ယမန်နေ့ (ဇူလိုင် ၉) တွင် ကျရောက်ခဲ့သည့် ဝါဆိုလပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့အတွက် နေ့ထူးနေ့မြတ်ဖြစ်သည်။
ထိုနေ့က သိဒ္ဓတ္ထမင်းသားဖြစ်လာမည့် ဘုရားလောင်းမိခင်ဝမ်းအတွင်း ပဋိသန္ဓေယူသောနေ့၊ တရားကျင့်ကြံရန် တောထွက်သည့်နေ့၊ ဘုရားအဖြစ်ကြေညာပြီး ဓမ္မစကြာတရားဦးကို ဟောကြားသည့်နေ့၊ သံဃာရတနာ ပေါ်ထွန်းသည့်နေ့ ဖြစ်သောကြောင့် ဗုဒ္ဓဘာသာဝင် များပြားသည့် မြန်မာနိုင်ငံအတွက် နေ့ထူးနေ့မြတ်ဖြစ်သည်။
နိုင်ငံအနှံ့မှ ဗုဒ္ဓဘာသာဝင်တို့သည် ဝါဆိုလပြည့်နေ့တွင် ဘုရားကျောင်းကန်များသို့ သွားရောက်ခြင်း၊ အချို့သည် ဝါဆိုလပြည့်နေ့မှစတင်ပြီး ဝါတွင်းသုံးလပတ်လုံး ဥပုသ်နေ့တိုင်း ဥပုသ်သီလစောင့်တည်ခြင်း၊ အရက်သေစာ သောက်စားမှုမှ ရှောင်ကျဉ်ခြင်း၊ သက်သတ်လွတ်စားခြင်း စသည်တို့ကို ပြုလုပ်လေ့ရှိသည်။
သို့သော်စစ်ကောင်စီလေတပ်၏ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ဝါဆိုလပြည့်နေ့တွင် ဘာသာရေးအခမ်းအနား မကျင်းပနိုင်ဘဲ ကြေကွဲဖွယ်ရာအသုဘအခမ်းအနားအဖြစ် ပြောင်းလဲကျင်းပခဲ့ရသည့် ဒေသများရှိခဲ့သည်။
မကွေးတိုင်းထဲမှ မြိုင်မြို့နယ်၊ ကရင်နီပြည် (ကယားပြည်နယ်)ထဲမှ မော်ချီးဒေသ၊ မန္တလေးတိုင်း မိုးကုတ်မြို့တို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ထိုတိုက်ခိုက်မှုများ ကြောင့် အသက် ၂နှစ် မှ ၁၂နှစ်အတွင်းရှိ ကလေးငါးဦးအပါအဝင် အနည်းဆုံးအရပ်သား ကိုးဦးသေဆုံးခဲ့ပြီး ၁၉ ဦးထက်မနည်းဒဏ်ရာရခဲ့သည်။

မြိုင်တွင် ကြဲချခဲ့သည့်ဗုံးများ
မကွေးတိုင်း၊ မြိုင်မြို့မြောက်ဘက် ၁၅ မိုင်ခန့်အကွာရှိ သနပ်ရင်းရွာကို ယမန်နေ့ ည ၈ နာရီ ဝန်းကျင်တွင် လေတပ်က ဗုံးကြဲခဲ့သည်။
ထိုဗုံးကြောင့် အသက်၂နှစ်အရွယ် ကလေးငယ်နှင့် သူ၏ အသက်၃၀အရွယ် ဦးလေးဖြစ်သူ သေဆုံးပြီး ငါးဦးထက်မနည်းလည်း ဒဏ်ရာရခဲ့ကြောင်း ဒေသခံများထံက သိရသည်။
“ရွာစွန်က အိမ်ပေါ်ကိုကျပြီး တူရီးနှစ်ယောက် ဆုံးသွားတာ။ ပွဲချင်းပြီးပါပဲ။ ထိခိုက် ဒဏ်ရာရသူ တွေက ဒေသတွင်းဆေးရုံတွေမှာ အချိန်မီသွားလိုက်ကြတယ်”ဟု တော်လှန်ရေးအင်အားစုများနှင့် နီးစပ်သည့် မြိုင်ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
