ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံ၊ ပင်လောင်းနှင့် ကယားပြည်နယ် ဖားဆောင်း၊ မော်ချီး၊ ဒီးမော့ဆို မြို့နယ်အတွင်း စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် နိုဝင်ဘာလ တစ်လအတွင်း အရပ်သား ၁၅ ဦး သေဆုံးခဲ့သည်ဟု ကယားပြည်နယ်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့ တာဝန်ရှိသူများထံက သိရသည်။
နိုဝင်ဘာလအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသား ရှစ်ဦးနှင့် အမျိုးသမီး တစ်ဦး သေဆုံးခဲ့ပြီး စစ်တပ်၏ ပစ်ခတ်မှုကြောင့် အမျိုးသား တစ်ဦးသေဆုံးခဲ့သည်ဟု ကရင်နီလူ့အခွင့်အရေးအဖွဲ့ တာဝန်ရှိသူ က ပြောသည်။
ဒရုန်းအသုံးပြု တိုက်ခိုက်မှုကြောင့် အမျိုးသမီးများအပါအဝင် လေးဦးသေဆုံးခဲ့သည်။
ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်အတွင်း နေရပ်ပြန်လာသည့် အမျိုးသားတစ်ဦးမှာ စစ်တပ်နှင့် PNA တပ်ဖွဲ့က ပစ်ခတ်၍ သေဆုံးခဲ့သည်ဟု ဆိုသည်။
တိုက်ပွဲကြောင့် စစ်ဘေးတိမ်းရှောင်နေသည့် အမျိုးသားတစ်ဦးလည်း ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့ သည်ဟု ကရင်နီ လူ့အခွင့်အရေးအဖွဲ့ မှတ်တမ်းများ က ဖော်ပြသည်။
လေကြောင်းနှင့် ဒရုန်းတိုက်ခိုက်မှုကြောင့် အမျိုးသမီးနှင့် ကလေးငယ်များ အပါအဝင် ၅၄ ဦး ဒဏ်ရာရခဲ့သည်၊ ဘာသာရေး အဆောက်အအုံ နှစ်လုံးအပါအဝင် အရပ်သားနေအိမ် ၂၅ လုံးပျက်စီး ခဲ့သည်။
ဖယ်ခုံမြို့နယ် ဘောရန်ရွာတွင် နိုဝင်ဘာလ ၂၂ ရက်နေ့က စစ်တပ်နှင့် ပအိုဝ်းပြည်သူ့စစ်(PNA) ပူးပေါင်းတပ်ဖွဲ့ ပစ်ခတ်သည့် လက်နက်ကြီးကျည်ထိမှန်၍ စပါးရိတ်နေသည့် စစ်ဘေးဒုက္ခသည် အမျိုးသမီး သုံးဦးသေဆုံးခဲ့ သည်။
သေဆုံးသူများသည် ဘောရန်နှင့် နန့်ပလုံစီ စစ်ဘေးရှောင်စခန်းမှ အသက် ၆၀ အရွယ်၊ ၁၇ နှစ်အရွယ်နှင့် ၄၆ နှစ်အရွယ် အမျိုးသမီးများ ဖြစ်ကြပြီး တောင်ယာနေ့စားလုပ်နေစဉ် တိုက်ခိုက်ခံရခြင်း ဖြစ်ကြောင်း လူ့အခွင့်အရေးအဖွဲ့တာဝန်ရှိသူများက ဆိုသည်။
နိုဝင်ဘာလ ၃ ရက်နေ့တွင် ဖယ်ခုံမြို့နယ် ဘောရန်ရွာ၌ လက်နက်ကြီး ပစ်ခတ်ခံရပြီး အမျိုးသားတစ်ဦး ထပ်မံသေဆုံးခဲ့ရာ တစ်လအတွင်း ဘောရန်ရွာတွင် သေဆုံးသူ လေးဦး ရှိခဲ့သည်။
“အထူးသဖြင့်တော့ စစ်ရေးနဲ့ မဆိုင်တဲ့ အရပ်သားပြည်သူတွေရဲ့ ပစ်မှတ်တွေကို လေယာဉ်၊ ဒရုန်းတွေနဲ့ ဦးတည် တိုက်ခိုက်ခံရတာကြောင့် အရပ်သားတွေ သေဆုံးရတာ” ဟု တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF) တာဝန်ရှိသူတစ်ဦးက ပြောသည်။
ကယားပြည်နယ်အခြေစိုက် PKPF အဖွဲ့သည် အရပ်သားများ လူ့အခွင့်အရေးချိုးဖောက်ခံနေရမှုကို လစဉ် မှတ်တမ်းတင်နေသည့်အဖွဲ့တစ်ခုဖြစ်သည်။

ရှမ်းတောင်ဒေသ မြို့နယ်တချို့နှင့် ကယားပြည်နယ်မြို့နယ်များကို ကရင်နီဒေသဟု သတ်မှတ်ခေါ်ဆိုကာ တော်လှန်ရေး အင်အားစုအများအပြား အခြေစိုက်ကြသည်။
