သတင်း

စစ်တပ်လက်နက်ကြီးကြောင့် ရေဖြူမြို့တွင် ကလေး ၃ ဦးနှင့် ဖခင်ဖြစ်သေဆုံး 

ရာဘာခြံထဲမှ နေအိမ်ထဲသို့ လက်နက်ကြီးပေါက်ကွဲမှုကြောင့် အသက် ၂ နှစ်အရွယ်ကလေးငယ်သည် ခန္ဓာကိုယ် နှစ်ပိုင်းပြတ်ထွက်ကာ သေဆုံးသွားသည်။

တနင်္သာရီတိုင်း ၊ ရေဖြူမြို့နယ်၌ ကလိန်အောင်မြို့နယ်ခွဲအခြေစိုက် စစ်ကောင်စီတပ်က ဇူလိုင်လ ၈ ရက်ညနေပိုင်းတွင်ပစ်ခတ်ခဲ့သည့် အမြောက်ဆံသည် အမှတ် (၈) ပြည်ထောင်စုလမ်းမကြီးဘေးရှိ ရာဘာခြံထဲသို့ကျရောက်ခဲ့ပြီး ယင်းခြံထဲတွင်နေထိုင်သည့် မိသားစု လေးဦးသေဆုံးပြီး မိခင်ဖြစ်သူ ဒဏ်ရာအပြင်းအထန်ရခဲ့ကြောင်း ဒေသတွင်းတော်လှန်ရေးတပ်များကဆိုသည်။

သေဆုံးသွားသူများမှာ အသက် ၁နှစ်၊ ၂ နှစ်နှင့် ၁၁ နှစ်အရွယ် ကလေးငယ်သုံးဦးနှင့် ၎င်းတို့၏ဖခင်ဖြစ်ပြီး အသက် ၃၈ နှစ်အရွယ်မိခင်ဖြစ်သူ ဒေါ်ပပဝင်းမှာ ဒဏ်ရာအပြင်းအထန်ရထားသဖြင့် ဆေးကုသနိုင်မည့်နေရာသို့ ပို့ဆောင်ထားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်(PDF) ဒေါနစစ်ကြောင်းမှ စစ်ကြောင်းမှူး ရဲဘော်စောဒါးကို ကဆိုသည်။

Myanmar Now က ရရှိထားသည့် ဓာတ်ပုံအချို့တွင် အသက် ၂ နှစ်အရွယ်ကလေးငယ်သည် လက်နက်ကြီးပေါက်ကွဲမှုကြောင့် ခန္ဓာကိုယ် နှစ်ပိုင်းပြတ်ထွက်ကာ သေဆုံးသွားသည်။

အဆိုပါတိုက်ခိုက်မှုသည် ရေဖြူမြို့နယ်မြောက်ဘက် ကလိန်အောင်မြို့နယ်ခွဲအခြေစိုက် စစ်ကောင်စီ၏ ခလရ (၂၄၂) တပ်၏လက်ချက်ဖြစ်ကြောင်း  လုပ်ဆောင်ခြင်းဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး-KNU ၏ မြိတ်-ထားဝယ်ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။

လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသည့် ရော်ဘာခြံသည် ကလိန်အောင်မြို့မြောက်ဘက် ၄ မိုင်ကျော်အကွာ ကော့လှိုင်ရွာနှင့် မရမ်းချောင်ရွာကြား အမှတ် (၈) ပြည်ထောင်စုကားလမ်းဘေးတွင် တည်ရှိကြောင်း သိရသည်။

စစ်တပ်သည် ရေဖြူမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ အရပ်သားများကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်ကြောင်း -KNU ၏ မြိတ်-ထားဝယ်ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။

ပြီးခဲ့သည့် မေလ ၇ ရက်တွင် KNU တပ်မဟာ ၄ နှင့် PDF ပူးပေါင်းတပ်များက ကလိန်အောင်မြို့ အရှေ့တောင်ဘက် ၂၇ မိုင်အကွာရှိ သုခစစ်စခန်းကို ဝင်တိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ကျော်ထိုင်းနိုင်ငံဘက် ထွက်ပြေးသွားသဖြင့် စခန်းကို သိမ်းနိုင်ခဲ့သည်။

KNU နှင့် PDF ပူးပေါင်းတပ်များက စခန်းသိမ်းလိုက်ပြီးနောက် ၁ ရက်အကြာတွင် ကလိန်အောင်ရှိ စစ်ကောင်စီတပ်က တော်လှန်ရေးတပ်များ လှုပ်ရှား အမှတ် (၈) ပြည်ထောင်စုလမ်းမအနီးရှိ နေရာအချို့ကို လက်နက်ကြီးပစ်ခတ်လာခြင်းဖြစ်သည်။

တနင်္သာရီတိုင်းအတွင်း ပဋိပက္ခအခြေအနေကို စောင့်ကြည့်မှတ်တမ်းပြုစုနေသည့် Fe5 Thanintharyi အဖွဲ့ကလည်း ပြီးခဲ့သည် မေလတွင် “မိုချုန်းသံလား ကျည်သံလား” အမည်ရှိစာတမ်းတစ်စောင်ထုတ်ပြန်ခဲ့သည်။

အဆိုပါစာတမ်းအရ မေလအတွင်း တနင်္သာရီတိုင်း၌ အရပ်သား ၁၃ ဦး အသတ်ခံထားရကြောင်း သိရသည်။

သေဆုံးသွားသည့်အရပ်သား ၁၃ ဦးတွင် ၈ ဦးမှာ စစ်ကောင်စီလက်ချက်ကြောင့်ဖြစ်ပြီး ကျန် ၄ ဦးမှာ တော်လှန်ရေးအဖွဲ့များ၏ ဒလန်ရှင်းလင်းမှုကြောင့်ဖြစ်ကြောင်း Fe5 Thanintharyi ကဆိုသည်။

နောက်ထပ်အရပ်သား ၁ ဦးမှာ မည်သည့်အဖွဲ့က ထောင်ထားမှန်းအတည်မပြုနိုင်သော မိုင်းနင်းမိသောကြောင့် ဖြစ်ကြောင်း စာတမ်းအရ သိရသည်။

မေလအတွင်း စစ်ရေးတင်းမာနေသည့် လောင်းလုံမြိုနယ်နှင့် ထားဝယ်မြို့နယ်တို့တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်ခံရမှု အများဆုံးဖြစ်ခဲ့ပြီး သေဆုံးသူများထဲတွင် ကလေး ၃ ဦးပါကြောင်း စာတမ်းတွင် ဖော်ပြထားသည်။

Related Articles

Back to top button