ယင်းတိုက်ခိုက်မှုမတိုင်ခင် ညနေ ၄ နာရီဝန်းကျင်ကလည်း မြိုင်မြို့အနီးလေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သော်လည်း ထိခိုက်သေဆုံးမှုမရှိဟု ဒေသခံတို့ကဆိုသည်။
သနပ်ရင်းရွာမှာ အိမ်ခြေ ၃၀၀ နီးပါးရှိပြီး မြိုင်မြို့ပေါ်မှ စစ်ရှောင်လာသူများလည်း ခိုလှုံနေသည့် ကျေးရွာဖြစ်ပြီး ထိုရွာအပါအဝင် ပခုက္ကူ – မြိုင် – ဂန့်ဂေါ ကားလမ်းပေါ်ရှိ ကျေးရွာများကို လေကြောင်းတိုက်ခိုက်မှုများ ခပ်စိတ်စိတ်လုပ်နေသည်။
မကွေးတိုင်းအတွင်း တော်လှန်ရေးအင်အားစု အားကောင်းရာ ဒေသများဖြစ်သည့် ပေါက်၊ မြိုင် စသည့်မြို့နယ်တို့ကို ဗုံး ဆက်တိုက်ကြဲနေသလို စစ်ကား အစီးရေ ၁၀၀ ကျော် နှင့် အင်အားအလုံးအရင်း ပါဝင်သည့်အဖွဲ့က ပခုက္ကူမြို့နယ်မှတဆင့် ပေါက်မြို့နယ်ဘက်သို့ စစ်ကြောင်းထိုးနေသည်မှာ တစ်လကျော်ကြာမြင့်နေပြီဖြစ်သည်။

မော်ချီးတွင်် ကြဲချခဲ့သည့်ဗုံးများ
မြိုင်ကိုမတိုက်ခိုက်မီ တစ်နာရီခန့်အလို၊ ယမန်နေ့ည ၇ နာရီခန့်တွင် လေတပ်က ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ် မော်ချီးဒေသ လိုလော်ထီးကျေးရွာကို ဗုံးကြဲချခဲ့သေးသည်။
ထိုတိုက်ခိုက်မှုကြောင့် သေဆုံးသူများတွင် အသက် ၃ နှစ်နှင့် ၈ နှစ်အရွယ် ကလေးငယ် နှစ်ဦးပါဝင်ပြီး ကျန်သုံးဦး မှာ အသက် ၂၈ နှစ်အရွယ် အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦးနှင့် အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦးဟု ကရင်နီကြားကာလစီမံအုပ်ချုပ်ရေးကောင်စီ (IEC) က ပြောသည်။
“သေဆုံးသူများမှာ မိသားစုဝင်များ ဖြစ်ကြသည်” ဟု IEC အတွင်းရေးမှူး (၂) ကိုဗညားက ပြောသည်။
ကလေးငယ် သုံးဦး အပါအဝင် ဒဏ်ရာရသူ ခြောက်ဦးရှိသည်ဟု ဆိုသည်။ လေကြောင်းတိုက်ခိုက်မှုကြောင့် ခရစ်ယာန်ဘုရားကျောင်း၊ ဆုတောင်းအဆောင်နှင့် အရပ်သားနေအိမ် ခြောက်လုံး ပျက်စီးခဲ့သည်ဟု ကိုဗညားက ပြောသည်။
မော်ချီးသတ္တုတွင်းသည် စည်သွပ်ဘူးမှစ၍ ဒုံးကျည်အထိ စစ်ဘက်နှင့် အရပ်ဘက်သုံး ပစ္စည်းများတွင် အသုံးဝင်သည့် ခဲမဖြူနှင့် အဖြိုက်နက် သတ္တုများ ထွက်ရှိရာ ဒေသဖြစ်ပြီး စစ်ကောင်စီတပ်က အဆိုပါနေရာကို မကြာခဏပစ်မှတ်ထား၍ တိုက်ခိုက်နေသည်။
