စစ်ကောင်စီတပ်နှင့် ကိုးကန့် (MNDAA) တပ်ဖွဲ့တို့ ဇွန်လအတွင်း သုံးကြိမ်နီးပါး တွေ့ဆုံခဲ့ကြသော်လည်း၊ တွေ့ဆုံမှုရလဒ်များ တစုံတရာမထုတ်ပြန်ခြင်းကြောင့် လားရှိုးမြို့ခံများအကြား စိုးရိမ်မှုများ ပိုမိုတိုးလာ နေသည်။
ပြီးခဲ့သည့် ဇွန် ၂၀ ရက်တွင် လားရှိုးမြို့သို့ စစ်ကောင်စီတပ် အင်အားတစ်ထောင်ကျော်နှင့် လက်နက်များ ဖြည့်တင်းခဲ့ပြီးနောက် ကိုးကန့်တပ်နှင့် တစ်ကြိမ်တွေ့ဆုံခဲ့ကြသည်။
ထို့နောက် ဇွန် ၃၀ ရက်နေ့တွင် လားရှိုးမြို့ ဆင်နှစ်ကောင်ဟိုတယ်နှင့် ဟိုပိတ်ကျေးရွာတို့တွင် နှစ်ကြိမ် ထပ်မံတွေ့ဆုံဆွေးနွေးခဲ့ကြသော်လည်း၊ နှစ်ဖက်လုံးက ဆွေးနွေးမှုအခြေအနေကို လျှို့ဝှက်ထားသည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲများ အဆင်မပြေကြောင်းနှင့် နှစ်ဖက်တပ်ဖွဲ့များ အင်အားဖြည့်တင်းနေသည် ဆိုသောသတင်းများထွက်ပေါ်လာ၍ လားရှိုးမြို့ခံများအကြား စိုးရိမ်မှုပိုမိုမြင့်တက်လာနေသည်ဟု အသက် ၅၀ ဝန်းကျင် လားရှိုးမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
“ကိုးကန့်နဲ့ စစ်တပ်က ခဏခဏ တွေ့နေတာပဲ။ သူတို့ ဆွေးနွေးတာ ကျွန်တော်တို့က မသိရဘူး။ အခု မြို့မှာက တိုက်ပွဲပြန်ဖြစ်တော့မှာလိုလို အပြင်ကနေသတင်းတွေ ထွက်နေတော့ စိုးရိမ်ကြတာပေါ့ဗျာ။ မြို့ထဲကတော့ အေးဆေးပဲ၊ ဘာမှ မထူးပါဘူး” ဟု အဆိုပါ အမျိုးသားက ဆိုသည်။
၂၀၂၅ ခုနှစ် ဧပြီမှစတင်၍ စစ်ကောင်စီတပ်သည် လားရှိုးမြို့သို့ နှစ်ကြိမ်တိတိ အင်အားဖြည့်ခဲ့ပြီး လူသိများသည့် လားရှိုးမြို့စောင့်တပ် ခမရ-၅၀၇၊ ခလရ-၄၁၊ အမှတ် (၆၂၆) ထောက်ပို့တပ်ရင်းတို့တွင် စစ်အင်အားများ ပြန်လည် ဖြန့်ချထားသည်ဟု မြို့ခံများထံက သိရသည်။
လားရှိုးမြို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) လက်အောက်ခံ ဆေးတပ်ရင်း၊ ဝန်တင်တပ်ရင်း၊ အမှတ် (၆၂၆) ထောက်ပို့တပ်ရင်း၊ အမှတ် (၈) ပညာရေးတပ်၊ ခလရ-၆၈ တပ်ရင်း ၊ သံချပ်ကာတပ်ရင်း၊ စစ်လက်နက်ပစ္စည်းတပ်၊ ယာဉ်သိုလှောင်ရေးတပ်၊ ဆောက်လုပ်ရေးတပ်၊ ဆက်သွယ်ရေးတပ်များအပြင် ခြေလျင်နှင့်ခြေမြန်တပ်ရင်းအချို့ သီးသန့်အခြေစိုက်ထားသည်။
ကျန်ရှိသည့်တပ်စခန်းများတွင်လည်း အင်အားထပ်ဖြည့်လိုသည့် စစ်ကောင်စီတပ်သည် ကိုးကန့်တပ်နှင့် ဆက်လက်ဆွေးနွေးနေပြီး၊ တပ်စခန်းပြန်လည်ချထားရေးကိစ္စများတွင် သဘောတူညီမှု မရသေးသည့် အခြေအနေရှိနေသည်ဟု ကိုးကန့်တပ်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
“ဝန်တင်တပ်၊ ခလရ-၆၈ တို့က ကိုးကန့် ထိန်းချုပ်တဲ့ဘက်မှာ ရှိတယ်။ စစ်တပ်က ပြန်ထိုင်ချင်တာကို ကိုးကန့်က ခွင့်မပြုဘူး။ နောက် နေတက်ဘုရားနား တခြားအရေးပါတဲ့နေရာတွေမှာလည်း စခန်း ထိုင်ချင်တယ်၊ ကိုးကန့်က မခွင့်မပြုဘူးလို့ သိရပါတယ်” ဟု ထိုသူက ဆိုသည်။