ရှမ်းပြည်နယ်တောင်ပိုင်းအခြေစိုက် ပအိုဝ်းပြည်သူ့စစ်တပ် (PNA) အကူအညီဖြင့် ရှမ်း၊ ကယားနယ်စပ်သို့ ထိုးစစ်ဆင်နေသည့် စစ်တပ်သည် အောက်တိုဘာလမှ စတင်ကာ ပင်လောင်းနှင့် ဖယ်ခုံမြို့နယ်အတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့ ထိန်းချုပ်ဒေသများကို ထပ်မံထိုးစစ်ဆင်နေသည်ဟု ဒေသခံများထံက သိရသည်။
ထိုသို့ ထိုးစစ်ဆင်ရာတွင် တော်လှန်ရေးတပ်ဖွဲ့ဝင်များ ရှိနေနိုင်သည်ဟု ယူဆရသည့် ကျေးရွာများကို လက်နက်ကြီး၊ ဒရုန်းများဖြင့် ဆက်တိုက် ပစ်ခတ်နေသည်ဟု ဒေသခံများက ဆိုသည်။
“နေ့တိုင်းလိုလို ပစ်နေတာပဲ။ လကုန်လောက်က စတာနော်။ ဒီနေ့လည်း ကြားတယ်၊ မနေ့ကလည်း ကြားတယ် ။ အဓိက ဒရုန်းတွေနဲ့ပဲပစ်တာ ပိုများတယ်” ဟု ဖယ်ခုံမြို့အနီး စစ်ဘေးတိမ်းရှောင်နေသည့် အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။
ကယားပြည်နယ် ဝင်ပေါက်ဟု တင်စားရသည့် မိုးဗြဲမြို့ကို KNDF နှင့် မဟာမိတ်တပ်များက ၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်း တိုက်ခိုက်ခဲ့ပြီး မိုးဗြဲမြို့ အခြေစိုက် ခြေမြန်တပ်ရင်း ခမရ ၄၂၂ တပ်မှလွဲ၍ ကျန်နေရာ အားလုံးအား ထိန်းချုပ်နိုင်ခဲ့သည်။
ယခုနှစ် ဇူလိုင်လတွင် စစ်တပ်က ပအိုဝ်းပြည်သူ့စစ် အကူအညီဖြင့် မိုးဗြဲမြို့အား ပြန်လည်သိမ်းပိုက်ပြီး မိုးဗြဲ- လွိုင်ကော်လမ်းကို ထိန်းချုပ်ခဲ့သည်။
တော်လှန်ရေးတပ်များ၏ ပြောက်ကျားစနစ်ဖြင့် တိုက်ခိုက်ခြင်းကို ခံနေရသည့် စစ်တပ်က ခမရ ၄၂၂ တပ်မှ လက်နက်ကြီး၊ ဒရုန်းများဖြင့် အရပ်သားများနေထိုင်သည့် ကျေးရွာများအား မကြာ ခဏပစ်ခတ် နေသည်ဟု သိရသည်။
ကယားပြည်နယ်အတွင်း ရွေးကောက်ပွဲပြုလုပ်ရန် ပြင်ဆင်နေသည့် စစ်တပ်က လွိုင်ကော်မြို့ကို ပထမအကြိမ် ရွေးကောက်ပွဲကျင်းပမည့် စာရင်းတွင် ထည့်သွင်းထားပြီး ဒီးမော့ဆိုနှင့် ဖရူဆိုမြို့များကို ဒုတိယအကြိမ် ရွေးကောက်ပွဲကျင်းပမည့် စာရင်းတွင် ထည့်ထားသည်။

ထို့ကြောင့် လွိုင်ကော်နှင့် ရှမ်း–ကယားနယ်စပ်ဒေသအပြင် ဒီးမော့ဆို၊ ဖရူဆို မြို့နယ်များအား အောက်တို ဘာလမှ စတင်ကာ စစ်တပ်က စစ်ကြောင်းများ ထပ်ထိုးနေရာ တိုက်ပွဲများ ပုံမှန်ရှိနေသည်ဟု ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် (KNDF) ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောသည်။
“လက်ရှိ စစ်ရေးကတော့ တိုက်ပွဲရှိလားဆိုတော့ ကြိုကြားကြိုကြား ဆက်ရှိနေပါတယ်။ ပြင်းပြင်းထန်ထန်တော့ မဟုတ်ပါဘူး” ဟု KNDF ပြန်ကြားရေး တာဝန်ရှိသူက ဆိုသည်။
ကရင်နီတော်လှန်ရေးတပ်ဖွဲ့ ထိန်းချုပ်သည့်မြို့များကိုလည်း စစ်တပ်က လေကြောင်းဖြင့် ပုံမှန်တိုက်ခိုက်နေရာ အရပ်သားများထိခိုက်သေဆုံးမှု ရှိနေသည်။
