပြောသည်။
မြေပြင်အခြေ အနေကို သိရှိသော ဖယ်ခုံမြို့နယ်မှ တော်လှန်ရေးအင်အားစုတပ်ဖွဲ့ဝင် အမျိုးသမီးတစ်ဦးကလည်း စက်သုံးဆီပြတ်လပ်ရခြင်းသည် ကယန်းပြည်သစ်ပါတီက ဖယ်ခုံ အပါအဝင် ကရင်နီဒေသသို့ စက်သုံးဆီဝင်ရောက် နေသော ထိုလမ်းပိုင်းများကို ပိတ်ဆို့ထားခြင်းကြောင့်ဖြစ်သည်ဟု Myanmar Now သို့ ပြောသည်။
“ဆီပြန်ဝင်လာပြီဆိုတဲ့ သတင်းအစအနလည်း အခုအထိမကြားရသေးဘူး။ ဒါကြောင့် ဆီကို ခြွေတာ အသုံးပြုနေရတယ်၊ ဆိုင်ကယ်ဆီအတွက်ပဲ အဓိက သုံးနေရတယ်။ ကားတွေကို အရေးပေါ်မှသာသုံး တယ်၊ ကားက ဆီပြတ်သွားရင် တအားဒုက္ခရောက်တယ်” ဟု ထိုအမျိုးသမီးက ပြောသည်။
ထိုနှစ်ဦး၏ ပြောဆိုချက်များနှင့် ပတ်သက်ပြီး ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် ဆီဘူးရွာတွင် ဌာနချုပ်တည်ရှိသည့်၊ ပြီးခဲ့သော ၄ နှစ် တိုက်ပွဲများတွင် မပါဝင်ခဲ့သည့် ကယန်းပြည်သစ်ပါတီကို ၎င်းတို့၏ တရားဝင် facebook စာမျက်နှာမှတစ်ဆင့် မေးမြန်းနိုင်ရန် ကြိုးစားနေသော်လည်း အဆက်အသွယ် မရရှိသေးပေ။

ယခု စက်သုံးဆီပြတ်လပ်မှုသည် ကရင်နီပြည်နယ်မှ စစ်ကောင်စီတပ်စခန်းများကို တော်လှန်ရေးအင် အားစု အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သော ၁၁၁၁ စစ်ဆင်ရေးအတွင်း စစ်ကောင်စီဘက်က ဖြတ် ၄ ဖြတ် ပြုလုပ်ခဲ့စဉ်ကထက်ပင် ဆိုးရွားနေသည်ဟု ထိုအမျိုးသမီးက ဆိုသည်။
၁၁၁၁ စစ်ဆင်ရေးကို ၂၀၂၃၊ ခုနှစ် နိုဝင်ဘာ ၁၁ ရက်နေ့တွင် KNDF က ဦးဆောင်ပြီး စစ်ကောင်စီ ထိန်းချုပ်ရာ ပြည်နယ်မြို့တော် လွိုင်ကော်အပါအဝင် ကရင်နီပြည်အတွင်း စစ်ကောင်စီတပ်စခန်းအ များအပြားများကို ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်သည်။
ထိုစစ်ဆင်ရေးတွင် ကရင်နီတပ်မတော် (KA)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)၊ ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး (KNPLF)၊ ဒီးမော့ဆို ပြည်သူ့ကာကွယ် ရေးတပ် (DMO PDF)၊ လွိုင်ကော်ပြည်သူ့ကာကွယ်ရေးတပ် (Loikaw PDF)၊ မိုးဗြဲပြည်သူ့ကာကွယ် ရေးတပ်၊ ဖယ်ခုံ PDF တပ်ရင်း (၁၀၀၆)၊ မြို့ပြပြောက်ကျားတပ် (URF) နှင့် ရှမ်းတောင် PDF တို့ပါဝင်ခဲ့ သည်။
