လွန်ခဲ့သည့် ခုနစ်လကျော်က အချုပ်ကျနေစဉ် သေဆုံးသွားသည့် နေပြည်တော် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ရဲဘော်တစ်ဦး၏အမှုကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) စစ်ရုံးချုပ်က စစ်ဆေးနေကြောင်း စုံစမ်းသိရှိရသည်။
နေပြည်တော်တိုင်းစစ်ဌာန အမှတ် (၈၀၂) တပ်ရင်းမှ ဒုတပ်ရင်းမှူး ဆရာကျောင်း (ခ) နိုင်လင်းအောင်နှင့် တပ်ခွဲမှူး ဥက္ကာတို့က PDF ဒရုန်းတပ်ရင်းမှ ရဲဘော်လွှမ်းမိုးကို မုဒိမ်းမှုကျုးလွန်ကြောင်း စွပ်စွဲချက်ဖြင့် ၂၀၂၅ ခုနှစ် ဧပြီလ ၁၄ ရက်နေ့တွင် ထိပ်တုံးခတ်၍ နှိပ်စက်စစ်ဆေးခဲ့သည်။
သုံးရက်အကြာတွင် ရဲဘော်လွှမ်းမိုး ဒဏ်ရာများဖြင့်သေဆုံးသွားရာ ရုပ်အလောင်းကို တပ်ရင်းအနီး မြေမြှုပ်ထားခဲ့သည်၊ ထိုတပ်ရင်းမှနုတ်ထွက်သွားသော PDF ရဲဘောင်းဟောင်းတစ်ဦးက ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး ကရင်နီပြည်ရဲတပ်ဖွဲ့နှင့် NUG အစိုးရတို့ကို နိုဝင်ဘာလအတွင်း တိုင်ကြားခဲ့သည်။
လူသေမှုဖြင့် အဆင့်ဆင့်စစ်ဆေးခဲ့ရာမှ ယခုအခါ ကရင်နီပြည်ရဲတပ်ဖွဲ့ အမှတ် (၉) ရဲစခန်းတွင် အမှုဖွင့် ထားသည်။
ထိုအမှုဖြစ်စဉ်အပေါ် သတင်းဌာနများက ရေးသားဖော်ပြလာချိန်တွင် ဒုတပ်ရင်းမှူး၊ တပ်ခွဲမှူးတို့ကို စစ်ဆေးနေကြောင်း နေပြည်တော်တိုင်းစစ်ဌာန ကွပ်ကဲရေးမှူး ဗိုလ်လကျ်ာက Myanmar Now ကို ပြောသည်။
“ရာထူးတာဝန်ရုပ်သိမ်းပြီးတော့ အချုပ်အကျဉ်းချထားပြီ။ ချခဲ့တာကတော့ ၁၀ ရက်၊ ၁၁ ရက်လောက်တော့ရှိပြီ။ ဒါကတော့ အဆင့်မြှင့်ပြီး ဆောင်ရွက်ခဲ့တဲ့သဘောပေါ့။ ကနဦး သတင်းပေးပို့ချက်အရတော့ ပုံမှန်စစ်ဆေးမှုပဲ လုပ်ခဲ့တယ်” ဟု ၎င်းက ပြောသည်။
“နောက်ပိုင်းမှာ ဆက်ပြီးတော့ တိုင်ကြားမှုလေးတွေရှိလာတဲ့အခါမှာ ဒီကဏ္ဍကို ပိုပြီးအဆင့်မြှင့်ခဲ့တယ်။ နောက် စစ်ရုံးချုပ်က စာဝင်လာတော့ ကျွန်တော်တို့က စစ်ရုံးချုပ်နဲ့ တစ်ခါအပြောင်းအလဲ ထပ်လုပ်ရတယ်။ စစ်ရုံးချုပ်က ဒီအမှုကို သူတို့လွှဲပြောင်းစစ်ယူမယ်”
စစ်ရုံးချုပ်သည် ယခုအမှုကို အစအဆုံးပြန်လည်စစ်ဆေး၍ တစ်လအတွင်း အပြီးသတ်စစ်ဆေးနိုင်ရန် မျှော်လင့်ရပြီး အများပြည်သူကို အသိပေးထုတ်ပြန်မည်ဟု ဗိုလ်လကျ်ာက ဆိုသည်။
အဆိုပါအမှုကို ယခုမှကိုင်တွယ်ခြင်းမဟုတ်ဘဲ အမှုစတင်ဖြစ်ပွားပြီး နှစ်ပတ်အတွင်း ဒုတပ်ရင်းမှူးကို တာဝန်မှ ယာယီရုပ်သိမ်း စစ်ဆေးခဲ့သလို ပြင်းပြင်းထန်ထန် သတိပေးမှုများရှိခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

ထိုနောက်တွင် ရဲဘော်ဟောင်းတစ်ဦးက ကရင်နီပြည်ရဲဌာနကို တိုင်ကြားမှုပေါ်ပေါက်ခဲ့ပြီး ပြီးခဲ့သည့် နိုဝင်ဘာလကုန်တွင် တာဝန်ရှိသူများက ရုပ်အလောင်းကို ပြန်လည်တူးဖော်ခဲ့ကြသည်။
သို့သော် ရုပ်အလောင်းပြန်ဖော်စစ်ဆေးရာတွင် တွေ့ရှိရသော အချက်များကို နေပြည်တော်တိုင်းစစ်ဌာနက လက်ခံရရှိခြင်း မရှိသေးကြောင်း ဗိုလ်လကျ်ာက ဆိုသည်။