ကိုးကန့်နှင့်စစ်ကောင်စီတပ်တို့၏ ဆွေးနွေးပွဲတွင် သိန္နီမြို့ပြန်လွှဲရေး ဆွေးနွေးမှုအဆင်မပြေကြောင်း လတ်တလော သတင်းများထွက်ပေါ်နေသော်လည်း အဆိုပါကိစ္စအား အတိအကျမသိရဟု Myanmar Now က ဆက်သွယ်မေးမြန်းခဲ့သည့် ကိုးကန့်တပ်၊ စစ်ကောင်စီတပ်များနှင့် နီးစပ်သူများက ပြောသည်။
သိန္နီမြို့ပြန်ပေးရေး အဆင်မပြေ၍ လားရှိုးတွင်ကိုးကန့်တပ်မှ အင်အားဖြည့်နေကြောင်း သတင်းထွက်နေသော်လည်း မြေပြင်တွင် အဆိုပါအခြေအနေမျိုးမတွေ့ရဟု မြို့ခံ နောက်တစ်ဦးက ဆိုသည်။
“၅၀၇ တပ်အနီးက မန်အိုင်ရွာမှာ ကိုးကန့်တပ် ရှေ့တိုးလာတယ်လို့ ပြောတယ်။ ကျွန်တော် အဲ့နားမှာ နေတာပဲ၊ ဘာမှမဟုတ်ပါဘူး။ အဲလိုလည်း မတွေ့ရပါဘူး။ အားလုံး ပုံမှန်ပါပဲ”
သိန္နီမြို့တွင်လည်း ကိုးကန့်တပ် အုပ်ချုပ်မှု ပုံမှန်အတိုင်း ရှိနေပြီး၊ ယနေ့ထိ ကိုးကန့်ဒေသနေထိုင်ခွင့် မှတ်ပုံတင်များ ပြုလုပ်ပေးနေသည်ဟု သိန္နီမြို့ခံတစ်ဦးက ဆိုသည်။
“သိန္နီမှာလည်း အေးဆေးပါပဲ။ အလွှဲအပြောင်းအရွှေ့အပြောင်းမရှိပါဘူး။ အုပ်ချုပ်ရေးလည်း ပုံမှန်ပါပဲ။ ဒီနေ့တောင် ကိုးကန့်က မှတ်ပုံတင်တွေ လုပ်ပေးနေတယ်”
သိန္နီမြို့ကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်း ကိုးကန့်တပ်နှင့် ပူးပေါင်းတပ်များက သိမ်းပိုက်ခဲ့ပြီး ကိုးကန့် အထူးဒေသ (၁) အတွင်း ထည့်သွင်းထားသည်။
“ ၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း စစ်ကောင်စီ၏ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ရှိရာ လားရှိုးမြို့၊ အမှတ် (၁၆) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၆) ရှိသည့် သိန္နီမြို့၊ စစ်ဗျူဟာအခြေချ ကွမ်းလုံ နှင့် တရုတ်နယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်သည့် ချင်းရွှေဟော်၊ လောက်ကိုင်၊ ကြူကုတ် (ပန်ဆိုင်း)၊ မုံးကိုး၊ ကုန်းကြမ်း၊ တာမိုးညဲ မြို့များအား MNDAA တပ်ဖွဲ့က သိမ်းပိုက်နိုင်ခဲ့သည်။
အဆိုပါ မြို့များသည် တရုတ်နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းများအတွက် အဓိကကျသည့်မြို့များ ဖြစ်သည်။
လားရှိုးမြို့နယ်တွင် ရပ်ကွက် ၁၂ ခုနှင့် ကျေးရွာအုပ်စုပေါင်း ၇၀ကျော်၌ လူဦးရေ သုံးသိန်းကျော်နေထိုင် သည်။
တရုတ်ဖိအားကြောင့် လားရှိုးမြို့ပေါ် ၁၂ ရပ်ကွက်ကို စစ်ကောင်စီထံ ကိုးကန့်တပ်က ပြန်လွှဲပေးခဲ့ရသော် လည်း၊ လားရှိုးမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၇၀ ကျော်ကို MNDAA က ဆက်လက်အုပ်ချုပ်ခွင့် ရထားသည်။
တိုက်ပွဲများကြောင့် တစ်နှစ်နီးပါးကြာ စစ်ဘေးတိမ်းရှောင်ခဲ့ရသည့် လူထုမှာ ပျံ့နှံ့ နေသော ကောလဟလ များကြောင့် နောက်တစ်ကြိမ် စစ်ရှောင်ရမည့်အရေး စိုးရိမ်နေကြရသည်ဟု လားရှိုးမြို့ခံတို့က ဆိုသည်။