လတ်တလောတွင် ဆီပြတ်လပ်မှုကြောင့် ယခင်က စက်သုံးဆီ(ဓာတ်ဆီ)တစ်လီတာလျှင် ကျပ် ၃,၅၀၀ မှ ၄,၀၀၀ ဝန်းကျင်ရှိခဲ့ရာမှ ယခု ကျပ် ၁၄,၀၀၀ ကျော်အထိ မြင့်တက်လျက်ရှိသည်။ တချို့သော ကရင်နီပြည်နယ်မှ မြို့နယ်များတွင် ထိုစျေးနှုန်းထက်ပင် ပိုများနိုင်သည်ဟု ဒေသခံများထံက သိရသည်။
ရန်ကုန်မြို့ စက်သုံးဆီဆိုင်များတချို့တွင် ဓာတ်ဆီအမျိုးအစား စျေးနှုန်းများမှာ အောက်တိန်း 92 တစ်လီတာလျှင် ကျပ် ၂,၈၅၀ နှင့် 95 တစ်လီတာလျှင် ကျပ် ၂,၉၁၅ သာ ရှိသည်။
၁၁၁၁ လုံးစစ်ဆင်ရေးကာလအတွင်း စက်သုံးဆီပြတ်လပ်စဉ်က တစ်လီတာလျှင် အမြင့်ဆုံး ကျပ် ၈,၀၀၀ ခန့်သာ စျေးနှုန်းမြင့်တက်ခဲ့သည်ဟု ဖယ်ခုံမြို့နယ်မှ တော်လှန်ရေးအဖွဲ့တစ်ခုမှ တပ်ဖွဲ့ဝင် အမျိုးသမီး တစ်ဦးက ပြောသည်။
စက်သုံးဆီ ပြတ်လပ်မှုကြောင့် ဒေသခံတို့၏ သွားလာရေးကိစ္စရပ်မှသည် စိုက်ပျိုးရေးလုပ်ငန်း အထိပါ အခက်အခဲကြုံတွေ့နေကြရသည်။
ဘောလခဲ၊ ဖားဆောင်း နှင့် မယ်စဲ့မြို့နယ်တို့တွင်မူ ထိုင်းနိုင်ငံဘက်မှ စက်သုံးဆီဝင်ရောက်မှုရှိနေကြောင်း သူက ဆိုသည်။
စက်သုံးဆီပြတ်လပ်မှုသည် IEC က ပိတ်ဆို့ထားခြင်းကြောင့်မဟုတ်ဘဲ စစ်ပွဲ၏ သဘော၊ သဘော၀အရ ပြတ်လပ်ခြင်းဖြစ်သည်ဟု IEC ၏ အတွင်းရေးမှူး ကိုဗညားက Myanmar Now သို့ ပြောသည်။
“ဒါက စစ်ရေး၊ နိုင်ငံရေးအရ ဖြစ်တာဖြစ်တယ်၊ တခြားတစ်ဖက်မှာလည်း သယ်ချင်တိုင်းသယ်လို့ ရတာ မဟုတ်ဘူးလေ။ အတတ်နိုင်ဆုံးလုပ်ပေးဖို့ နည်းလမ်းတွေတော့ အများကြီးရှိပါတယ်။ ဒါပေမဲ့ စျေးကတော့ တော်ရုံတန်ရုံတော့ ပြန်မကျနိုင်ဘူး ” ဟု သူက ဆိုသည်။
ကရင်နီပြည်နယ်အတွင်း စက်သုံးဆီပြတ်လပ်မှု နှင့် စျေးနှုန်းအဆမတန်မြင့်တက်နေခြင်းကိစ္စရပ်များ ပြေလည်ရေးသည် ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC) ကိုင်တွယ်၊ ဆောင်ရွက်သွားနိုင်မှုအပေါ် များစွာ မူတည်နေကြောင်း KNDF ၏ စစ်ရေးချုပ်ဖြစ်သူ ခူးရီးဒူး က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာ တွင် ဇွန်လ ၁၇ ရက်နေ့က ရေးသားထားသည်။
ထို့အတူ KNDF ဒုစစ်ဦးစီချုပ်ဖြစ်သူ မာဝီ ကလည်း ဓာတ်ဆီ နှင့် ဒီဇယ် သိုလှောင်ထိန်းချုပ် စျေးကစားသူတို့ကို အရေးယူသွားမည်ဟု ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။



