ပဲခူးတိုင်းအရှေ့ခြမ်း ၊ ကျောက်ကြီးမြို့နယ်၊ ညောင်ပင်သာကျေးရွာကို ယမန်နေ့ (ဒီဇင်ဘာလ ၃ ရက်နေ့) တွင် စစ်တပ်က လေကြောင်းနှင့် လက်နက်ကြီးတို့ဖြင့် ဗုံးကြဲပစ်ခတ်၍ ကျန်းမာရေးဝန်ထမ်းများ အပါအဝင် ငါးဦး သေဆုံးကာ ခုနစ်ဦး ဒဏ်ရာရခဲ့ကြောင်း ဒေသအခြေစိုက် တော်လှန်ရေးတပ်များထံက သိရသည်။
ကျောက်ကြီးမြို့မြောက်ဘက် မျဉ်းဖြောင့်တိုင်းလျှင် ၂၁ မိုင်အကွာတွင် တည်ရှိသော ညောင်ပင်သာရွာရှိ တော်လှန်ရေးအဖွဲ့ ဆေးပေးခန်းကို ယမန်နေ့ မွန်းတည့် ၁၂ နာရီခန့်က ဂျိုင်ရိုကော်ပတာ (Gyrocopter) နှစ်စီးက ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့သည်။
အဆိုပါဗုံးကြဲတိုက်ခိုက်မှုအတွင်း အသက် ၃၀ အရွယ် CDM ဒေါက်တာဆန်းလွင် ၊ ဆေးဝန်ထမ်း အမျိုးသား တစ်ဦးနှင့် ဆေးဝန်ထမ်း ကိုအောင်မျိုးလွင် သေဆုံးခဲ့သည်။ တော်လှန်ရေးဆေးအဖွဲ့ဝင် တစ်ဦးနှင့် အရပ်သား လေးဦးတို့လည်း ထိခိုက်ဒဏ်ရာရကြောင်း တော်လှန်ရေးတပ် သတင်းရင်းမြစ်အချို့က ဆိုသည်။
မုန်းမြို့နှင့် ထန်းတပင်မြို့ဆက်သွယ်ထားသည့် ကားလမ်းဖြတ်သန်းရာကျေးရွာဖြစ်သည့် ညောင်ပင်သာရွာသည် ပဲခူးတိုင်းအခြေစိုက်တော်လှန်ရေးတပ်များက စိုးမိုးထိန်းချုပ်ထားသည့် နယ်မြေဖြစ်သည်။
ပဲခူး၊ ရန်ကုန်နှင့် ဧရာဝတီတိုင်းတို့ပါဝင်သော အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ စစ်ဆင်ရေးနယ်မြေ အမှတ် (၂) ၏ စစ်ဒေသခွဲမှူး ရဲဘော်တင်ဦးက စစ်ကော်မရှင်တပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လာရောက် တိုက်ခိုက်ခြင်းဖြစ်ကြောင်း ဆိုသည်။
“ဆေးရုံတော့မဟုတ်ပါဘူး။ ပြည်သူတွေကို ကုသပေးတဲ့ ဆေးခန်းပါ။ တိုက်ပွဲ မရှိပါဘူး။ ဒီဆေးခန်းက ဒေသခံ ပြည်သူတွေကို တတ်နိုင်သလောက် ကျန်းမာရေးစောင့်ရှောက်မှု ပေးနေတာပါ” ဟု Myanmar Now ကို ယနေ့ မွန်းလွဲပိုင်းတွင် ပြောသည်။
ဆေးခန်း၌ မီးစက် ဖွင့်ထားချိန်ဖြစ်၍ ဂျိုင်ရိုကော်ပတာများ လာနေချိန်တွင် ထိုအသံများ မကြားရသောကြောင့် ဆေးဝန်ထမ်းများ တိမ်းရှောင်ချိန်မရဖြစ်ခဲ့ရကြောင်း ပဲခူးတိုင်းအရှေ့ခြမ်းအခြေစိုက် တော်လှန်ရေးတပ်နှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။
