အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

MDY-PDF ဗဟိုဦးဆောင် ကော်မတီဝင် ၂ ဦးကို တပ်ပိုင်ဘဏ္ဍာများ ပြန်မအပ်သဖြင့် ဖမ်းထား

တပ်ပိုင်ဘဏ္ဍာပစ္စည်းများ ပြန်မအပ်သည့် ဗဟိုဦးဆောင်ကော်မတီဝင် နှစ်ဦးကို ဖမ်းဆီးထားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်- မန္တလေး (MDY-PDF) နိုဝင်ဘာလ ၂၁ ရက်နေ့တွင် ထုတ်ပြန်သည်။

တပ်ပိုင်ဘဏ္ဍာပစ္စည်းများ ပြန်မအပ်သည့် ဗဟိုဦးဆောင်ကော်မတီဝင် နှစ်ဦးကို ဖမ်းဆီးထားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်- မန္တလေး (MDY-PDF) နိုဝင်ဘာလ ၂၁ ရက်နေ့တွင် ထုတ်ပြန်သည်။

MDY-PDF ၏ ဗဟိုဦးဆောင်ကော်မတီဝင် နှစ်ဦးဖြစ်သည့် စစ်ရေးဌာနကြီးမှူး ကိုမုန်တိုင်းနှင့် ဘဏ္ဍာရှာဖွေရေးဌာနကြီးမှူး ကိုနိုင်ကြီးတို့ကို ဖမ်းဆီးထားခြင်းဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြသည်။

ကိုမုန်တိုင်းနှင့် ကိုနိုင်ကြီးတို့ကို တပ်တွင်တာဝန်ယူထားသော တာဝန်အားလုံးမှ ရပ်စဲထားပြီး လက်နက်ဖြုတ်သိမ်း၍ အချုပ်ထဲတွင် ထိန်းသိမ်းထားကြောင်း MDY-PDF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

၎င်းတို့သည် ကာလတန်ဖိုးကြီးမားသော တပ်ပိုင်ဘဏ္ဍာပစ္စည်းများကို တပ်စည်းကမ်းနှင့် လုပ်ထုံးလုပ်နည်း ချိုးဖောက်၍ ထုတ်ယူခဲ့သည်ဟုလည်း ကြေညာချက်တွင် ဖော်ပြသည်။ ထိုသို့ လုပ်ဆောင်ခဲ့သဖြင့် ပြစ်ဒဏ်ပေးရန် ပြီးခဲ့သည့် ဩဂုတ်လအတွင်း ပြုလုပ်သည့် ဗဟိုဦးဆောင်ကော်မတီဝင် အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြသည်။

သို့သော် ထိုစဉ်ကဖြစ်ပွားနေသည့် တော်လှန်ရေးအခြေအနေနှင့် ကိုမုန်တိုင်းအပါအဝင် ကိုနိုင်ကြီး၏ မေတ္တာရပ်ခံချက်အရ ပြစ်ဒဏ်များကို လက်တွေ့မချမှတ်ခဲ့ဘဲ ယာယီဆိုင်းငံ့ခဲ့ကြောင်း MDY-PDF က ကြေညာချက်တွင် ဖော်ပြသည်။

ကိုမုန်တိုင်းနှင့် ကိုနိုင်ကြီးသည် လက်ရှိအချိန်အထိ တပ်ပိုင်းဘဏ္ဍာပစ္စည်းများ ပြန်မအပ်သလို မည်သည့် ဖြေရှင်းမှုမှ အသိပေးလာခြင်းမရှိဟုလည်းဆိုသည်။ ထို့ကြောင့် ၎င်းတို့သည် သာမန်စည်းမျဉ်းစည်းကမ်း ချိုးဖောက်မှုအဆင့်ကိုကျော်၍ ကြီးမားသည့် ပြစ်မှုအဆင့် ရောက်သွားကြောင်း MDY-PDF က ဆိုသည်။

ထိုအခြေအနေများကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ရုံးချုပ်သို့ တင်ပြထားသည်ဟုလည်း MDY-PDF ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

MDY-PDF ၏ ပြန်ကြားရေးတာဝန်ခံ ကိုအော်စမွန်ကို ဆက်သွယ်မေးမြန်းရာတွင်လည်း “(ဖမ်းဆီးခံရတာ) ဟုတ်ပါတယ်။ ကျွန်တော်တို့တပ်က ထုတ်ပြန်ထားတဲ့အတိုင်းပါပဲ။ တခြားအသေးစိတ်အခြေအနေတွေ ပြောဖို့မရှိသေးပါဘူး”ဟု ပြောသည်။

