ယနေ့ကျင်းပခဲ့သည့် စစ်တပ်ဦးဆောင်သည့် ရွေးကောက်ပွဲသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဝင်ရောက်ယှဉ်ပြိုင်သည့် ၂၀၁၅ နှင့် ၂၀၂၀ ရွေးကောက်ပွဲများလောက် လူထုစိတ်ပါဝင်စားမှုမရှိခဲ့သည်က မဲပေးရန် မဲရုံများရှေ့တွင် စောင့်ဆိုင်းနေသည့် လူအုပ်ကသက်သေပြနေသည်။
မြန်မာနိုင်ငံသား ၆ သန်းခန့်ရောက်နေသည့် ထိုင်းနိုင်ငံတွင် ကြိုတင်မဲပေးသူ ၂၅၀ ခန့်သာရှိခဲ့သလို နိုင်ငံအတွင်းနေထိုင်ကြသူများကလည်း စစ်တပ်ရွေးကောက်ပွဲကို မဲပေးရန်စိတ်ဝင်စားမှု လျော့နည်းခဲ့သည်။
ယနေ့မဲပေးကြသူများထဲတွင် စစ်တပ်၏ရွေးကောက်ပွဲကို ထောက်ခံသည့်အတွက် မဲရုံသို့ လာရောက်သူများရှိကြသလို အခြားတဖက်တွင်လည်း မလွန်ဆန်နိုင်သည့် ဖိအားများကြောင့် မဲရုံသို့ရောက်လာကြသူများလည်းရှိကြသည်။
စစ်တပ်နှင့်စစ်တပ်လက်အောက်ခံတို့သည် မဲလာမပေးပါက စစ်မှုထမ်းရန်အတွက် ဦးစားပေး ခေါ်ယူမည်ဟု ခြိမ်းခြောက်မှုများရှိသလို မဲမပေးပါက ခရီးသွားလာခွင့်ကန့်သတ်မည်ဆိုသည့် ခြိမ်းခြောက်မှုများလည်း ပြုလုပ်ခဲ့ကြသည်ဟု ဒေသခံအချို့ကဆိုသည်။
စစ်တပ်ခွင့်ပြုချက်ဖြင့် ရွေးကောက်ပွဲတွင် သတင်းယူခွင့်ရနေသည့် BBC မြန်မာပိုင်းကလည်း စစ်တပ်၏ရွေးကောက်ပွဲတွင် မဲမပေးသူများကို ဒဏ်ငွေရိုက်မည်၊ စစ်မှုထမ်းခေါ်မည်ဆိုသည့် သတင်းများထွက်ပေါ်နေသည်ဟု ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးအချို့တွင် လူထုကြုံနေရသည့် အခက်အခဲကို ရွေးကောက်ပွဲနေ့တွင်ရေးသားခဲ့သည်။
စစ်တပ်သည် စစ်မှုထမ်းရန်အကျုံးဝင်သည့် လူငယ်များရှိနေသည့်နေအိမ်များ၊ ကျောင်းသားကျောင်းသူများ ၊ယခင်ကအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို ထောက်ခံခဲ့ကြသူများ၏ နေအိမ်များကိုပစ်မှတ်ထားကာ ရပ်ကွက်များအတွင်း တစ်အိမ်တက်ဆင်းဖိအားပေးခဲ့ကြသည်ဟုလည်း Myanmar Now ကစုံစမ်းသိရှိရသည်။
၂၀၂၀ ရွေးကောက်ပွဲရလာဒ်ကို ငြင်းပယ်၍ အတင်းအဓမ္မ အာဏာသိမ်းထားသည့် စစ်ကော်မရှင်က ၎င်းတို့ အာဏာသိမ်းပြီး ၅ နှစ်နီးပါးအကြာ တိုင်းပြည်အနှံ့ တိုက်ပွဲများအပြင်းထန်ဖြစ်ပွားနေချိန်တွင် ရွေးကောက်ပွဲကို အပိုင်း ၃ ပိုင်းခွဲ၍ ကျင်းပမည်ဖြစ်ရာ အပိုင်း ၁ ကို မြို့နယ်ပေါင်း ၁၀၂ မြို့နယ်တွင် ယနေ့ စတင်ပြုလုပ်ခဲ့သည်။
