အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

ကြံ့ခိုင်ရေးပါတီက ဝါဒဖြန့်ချိရေးအတွက် TikTok ကို ပိုအားကိုးလာ

အခုနှစ်ကုန်ပိုင်း စစ်တပ်ကျင်းပမယ့်ရွေးကောက်ပွဲအပြီး အစိုးရဖွဲ့ခွင့်ရဖို့ သေချာနေတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)က ဆိုရှယ်မီဒီယာကို အသုံးချရာမှာ တစ်တော့(TikTok) ကို ပိုပြီးအားကိုးလာတာ တွေ့ရပါတယ်။

၂၀၂၁ စစ်အာဏာသိမ်းပြီး မြန်မာနိုင်ငံမှာ သုံးစွဲသူစုစုပေါင်း ၁၉ ဒသမ ၆ သန်း ကျော်အထိ မြင့်တက်လာတဲ့ TikTok ကို ဝါဒဖြန့်ချိရေးပလက်ဖောင်းတစ်ခုအဖြစ် ကြံ့ခိုင်ရေးပါတီက သုံးစွဲလာတာပါ။

နိုင်ငံတဝှမ်းက ခရိုင်အဆင့်၊ မြို့နယ်အဆင့်ရုံးတွေကိုလည်း TikTok အကောင့်တွေဖွင့်ကြဖို့ ကြံ့ခိုင်ရေးပါတီ(ဗဟို)က စာထုတ်ပြီး ညွှန်ကြားထားတယ်လို့ ပါတီနဲ့ နီးစပ်သူတွေဆီကနေ စုံစမ်းသိရှိရပါတယ်။

ရွေးကောက်ပွဲနီးလာချိန်မှာ ကြံ့ခိုင်ရေးပါတီရဲ့ထိပ်သီးခေါင်းဆောင်တွေကိုယ်တိုင် TikTok ကနေ စည်းရုံးရေးဆင်းနေကြသလို ကြံ့ခိုင်ရေးပါတီအမတ်လောင်းတွေလည်း TikTok အကောင့်တွေဖွင့်ပြီး စတင်လှုပ်ရှားလာကြတာကို Myanmar Now က လေ့လာတွေ့ရှိရပါတယ်။

ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌဖြစ်တဲ့ အသက် ၇၂နှစ်အရွယ် ဗိုလ်မှူးချုပ်ဟောင်း ဦးခင်ရီဟာ TikTok အပါအဝင် ဆိုရှယ်မီဒီယာအတွက် နေပြည်တော်၊ ရေဆင်းက ရိုက်ကူးရေးအဖွဲ့တစ်ခုကို သီးသန့်ငှားရမ်းထားတယ်လို့ ပါတီနဲ့နီးစပ်သူတွေက ပြောပါတယ်။

မြန်မာနိုင်ငံက လူသုံးအများဆုံး လူမှုကွန်ရက် Facebook(ဖေ့စ်ဘွတ်)မှာတော့ စစ်ဗိုလ်ချုပ်ဟောင်းတွေ ဦးဆောင်တဲ့ ကြံ့ခိုင်ရေးပါတီကို လူထုထောက်ခံမှုအားနည်းပါတယ်။ လက်ရှိမှာ ကြံ့ခိုင်ရေးပါတီရဲ့ လူထုစည်းရုံးရေးဗီဒီယိုတွေကို Facebook မှာပါ တပြိုင်ထဲ လွှင့်တင်ပေမဲ့ TikTok မှာပဲ ပိုပြီး ပျံ့နှံ့မှုများတာကို တွေ့ရပါတယ်။

လူမှုကွန်ရက်မီဒီယာတွေရဲ့ အခြေအနေကို သုတေသနပြုနေတဲ့ Myanmar Internet Project က ပြုစုထားတဲ့ အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ TikTok သုံးစွဲသူ ၁၉ ဒဿမ ၆ သန်း အထိ များလာပြီး၊ ဒီအရေအတွက်ဟာ တစ်နိုင်ငံလုံး အင်တာနက်သုံးစွဲသူ စုစုပေါင်းရဲ့ ၅၉ ရာခိုင်နှုန်းလောက် ရှိတယ်လို့ ဆိုပါတယ်။

တော်လှန်ရေးကာလအတွင်း မြေပြင်မှာ စည်းရုံးရေးဆင်းဖို့ အကန့်အသတ်ရှိနေတဲ့ ကြံ့ခိုင်ရေးပါတီအတွက်တော့ သုံးစွဲသူများပြားလာတဲ့ TikTok က မဲဆွယ်ဖို့ ပလက်ဖောင်းတစ်ခုဖြစ်လာတယ်လို့ Myanmar Internet Project တာဝန်ရှိသူ ကိုသစ်ဉာဏ် က ပြောပါတယ်။

မြန်မာနိုင်ငံမှာ TikTok ကို ပိုသုံးလာကြတဲ့ တခြားအကြောင်းတွေလည်း ရှိပါတယ်။ အပြည့်အစုံကို ဒီရုပ်သံမှာ ကြည့်ရှုနိုင်ပါတယ်။

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် /qurium/myanmar-now.org/mm-members.html တွင် ကူညီနိုင်ပါသည်။

Related Articles

Back to top button