ဒုတပ်ရင်းမှူး ဆရာကျောင်းသည် ကရင်နီအခြေပြု နေပြည်တော်တိုင်းစစ်ဌာန အမှတ် (၈၀၃) တပ်ရင်းတွင် ယခင်က စားဖိုမှူးတာဝန်ယူခဲ့သူဖြစ်သည်။ နောက်ပိုင်းတွင် အမှတ် (၈၀၂) တပ်ရင်းသို့ပြောင်းရွှေ့ပြီး ဒုတပ်ရင်းမှူး တာဝန်ပေးအပ်ခံခဲ့ရကြောင်း ၎င်းနှင့်အတူဖြတ်သန်းခဲ့ဖူးသော PDF ရဲဘော်ဟောင်း အမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။
တိုင်ကြားစာများအရ ယခုဖြစ်စဉ်နှင့်ပတ်သက်၍ PDF ဗျူဟာမှူးအဆင့်ရှိသူများကို တိုင်ကြားသော်လည်း အရေးယူခြင်းမရှိဘဲ ကရင်နီပြည်ရဲတပ်ဖွဲ့ထံတွင် အမှုဖွင့်ခြင်း၊ သတင်းမီဒီယာများက ထိုသတင်းကိုဖော်ပြလာခြင်းကြောင့် အရေးယူခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
“ဒီကိစ္စအရင်ကလည်း အလားတူ ပြဿနာမျိုးတွေ အများကြီးပဲ။ အခုက ဗျူဟာမှူးကိုယ်တိုင် သိတာတောင် ဒီလိုကိစ္စကို ခုမှဖြေရှင်းရတယ်ဆိုတာက သိသာစေတယ်ဗျ။ အဓိက ရဲဘော်ရဲ့ နစ်နာမှုအတွက် ဘယ်လို ဖြေရှင်းပေးမလဲပဲ စောင့်ကြည့်နေတာပါ” ဟု ၎င်းက ပြောသည်။
“တော်လှန်ရေးအချိန်ကြာလာချိန်မှာ ပိုပိုစည်းလုံးဖို့လိုတယ်ဆိုပေမဲ့ ဒီလိုအမှားတွေကို တစ်ယောက်နဲ့ တစ်ယောက် ဖာရင်းဖာရင်းနဲ့ လူကြီးတွေကအစ ဒီလိုဖြစ်နေတော့ နောက်ဆုံးနစ်နာတာကတော့ ရဲဘော် တွေပေါ့။ ဒါပေမဲ့ ဒီလောက်ထိ နစ်နာသွားမယ်လို့ ကျွန်တော်မထင်ခဲ့ဘူး”
ဒုတပ်ရင်းမှူးနှင့် တပ်ခွဲမှူးတို့က ရဲဘော်လွှမ်းမိုးကို စစ်ဆေးရာတွင် ထိပ်တုံးခတ်၍လည်းကောင်း၊ ကွင်းပြင်ထုတ်၍လည်းကောင်း ရိုက်နှက်ခဲ့သည်၊ ရေတောင်းသောက်ချိန်တွင် ရေပုံးထဲ ဆားခတ်၍ လည်ပင်းကို ခြေထောက်ဖြင့်နင်းပြီး တိုက်ခဲ့သည်ဟု ရဲဘော်ဟောင်းတစ်ဦး၏ပြောဆိုချက်ကို ကိုးကား၍ ကရင်နီအခြေစိုက် Karenni People’s Voice သတင်းဌာနက ရေးသားခဲ့သည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ နေပြည်တော်တိုင်းစစ်ဌာန ကွပ်ကဲမှုအောက်တွင် အထူးတပ်ရင်းတစ်ခုအပါဝင် စုစုပေါင်း တပ်ရင်း ၁၂ ခု ရှိသည်။
တော်လှန်ရေးတပ်များသည် စစ်အာဏာရှင်စနစ်ဖြုတ်ချရန် အလွှာပေါင်းစုံမှ ဝင်ရောက်ခဲ့သူများဖြစ်ပြီး လူပေါင်းစုံကို စီမံအုပ်ချုပ်ရခြင်းဖြစ်၍ ထိုကိစ္စများမပေါ်ပေါက်စေရန် တပ်ဖွဲ့ဝင်များလိုက်နာရမည့် စိတ်နေစိတ်ထား၊ ကျင့်ဝတ်၊ စည်းမျဉ်းစည်းကမ်းနှင့် အမိန့်နာခံမှုစနစ် စသည့်တို့ကို ထိထိရောက်ရောက် သင်ကြားပို့ချရန်လိုအပ်နေသည်ဟု ဗိုလ်လကျ်ာက ဆိုသည်။
သို့ရာတွင် ရှေ့တန်းစစ်မျက်နှာ၌ တော်လှန်ရေးကို အသက်ပေးတိုက်ပွဲနေသော လူငယ်များစွာရှိသလို သမာသမတ်ကျကျ စီမံခန့်ခွဲ၍ ဦးဆောင်နေသူများစွာရှိသဖြင့် ပြဿနာတစ်ခုတည်းကို ထောက်ပြ၍ အဖွဲ့အစည်းတစ်ခုလုံးကို ဝါးလုံးရှည်ဖြင့် သိမ်းကျုံးပြောဆိုခြင်းကို မဖြစ်လိုကြောင်း ၎င်းက ဆိုသည်။
“ခြေမ မကောင်း ခြေမ၊ လက်မ မကောင်း လက်မကတော့ ကျွန်တော်တို့ အရေးယူဆောင်ရွက်ရမှာ ဖြစ်တယ်” ဟု သူကပြောသည်။