စစ်တပ် နယ်မြေစိုးမိုးထားနိုင်သော ရွေးကောက်ပွဲ ပထမပိုင်းတွင်ပါဝင်သော နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့ကြီးများနှင့် မြို့နယ်ပေါင်း ၁၀၂ ခုရှိ မဲရုံများတွင် အာဏာသိမ်းစစ်တပ်နှင့် ဆက်နွယ်သော မိသားစုဝင်များက အဓိကမဲပေးသွားပေးခဲ့ကြပြီး ထိုရွေးကောက်ပွဲကို အယုံအကြည်မရှိသော်လည်း မလွန်ဆန်နိုင်သော အကြောက်တရားများရှိနေကြောင်း မန္တလေးတွင် နေထိုင်သည့် အမည်မဖော်လိုသူ အမျိုးသားတစ်ဦးက ပြောသည်။
“မဲမပေးဘူး။ သွားလည်းမသွားဘူး။ ပေးစရာလည်းမလိုဘူးဆိုပြီးနေကြတယ်။ ဒါပေမယ့် သူတို့နဲ့ ပတ်သက်ဆက်နွယ်တဲ့သူတို့၊ ကြောက်တဲ့သူတို့၊ စိုးရိမ်တဲ့သူတို့ပေးကြတယ်။ အခုက ဒီမှာက ခြိမ်းခြောက်မှုတွေရှိတယ်ဗျ။ မဲမပေးရင်ဧည့်စာရင်းတိုင်လို့မရဘူးတို့၊ ဟိုလက်မှတ်မပေးဘူး။ ဒီလက်မှတ်မပေးဘူးတို့ဆိုတဲ့ ခြိမ်းခြောက်မှုတွေရှိတော့ တချို့ကတော့ စိုးရိမ်ကြတယ်ပေါ့နော်” ဟု ၎င်းက ပြောသည်။
မန္တလေးမြို့ မဲရုံများအနီး ပေ၂၀၀ကျော်မှစကာ လမ်းပိတ်ထားပြီး စစ်သားများက လုံခြုံရေးယူထားပြီး အရပ်ဝတ်လက်နက်ကိုင် ပျူစောထီးများ၊ ရဲများနှင့် စစ်သားများက လုံခြုံရေးယူထားကြသည်ဟု ၎င်းက ဆိုသည်။
လက်နက်ကိုင်ခုခံတော်လှန်မှုအားကောင်းသည့် နိုင်ငံအလယ်ပိုင်း မန္တလေးမြို့၌ စစ်ကော်မရှင်က ရွေးကောက်ပွဲမတိုင်မီ တစ်လခန့်အလိုကတည်းက ပြည်သူများကို ခြိမ်းခြောက်ဖိအားပေးခြင်းတို့ကို မြို့နယ်အသီးသီးရပ်ကွက်များ၌ ပြုလုပ်ထားရာ ဒေသခံတို့စိုးရိမ်ပူပန်မှုများဖြင့် မဲပေးနေရခြင်း ဖြစ်သည်ဟု စုံစမ်းသိရှိရသည်။
ချမ်းအေးသာစံမြို့နယ်မှ အသက်(၅၀)အရွယ်မိခင်တစ်ဦးက မိသားစုထဲတွင် စစ်မှုထမ်းအကျုံးဝင်သူရှိနေသည့်အတွက် စိုးရိမ်ပူပန်မှုဖြင့် ယနေ့မနက်တွင် သွားရောက် တန်းစီကာ မဲပေးခဲ့ရကြောင်း Myanmar Nowကိုပြောပြသည်။

“အိမ်မှာကစစ်မှုထမ်းရမယ့်အရွယ် သားငယ်ရှိတာ။သွားမပေးလို့ကမရဘူး။ရပ်ကွက်ကမဲမပေးသူတွေကို ဦးစားပေးပြီး ခေါ်မယ်လို့ကြားနေတော့ သွားပေးရတာပဲ”ဟု ဆိုသည်။ .
