သတင်း

နောင်ချိုမြို့နှင့် သုံးမိုင် အကွာအထိ စစ်တပ်ရောက်လာ၊ တိုက်ပွဲဆက်ပြင်းထန်နေ

တောင်ခမ်းမှ နောင်ချိုသို့ ဦးတည်လာသည့် စစ်ကောင်စီ တပ်မ ၁၁၊ တပ်မ ၅၅ စစ် ကြောင်းများသည် ဇူလိုင် ၉ ရက်နေ့တွင် နောင်ချိုမြို့နှင့် သုံးမိုင်အကွာ နမ့်ဆောင်ဟူး ကျေးရွာအား ထိန်းချုပ်လိုက်သည်ဟု ဒေသခံများက ပြောသည်။

မြန်မာ-တရုတ် နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ နောင်ချိုမြို့အား သိမ်းပိုက်နိုင်ရန် ထိုးစစ်ဆင်နေသည့် စစ်ကောင်စီ စစ်ကြောင်းများ မြို့နှင့် သုံးမိုင်အကွာကို ရောက်ရှိလာပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေသည်ဟု ဒေသခံများထံမှ သိရသည်။

တောင်ခမ်းမှ နောင်ချိုသို့ ဦးတည်လာသည့် စစ်ကောင်စီ တပ်မ ၁၁၊ တပ်မ ၅၅ စစ် ကြောင်းများသည် ဇူလိုင် ၉ ရက်နေ့တွင် နောင်ချိုမြို့နှင့် သုံးမိုင်အကွာ နမ့်ဆောင်ဟူး ကျေးရွာအား ထိန်းချုပ်လိုက်သည်ဟု ဒေသခံများက ပြောသည်။

“နမ့်ဆောင်ဟူးရွာကို သိမ်းပြီး ဒုံးတပ်နားမှာ တိုက်ပွဲဆက်ဖြစ်နေတယ်။ ၆၀၆ ဒုံးတပ်နဲ့ ကပ်နေတာ အဲနားမှာ တိုက်ပွဲဆက်ဖြစ်နေတယ်” ဟု နောင်ချိုမြို့ခံတစ်ဦးက ပြောသည်။

ပြင်ဦးလွင်မှ နောင်ချိုသို့ ထိုးစစ်ဆင်လာသည့် စစ်ကြောင်းများသည် ယခုရက်ပိုင်းတွင် နောင်ချို-မိုးကုတ်လမ်းရှိ ဆမ္မဆယ်ကျေးရွာ ထက်ဝက်နီးပါးအား ထိန်းချုပ်ထားပြီး စစ်ကြောင်းအချို့သည် နောင်ချိုနှင့် လေးမိုင်အကွာ ကျောက်ကြမ်းရွာအနီးသို့ ရောက် ရှိလာသည်ဟု ဒေသခံများက ဆိုသည်။

ကျောက်ကြမ်းရွာနှင့် တစ်မိုင်အကွာတွင် စစ်ကောင်စီ၏ ခမရ ၁၁၄ တပ်ရင်းနှင့် ခမရ ၁၁၅ တပ်ရင်းများရှိသည်။

အဆိုပါတပ်ရင်းများအား ၂၀၂၄ ဇွန်လကုန်ပိုင်းတွင် TNLA နှင့် မဟာမိတ်တပ်ဖွဲ့များက ၁၀၂၇ စစ်ဆင်ရေးကာလတွင် သိမ်းပိုက်ထားခြင်း ဖြစ်ပြီး တစ်နှစ်နီးပါးထိ ထိန်းချုပ်နိုင်ခဲ့ သည်။

နမ့်ဆောင်ဟူး ကျေးရွာကို ဇူလိုင် ၈ ရက်နေ့က သိမ်းပိုက်နိုင်ကြောင်း စစ်ကောင်စီကျောထောက်နောက်ခံပေးထားသည့် တယ်လီဂရမ်ချန်နယ်များက ဓာတ်ပုံများထုတ်ပြန်ခဲ့သည်



ဒုံးတပ်ရင်း ၆၀၆ သည် နောင်ချိုမြို့နှင့် အစပ်တွင် ရှိရာ အဆိုပါတပ်ရင်းကို သိမ်းပိုက်ခံရ ပါက စစ်ကောင်စီစစ်ကြောင်းများ နောင်ချိုမြို့အတွင်းသို့ ရောက်လာနိုင်သည်ဟု နောင်ချို ဒေသခံတစ်ဦးက ဆိုသည်။