နိုဝင်ဘာလ ၂၁ ရက်နေ့တွင် ကယားပြည်နယ် မော်ချီးဒေသကို လေတပ်က ဗုံးကြဲခဲ့ရာ အမျိုးသား ငါးဦးသေဆုံးပြီး၊ ငါးဦးဒဏ်ရာရခဲ့သည်။
ခဲမဖြူနှင့် အဖြိုက်နက်သတ္တုများ ထွက်ရှိသည့် မော်ချီးဒေသကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် ကရင်နီ ပူးပေါင်းတပ်များက သိမ်းပိုက်ခဲ့သည်။
ထိုနောက်ပိုင်းမှစ၍ မော်ချီးဒေသသည် လေတပ်၏ ပစ်မှတ်ထားတိုက်ခိုက်ရာ နေရာ ဖြစ်လာခဲ့သည်။
ယခုနှစ်အတွင်း စစ်တပ်က မော်ချီးဒေသအား လေကြောင်းမှ ၁၀ ကြိမ်နီးပါး ဗုံးကြဲခဲ့၍ သတ္တုတွင်း လုပ်သားများအပါအဝင် လူ ၅၀ ကျော် သေဆုံးခဲ့သည်။
ဒီးမော့ဆို၊ ဖရူဆိုမြို့များတွင်လည်း နိုဝင်ဘာလဆန်းက စစ်တပ်၏ လက်နက်ကြီး ထိမှန်၍ အမျိုးသား သုံးဦး သေဆုံးခဲ့ကြောင်း တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) တာဝန်ရှိသူက ဆိုသည်။
စစ်တပ် ပစ်ခတ်သည့် ဒရုန်းနှင့် လက်နက်ကြီး ထိမှန်မှုကြောင့် ပြီးခဲ့သည့် အောက်တိုဘာလတွင်လည်း အရပ်သား ခုနစ်ဦးသေဆုံးခဲ့ပြီး ၂၁ ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့ စာရင်းတွင် ဖော်ပြသည်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကယားပြည်နယ်အတွင်း စစ်ရေးပဋိပက္ခများကြောင့် လစဉ် အရပ်သား ၁၀ ဦး ဝန်းကျင် ပုံမှန်သေဆုံးမှုရှိနေရာ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၅ နိုဝင်ဘာလအထိ သေဆုံးသူ ၈၃၃ ဦး ရှိခဲ့သည် ဟု PKPF တာဝန်ရှိသူထံက သိရသည်။
အောက်တိုဘာလမှ စတင်ကာ စစ်တပ်ထိုးစစ် ပြန်မြင့်လာသည့်အတွက် ဒုက္ခသည် တစ်သောင်းကျော် ထပ်တိုးလာပြီး မိုးကာနှင့် နေရာထိုင်ခင်းများ အရေးပေါ်လိုအပ်နေသည်ဟု ဒုက္ခသည်အရေး ကူညီပေးသူများက ပြောကြသည်။
“အခု စစ်ပွဲတွေကြောင့် သွားလာရေး ပိုကျပ်တည်းသွားတာပေါ့နော်။ အဲဒါက ထပ်ဆောင်းပေါ့။ နောက် စစ်ကော်မရှင်ရဲ့ ထိုးစစ်တွေကြောင့် တချို့ လမ်းကြောင်းတွေ ကျွန်တော်တို့ သုံးလို့မရတဲ့ အခြေအနေတွေကြောင့် ဒုက္ခသည်တွေအတွက် စားဝတ်နေရေး ပစ္စည်းတွေပို့ဖို့ ခက်သွားတာတွေရှိတယ်”ဟု IEC အတွင်းရေးမှူး (၂) ဖြစ်သူ ကိုဗညားခွန်အောင်က ပြောသည်။
စစ်တပ်ထိုးစစ်နှင့် လမ်းကြောင်းပိတ်ဆို့ခံရမှုများကြောင့် ဒေသအတွင်း ကုန်ဈေးနှုန်း မြင့်တက်သည့် ဒဏ်ကို အရင်ထက်နှစ်ဆ ပိုခံစားနေရသည်ဟု ကယားပြည်နယ်အတွင်း စစ်ဘေးဒုက္ခသည်များထံက သိရသည်။
တိုက်ပွဲများကြောင့် ရှမ်းပြည်တောင်ပိုင်း မိုးဗြဲ၊ ဖယ်ခုံနှင့် ကယားပြည်နယ်အတွင်း နေရပ်စွန့်ခွာနေရသည့် ဒုက္ခသည် အရေအတွက် နှစ်သိန်းခွဲကျော်ရှိနေသည်။
အဆိုပါဒုက္ခသည်များအတွက် စခန်းပေါင်း ၅၂၂ ခု ဖွင့်လှစ်ကူညီပေးထားရပြီး အများစုသည် ဒီးမော့ဆိုနှင့် ဖရူဆိုမြို့နယ်များတွင်ဖြစ်သည်ဟု ကရင်နီ လူ့အခွင့်အရေးအဖွဲ့ စာရင်းများက ဆိုသည်။