ပါတီနှင့်ကိုယ်စားလှယ်များကို သိရှိခြင်းပင်မရှိဘဲ စစ်တပ်ကျောထောက်နောက်ခံပါတီဖြစ်သည့် ပြည်ခိုင်ဖြိုးမှလွဲ၍ အခြားပါတီတစ်ခုကိုမဲပေးခဲ့သည်ဟု ယင်းကဆိုသည်။
“ကြားတာတော့စစ်တပ်ပါတီမပေးနဲ့။ကျန်တာတွေအဆင်ပြေတယ်ဆိုလို့ သိတောင်မသိပါဘူး။ ရမ်းပြီးခလုတ်နှိပ်ခဲ့တာ။ဘယ်ပါတီ၊ဘယ်ကိုယ်စားလှယ်ရယ်လို့မသိဘူး။စစ်တပ်ပါတီအစိမ်းကိုပဲရှောင်လိုက်တာ” ဟု အထက်ပါအသက်(၅၀)အရွယ် အမျိုးသမီးကဆိုသည်။
စစ်တပ်သည် စစ်မှုထမ်းရန်အကျုံးဝင်သည့် လူငယ်များရှိနေသည့်နေအိမ်များ၊ ကျောင်းသားကျောင်းသူများ ၊ယခင်ကအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို ထောက်ခံခဲ့ကြသူများ၏ နေအိမ်များကိုပစ်မှတ်ထားကာ ရပ်ကွက်များအတွင်း တစ်အိမ်တက်ဆင်းဖိအားပေးခဲ့ကြသည်ဟု မြို့ခံအချို့ကလည်း ဒီဇင်ဘာလဆန်းကတည်းက Myanmar Now ကိုပြောထားသည်။
“ကျောင်းသားတွေကိုမဲမထည့်ရင် စာမေးပွဲဖြေဆိုခွင့်မရအောင်လုပ်မယ်တို့၊နောက်ပြီး စစ်မှုထမ်းအကျုံးဝင်တဲ့သားသမီးတွေကို ဘာလုပ်မယ်ညာလုပ်မယ်ပြောဆိုခြိမ်းခြောက်ကြတယ်”ဟု ဒီဇင်ဘာ၄ရက်နေ့က မန္တလေးမြို့ခံလူငယ်တစ်ဦးက ပြောဆိုသည်။
စစ်ကော်မရှင်က ရပ်ကွက်နေပြည်သူလူထုကို အုပ်ချုပ်ရေးရုံးများတွင်မဲစာရင်းကြေညာထားစဉ် ကတည်းက လာရောက်ကြည့်ရှုကြရန်လှုံ့ဆော်ရာ ကနဉီးတွင်လူစိတ်ဝင်စားမှုနည်းပါးသဖြင့် အကြောက်တရားဖြင့်ခြိမ်းခြောက်ခဲ့ကြကြောင်း မဟာအောင်မြေမြို့နယ်မှ သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦးကလည်းပြောသည်။
ထိုသို့သောခြိမ်းခြောက်မှုများဖြင့် ရွေးကောက်ပွဲစည်ကားရန်ကြိုးပမ်းခဲ့ခြင်းဖြစ်ရာ မဲသွားပေးသူအချို့ ရှိသော်ငြားလည်း မဲပေးသူအရေးအတွက်မှာ လွန်စွာနည်းပါးပြီး ၂၀၂၀ ရွေးကောက်ပွဲနှင့် နှိုင်းယှဉ်လျှင် ဆီနှင့်ရေလိုကွာခြားနေကြောင်း တစ်မိသားစုလုံး မဲမပေးခဲ့သည့် မန္တလေးမြို့ခံ နောက်ထပ် အမည်မဖော်လိုသူ ကုမ္ပဏီပိုင်ရှင် အမျိုးသားတစ်ဦးကလည်း ပြောသည်။
မဲမပေးသော အိမ်ထောင်စုများကို ဧည့်စာရင်းတိုင်ခွင့်မပြုခြင်း၊ အရွယ်ရောက်ပြီး သားသမီးများကို စစ်မှုထမ်းခေါ်ယူရာတွင် ပစ်မှတ်ထားစုဆောင်းနိုင်ခြင်း၊ လက်သန်းမှင်မစွန်းသူများကို စစ်ကော်မရှင်၏ လက်နက်ကိုင်များက စစ်ဆေးအရေးယူခြင်း စသည့် သတင်းများမှာ လူထုကြားပျံ့နှံ့လျက်ရှိကြောင်း Myanmar Now က မေးမြန်းခဲ့သည့် နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးတို့ ဒေသခံ ၅ ဦးထက်မနည်းက အတည်ပြုသည်။