“အဲဒီဆေးခန်းနေရာက အဓိကတော့ ရဲဘော်တွေကုတာ။ ဒါပေမဲ့ ဒေသခံ ပြည်သူတွေကိုလည်း ကုပေး တယ်ပေါ့။ အစကတည်းကတော့ ဆေးခန်း Location (တည်နေရာ) တစ်ခါ ပေါက်ထားတယ်။ ပေါက်ထားလို့ နေရာရွှေ့ပြီး အခုဆေးခန်းနေရာကို တစ်ခါပြန်ရောက်လာတယ်ပေါ့။ လာကြဲတဲ့အချိန်မှာ မီးစက်နှိုးထားတော့ Gyrocopter အသံမကြားရဘူးဖြစ်သွားတာပေါ့” ဟု ၎င်းက ပြောပြသည်။
ထိုသို့ ဗုံးကြဲပြီးနောက် ညောင်ပင်သာရွာမြောက်ဘက် ဇရပ်ကြီးမြို့ဘက်အခြေစိုက် စစ်ကော်မရှင်တပ်များက ညောင်ပင်သာရွာအတွင်း လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ရာ အရပ်သား နှစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရ ကြောင်း ပဲခူးတိုင်းအရှေ့အခြေစိုက် တော်လှန်ရေးတပ်နှင့် နီးစပ်သည့် အထက်ပါ သတင်းရင်းမြစ်က ဆက်ပြော သည်။
သေဆုံးသူ နှစ်ဦးသည် ညောင်ပင်သာရွာ ဒေသခံများဖြစ်သော အသက် ၆၈ နှစ်အရွယ်ရှိ ဦးတိုးကြီးနှင့် အသက် ၃၃ နှစ်အရွယ် ကိုသူရိန်စိုးဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၆ ရက်နေ့ကလည်း ပဲခူးတိုင်းအရှေ့ခြမ်း၊ ဖြူးမြို့နယ်ရှိ မန်ကျည်းကုန်းတောင်ရွာကို စစ်ကော်မရှင်တပ်က ဂျိုင်ရိုကော်ပတာ နှစ်စီးဖြင့်ဗုံးကြဲတိုက်ခိုက်စဉ် တစ်စီး ပျက်ကျပြီး မောင်းနှင်သူနှစ်ဦး သေဆုံးခဲ့မှု ဖြစ်ပွားထားသည်။
ထိုတိုက်ခိုက်မှုအတွင်း မန်းကျည်းကုန်းတောင်ရွာမှ အသက် ၅၅ နှစ်အရွယ်အမျိုးသားတစ်ဦး ဝမ်းဗိုက် ဗုံးစ ထိမှန်၍ သေဆုံးခဲ့ရသည်။
လေကြောင်းတိုက်ခိုက်မှုလုပ်ရာတွင် ကုန်ကျစရိတ် ပိုသက်သာသည့် ပါရာမော်တာ (အင်ဂျင်တပ် လေထီး) များကို ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းမှစပြီး မြေပြန့်ဒေသတွင် စစ်တပ်က တွင်တွင်ကျယ်ကျယ် အသုံးပြုခဲ့ရာမှ ယခုနှစ် နှစ်ကုန်တွင် ဂျိုင်ရိုကော်ပတာများကိုပါ တိုးချဲ့သုံးစွဲလာသည်။ အလားတူ မြေပြင်အခြေအနေ ထောက်လှမ်းသည့် Spy Balloons များပါ စစ်တပ်က သုံးစွဲနေသည်။
နိုင်ငံအလယ်ပိုင်း ဒေသများ၌ ဗုံးကြဲတိုက်ခိုက်မှုများတွင် ထိုနှစ်မျိုးလုံး အသုံးပြုနေရာ ရခိုင်၊ ပဲခူးအရှေ့ကဲ့သို့ တိုင်းရင်းသားလက်နက်ကိုင်များ အားကောင်းသည့် ဒေသများတွင်လည်း ယခုနှစ်အတွင်း စစ်ကော်မရှင်က အသုံးပြုလာသည်။