“စစ်တပ်က အင်အားထောင်ချီသုံးပြီး မြို့ကို ပတ်လည်ပိတ်ဆို့ထားတဲ့ အနေအထား ဖြစ်နေပြီ။ ဒုံးတပ်ကလည်း စစ်တပ်က ရသလောက်ဖြစ်နေပြီ။ ကျောက်ကြမ်း ဘက်က လည်း ရှေ့တိုးနေတော့ တော်လှန်ရေးဘက်က သိပ်တော့ မလွယ်ဘူး” ဟု နောင်ချိုမြို့ခံ တစ်ဦးက ဆိုသည်။

စစ်ကောင်စီဘက်မှ လက်နက်ကြီး၊ လေကြောင်းနှင့် ဒရုန်းများ ပစ်ကူများ အဓိကသုံးပြီး ပြည်သူ့စစ်မှုထမ်းဥပဒေအရ သင်တန်းဆင်းတပ်သားအင်အား ထောင်ချီ ဖြန့်ခွဲအသုံးပြု ထားသည်ဟု မြေပြင်တော်လှန်ရေးတွင် ပါဝင်သူတစ်ဦးက ဆိုသည်။

တော်လှန်ရေး တပ်ဖွဲ့များဘက်မှ ရိက္ခာထောက်ပံ့မှု၊ လူအင်အား၊ စစ်လက်နက်ပစ္စည်းနှင့် ဆေးဝါး အကူအညီများ လိုအပ်ချက်များနေသည်ဟု မြေပြင်ထောက်ပို့လုပ်ငန်းများတွင် ပါဝင်သူတစ်ဦးက ပြောသည်။

“စစ်တပ် ဒရုန်းတွေက ပိုအဆင့်မြင့်လာတယ်။ လက်နက်ရော လူအင်အားရော ပိုသုံးနိုင်တယ်။ ကျွန်တော်တို့ဖက်မှာ လိုအပ်ချက်တွေအများကြီးနဲ့ တောင့်ခံနေရတာ။ နောင်ချို မပြန်ပေးရဖို့ အားလုံး ဝိုင်းဝန်းဖို့လိုတယ်”

တောင်ခမ်းမှ လာသည့် စစ်တပ်စစ်ကြောင်းအချို့သည် နောင်ချိုနှင့် ကျောက်မဲမြို့ကြားရှိ ဂုတ်ထိပ်လမ်းပိုင်းအထိ ထိန်းချုပ်ရန် ပြင်ဆင်နေသည်ဟု နောင်ချိုဒေသခံများက ဆိုသည်။

နောင်ချိုမြို့အနီး တိုက်ပွဲ ပြင်းထန်နေချိန်၊ နောင်ချို-ပြင်ဦးလွင် ရှောင်ကွင်းလမ်းများမှ ခရီးသွားလာခွင့်အား ဇူလိုင်လဆန်းမှစတင်ကာ စစ်ကောင်စီတပ်က တင်းကြပ်ထားသည်။

TNLA ဘက်မှလည်း နောင်ချိုနှင့် ကျောက်မဲမြို့ကြားရှိ ဂုတ်ထိပ်လမ်းပိုင်းမှ ခရီးသည်များ ဖြတ်သန်းခွင့်ကို ဇူလိုင် ၁၀ ရက်နေ့မှ စတင်ပိတ်ထားသည်ဟု ဒေသခံများက ပြောသည်။

တိုက်ပွဲအခြေအနေနှင့်ပတ်သက်၍ TNLA ပြောခွင့်ရသူ လွေးယေဦးကို Myanmar Now က ဆက်သွယ် မေးမြန်းသော်လည်း အကြောင်းပြန်ခြင်း မရှိသေးပေ။

TNLA ၏ ယခုရက်ပိုင်း ထုတ်ပြန်ချက်တွင်မူ နောင်ချိုမြို့အနီးရှိ ကျေးရွာများတွင် တိုက်ပွဲ များ ဆက်ဖြစ်နေသည်ဟု ဖော်ပြထားသည်။

နောင်ချိုမြို့သည် ရှမ်းပြည်မြောက်ပိုင်းနှင့် မန္တလေးတိုင်းအား ဆက်သွယ်ရာတွင် အဓိက ကျသည့် မြို့ဖြစ်သည်။

နောင်ချိုမြို့အား စစ်တပ်က ပြန်ရပါက TNLA ထိန်းချုပ်ရာ ကျောက်မဲနှင့် သီပေါမြို့ များကိုပါ ထိုးစစ်များ ရောက်လာနိုင်သည်ဟု တော်လှန်ရေးတပ်ဖွဲ့နှင့် နီးစပ်သူများက သုံးသပ်သည်။

နောင်ချိုတိုက်ပွဲ ပြင်းထန်လာသည့် ဇွန်လမှစတင်ကာ စစ်ကောင်စီတပ်က TNLA ထိန်း ချုပ်ရာ ကျောက်မဲမြို့အား နေ့စဉ်နီးပါး ဗုံးကြဲတိုက်ခိုက်နေသည်။