ကိုမုန်တိုင်းနှင့် ကိုနိုင်ကြီးတို့ ယခုကဲ့သို့ ဖမ်းဆီးထိန်းသိမ်းခံရသည်မှာ MDY-PDF ၏ ခေါင်းဆောင်ပိုင်း ပြောင်းလဲဖွဲ့စည်းမှုများ၊ ရာထူးတာဝန်အပြောင်းအလဲများနှင့် သက်ဆိုင်နိုင်ကြောင်း အဆိုပါတပ်၏ ခေါင်းဆောင်ပိုင်းနှင့် နီးစပ်သူ နိုင်ငံရေးသမားတစ်ဦးက ပြောသည်။

MDY-PDF သည် NUG အစိုးရ၏ နိုင်ငံရေးဦးဆောင်မှုအောက်မှ တပ်တစ်ခုဖြစ်သော်လည်း စစ်ရေးစစ်ရာ ကိစ္စရပ်များတွင် ကိုယ်ပိုင်အစီအမံများဖြင့် လှုပ်ရှားတော်လှန်နေသည့်အတွက် တပ်အတွင်း မကျေလည်မှုများရှိနေခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

“မကျေမလည်ဖြစ်နေကြတာကြာပြီ။ အဓိက ကတော့ MDY-PDF ရဲ့ လုပ်ငန်းကိစ္စအဝဝကို NUG-MOD ဆီကို လွှဲပြောင်းပေးစေချင်တာ၊ ကိုမုန်တိုင်းတို့ကလည်း တချို့လွှဲပြောင်းပေးထားတယ်၊ တချို့ချန်ထားတယ်။ ကျန်တာတွေကိုလည်း လွှဲဖို့ပြောင်းဖို့လုပ်နေတယ်။ ခဏတော့စောင့်ပေးဖို့ ပြောဆိုဆွေးနွေးထားတဲ့အကြားက မစောင့်နိုင်ဘဲ ဖြစ်သွားတာလို့ကို ပြောလို့ရတယ်”

MDY-PDF ခေါင်းဆောင်ပိုင်းနှင့် နီးစပ်သည့် PDF တပ်မှူးတစ်ဦးကလည်း တပ်အတွင်းပိုင်းတွင် ကိစ္စရပ်များစွာတို့ အငြင်းပွားနေကြသည်မှာ နှစ်ချီကြာမြင့်နေပြီဖြစ်ကြောင်း ပြောသည်။

“ဖြစ်နေတာတော့အများကြီးပဲ၊ ကြိတ်ဖြစ်နေတာ နှစ်ချီနေပြီ”ဟု ပြောသည်။

MDY-PDF သည် တအာင်းတပ် TNLA နယ်မြေတွင် စုဖွဲ့ပြင်ဆင်ခဲ့သည့် တော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်ပြီး မြောက်ပိုင်းညီနောင်သုံးဖော်၏ ၁၀၂၇ စစ်ဆင်ရေးများတွင် TNLA နှင့်အတူ တိုက်ပွဲဝင်လာခဲ့သည်။ မဟာမိတ် တော်လှန်ရေးတပ်များနှင့်အတူ မတ္တရာ၊ စဉ့်ကူးနှင့် သပိတ်ကျင်းနယ်တို့မှ နယ်မြေများစွာကို သိမ်းပိုက်နိုင်ခဲ့ပြီး တစ်နှစ်ကျော်ကြာအောင် ထိန်းချုပ်ခဲ့သည်။

ယခုလများအတွင်း မတ္တရာစစ်မျက်နှာမှ ထိန်းချုပ်နယ်မြေများကို တဖြည်းဖြည်းချင်း လက်လွှတ်ဆုံးရှုံးနေရသည်မှာ မတ္တရာစစ်မျက်နှာ တစ်ခုလုံးနီးပါးဖြစ်နေသည်။

တစ်ဖက်တွင်လည်း မဟာမိတ် TNLA က တရုတ်နိုင်ငံဖိအားကြောင့် အာဏာသိမ်းစစ်တပ်နှင့် အပစ်ရပ်လက်မှတ်ရေးထိုးပြီး ၁၀၂၇ စစ်ဆင်ရေးအပိုင်းနှစ်တွင် သိမ်းပိုက်ခဲ့သည့် ပတ္တမြားမြေမိုးကုတ်နှင့် မိုးမိတ်မြို့တို့မှ ဆုတ်ခွာရမည်ဖြစ်သည်။

မိုးကုတ်၊ မိုးမိတ်မှ TNLA ဆုတ်ခွာရမည်ဖြစ်ကြောင်း အတည်ပြုထုတ်ပြန်လာချိန်တွင် MDY-PDF နှင့် ဒေသခံ PDF တပ်များက မြို့ကို စစ်တပ်ပြန်အဝင်မခံဘဲ ခုခံကာကွယ်သွားမည်ဖြစ်ကြောင်း သဘောထားများထုတ်ပြန်ခဲ့သည်။

Related Articles

Back to top button