ဇွန်လ ၂၅ ရက်နေ့ နံနက်တွင် မော်ချီးဒေသကို ဗုံးကြဲခဲ့ရာ သတ္တုတူးဖော်ရေး အလုပ်သမား ၇ ဦးထက်မနည်း သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရခဲ့ သည်။
မော်ချီးဒေသကို ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့ (KNDF) နှင့် မဟာမိတ် တပ်ဖွဲ့များက ထိန်းချုပ်ထားရာ စစ်ကောင်စီတပ်က ၂၀၂၄ ဧပြီမှ ဇွန်အထိ ငါးကြိမ်၊ ၂၀၂၅ ခုနှစ်တွင် သုံးကြိမ် ဗုံးကြဲတိုက်ခိုက် ခဲ့သည်။ ထိုသို့ တိုက်ခိုက်မှုအတွင်း သတ္တုလုပ်သားများ အပါအဝင် အရပ်သား ၁၅ ဦးထက်မနည်း သေဆုံးသည်။

ကလေး ၂ဦးသေဆုံးခဲ့သည့် မိုးကုတ်တိုက်ခိုက်မှု
မြိုင်နှင့်မော်ချီးကို ဗုံးကြဲအပြီး ည ၈နာရီခွဲခန့်တွင် တအာင်းလွတ်မြောက်ရေးတပ်မတော် (TNLA) သိမ်းပိုက်ထားသည့် မန္တလေးတိုင်း မိုးကုတ်မြို့ကို စစ်ကောင်စီက ဗုံးကြဲခဲ့သည်။
ပေါင်(၃၀၀)ဗုံးအသုံးပြုခဲ့သည့် ထိုတိုက်ခိုက်မှုကြောင့် ကလေးနှစ်ဦးသေဆုံးပြီး အခြားရှစ်ဦး ဒဏ်ရာရခဲ့သည်ဟု ဒေသခံနှင့်စစ်ရေးရင်းမြစ်များက ပြောသည်။
“ဒဏ်ရာပြင်းထန်သူတွေလည်းပါတယ်။ ကလေးနှစ်ဦးက ပွဲချင်းပြီးပဲဆုံးတာ။ အိမ်တွေလည်း ခြောက်လုံးလောက် ပျက်စီးတယ်” ဟု အသက်(၂၅)အရွယ် ဒေသခံအမျိုးသားကပြောသည်။
ဇူလိုင်(၈)ရက်နေ့ မနက်ပိုင်းကလည်း မြို့အနောက်ပိုင်း ကျပ်ပြင်ရပ်ကွက်ကို စစ်လေယာဉ်က ဗုံးနှစ်လုံးလာရောက်ကြဲချရာ ဒေသခံသုံးဦးသေဆုံးခဲ့ပြီး ငါးဦးထက်မနည်း ဒဏ်ရာရရှိကာ အိမ်ခြေ(၁၀)လုံးကျော်ပျက်စီးခဲ့သေးသည်။
“နှစ်ရက်ဆက်တိုက်ကို ကြဲတဲ့သဘောပေါ့။ ဥပုသ်လ ဝါဝင်တဲ့ လပြည့်နေ့ကြီးကိုတောင်မှမရှောင်၊ တကယ် အကုသိုလ်ရှာတဲ့ကောင်တွေ”ဟု အထက်ပါအမျိုးသားကပြောသည်။
ထိုတိုက်ခိုက်မှုများအပြီး တစ်ရက်အကြာ၊ စစ်ကောင်စီ၏ယနေ့ထုတ်သတင်းစာများတွင် လူသေဆုံးခဲ့သည့် လေကြောင်းတိုက်ခိုက်မှုများကို ချန်လှပ်ထားပြီး ဝါဆိုလပြည့်နေ့က နိုင်ငံအနှံ့မှ ဘုရားစေတီများတွင် ဘုရားဖူးများဖြင့် စည်ကားနေသည်ဆိုသည်ကိုသာ အကျယ်တဝင့် ရေးသားထားသည်။