နမ့်ဆောင်ဟူး ကျေးရွာကို ဇူလိုင် ၈ ရက်နေ့က သိမ်းပိုက်နိုင်ကြောင်း စစ်ကောင်စီကျောထောက်နောက်ခံပေးထားသည့် တယ်လီဂရမ်ချန်နယ်များက ဓာတ်ပုံများထုတ်ပြန်ခဲ့သည်



ယနေ့ (ဇူလိုင် ၁၁) မနက်ပိုင်းတွင် စစ်ကောင်စီတပ်က ကျောက်မဲမြို့ခရိုင်ရဲစခန်း အပါ အဝင် နေရာအချို့အား ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် နောင်ချိုမြို့မှ စစ်ဘေးတိမ်းရှောင် လာ သည့် ဒုက္ခသည် တစ်ဦး သေဆုံးပြီး သုံးဦးထက်မနည်း ဒဏ်ရာရခဲ့သည်ဟု ကျောက်မဲမြို့ ခံများက ပြောသည်။

“နောင်ချိုကနေ စစ်ရှောင်လာတဲ့သူတွေ ခိုမုန်းရွာက ဟိုတယ်ကောလီမှာ နေကြတာ။ ဒီမနက် ဗုံးကြဲခံရတော့ တစ်ယောက်သေတယ်” ဟု ကျောက်မဲမြို့ခံတစ်ဦးက ပြော သည်။

စစ်ကောင်စီက ဇွန် ၂၄ ရက်နေ့မှ ယနေ့ (ဇူလိုင် ၁၁) အထိ ကျောက်မဲမြို့အား လေကြောင်း မှ ခြောက်ကြိမ်အထိ ဗုံးကြဲတိုက်ခိုက်ခဲ့၍ အရပ်သား ၆ ဦး သေဆုံးခဲ့သည်။

တရုတ်နိုင်ငံ ကူမင်းမြို့ဆွေးနွေးပွဲတွင် TNLA ထိန်းချုပ်မြို့များမှ နောင်ချို၊ ကျောက်မဲ အပါအဝင် ၅ မြို့ကို ပြန်ပေးရန် စစ်ကောင်စီက တောင်းဆိုခဲ့သော်လည်း သဘော တူညီမှု မရခဲ့ပဲ စစ်ကောင်စီတပ်က ရှမ်းမြောက် ဝင်ပေါက် နောင်ချိုမြို့ကို ပြန်ရရန် အပြင်းအထန် ထိုးစစ်ဆင်နေသည်။

ဇူလိုင် ၅ ရက်နေ့က ပြုလုပ်သော TNLA သတင်းစာရှင်းလင်းပွဲတွင် တရုတ်နိုင်ငံက တိုက် ပွဲများ ရပ်တန့်ရန် စစ်ကောင်စီနှင့် တအောင်းတပ်တို့ကို မကြာသေးခင်က သီးခြား စီတွေ့ ဆုံ စကားပြောခဲ့ပြီး နှစ်ဖက်လုံးကို အပစ်ရပ်ရန် ပြောခဲ့ကြောင်း TNLA မှ လွေးယေဦးက မီဒီယာများကို ပြောခဲ့သည်။

သို့ရာတွင် စစ်ကောင်စီဘက်မှ လေကြောင်းနှင့် မြေပြင်ထိုးစစ်များ ဆက်ရှိနေပြီး TNLA နှင့် တိုက်ပွဲ များ ဆက်လက် ပြင်းထန်နေသည်။

လေကြောင်းတိုက်ခိုက်မှုနှင့် တိုက်ပွဲများကြောင့် နောင်ချိုနှင့် ကျောက်မဲမြို့ခံ အနည်းဆုံး တစ်သောင်းကျော် လားရှိုး၊ ပြင်ဦးလွင်၊ မန္တလေးမြို့နှင့် နီးစပ်ရာ ကျေးရွာများသို့ တိမ်း ရှောင်နေရသည်။

တိုက်ပွဲများနှင့် နီးကပ်နေသည့် ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာတွင် ဒုက္ခသည် လေးထောင်နီးပါး ခိုလုံနေပြီး စားသောက်ရေးအတွက် အခက်အခဲဖြစ်နေ၍ အကူအညီ များ ပေးကြရန် ဒုက္ခသည်အရေး ကူညီသူများက နှိုးဆော်ထားသည်။

နမ့်ဆောင်ဟူး ကျေးရွာကို ဇူလိုင် ၈ ရက်နေ့က သိမ်းပိုက်နိုင်ကြောင်း စစ်ကောင်စီကျောထောက်နောက်ခံပေးထားသည့် တယ်လီဂရမ်ချန်နယ်များက ဓာတ်ပုံများထုတ်ပြန်ခဲ့သည်

Related Articles

Back to top button