ထို့အပြင် နယ်စပ်မြို့များဖြစ်သည် ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်နှင့် ကရင်ပြည်နယ် မြဝတီတို့တွင် မဲမပေးသူများကို ယာယီနယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ်ထုတ်ပေးမည်မဟုတ်ဟု သတင်းထွက်နေသဖြင့် မဲပေးရသူများရှိကြောင်း သိရသည်။
မဲစာရင်းများတွင် မိသားစုဝင်များကို နံပါတ်စဥ် အစဥ်အလိုက် စီစဥ်ထားပြီး၊ မဲပေးပြီးပါက နာမည်စာရင်းဖြင့် လက်မှတ်ထိုးပေးရသည့် အတွက် မဲပေးရန်ပျက်ကွက်ပါက သိသာနိုင်သည့်အတွက် အန္တရာယ်ကျရောက်မည်စိုးရိမ်သည်ဟုလည်း မန္တလေးမြို့ခံအချို့က ဆိုသည်။
ရန်ကုန်မြို့၊ တောင်ဒဂုံမြို့နယ်တွင် မဲစာရင်းပါသည့် အမည်မဖော်လိုသည့် အသက် ၃၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးက ၎င်း၏မိခင်ဖြစ်သူသည် မဲမပေးပါက အရွယ်ရောက်ပြီးသားနှစ်ဦးအား စစ်မှုထမ်းထဲ ပစ်မှတ်ထားဆွဲထည့်မည်ကို စိုးရိမ်ရ၍ မဲပေးကြောင်း ပြောသည်။
စစ်ကောင်စီကပြုလုပ်သည့် ရွေးကောက်ပွဲ အပိုင်း(၁)တွင် ရန်ကုန်မြို့ရှိ မြို့နယ် ၁၂ ခုရှိ မဲရုံများတွင် မဲလာပေးသူများ နည်းပါးသည်ဟု ရန်ကုန်မြို့ခံများထံမှ သိရသည်။ ရန်ကုန်မြို့လယ်ခေါင်တွင် ရွေးကောက်ပွဲကျင်းပသည့် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် လုံခြုံရေး တင်းကြပ်ထားပြီး အနော်ရထာလမ်းမပေါ်တွင် နေ့လည်ခင်း ၁၂ နာရီခန့်တွင် ရဲကားတစ်စီးနှင့် ဆိုင်ကယ်များဖြင့် လုံခြုံရေးပတ်နေသည်ဟု ၎င်းတို့က ဆိုသည်။
ရန်ကုန်မြို့တွင်းရှိ ပြည်လမ်းမကြီး တလျှောက်တွင် မြန်မာနိုင်ငံတော်အလံများကို ရွေးကောက်ပွဲနေ့တွင် စိုက်ထူထားသည်ကိုတွေ့ရပြီး မြို့တွင်း အချက်အခြာကျသည့် လမ်းဆုံ လမ်းထောင့်တိုင်းတွင် စစ်သားများက လက်နက်အပြည့်ဖြင့် လုံခြုံရေးစောင့်ကြပ်နေသည်ကိုတွေ့ရသည်။
မဲရုံများရှေ့တွင်လည်း ရဲများနှင့် အရပ်ဝတ်လုံခြုံရေးများက အချိန်ပြည့်စောင့်ကြည့်နေပြီး မဲရုံအနီးရှိ လမ်းများကိုပိတ်ထားသည်။
စစ်ရုံးချုပ်ရုံးစိုက်သည့် နေပြည်တော်တွင် ပြည်သူများသည် ရွေးကောက်ပွဲတွင် မဲမထည့်ရန် ဆန္ဒရှိနေကြသော်လည်း အကြောက်တရားနှင့် အရေးယူခံရမည့် ကောကသဟများကြောင့် မဲပေးကြကြောင်း ကြုံတွေ့နေရသူများထံမှ စုံစမ်းသိရှိရသည်။
“အမျိုးသားက ခရီးသွားတယ်၊ မဲမပေးဘူးလေ၊ ကျွန်မလည်း မဲမပေးဘဲနေမယ်ဆိုပေမယ့်၊ တစ်အိမ်သားလုံး ဘယ်သူမှ မဲမပေးတော့ သိသာနေမလားလို့၊ ခုကမဲမပေးတဲ့သူ အရေးယူးမယ်ဘာညာ သတင်းတွေကြားတော့ ကျွန်မတယောက်တော့ မဲသွားထည့်လိုက်တယ်” ဟု ပျဉ်းမနားမြို့နယ်မှ အသက် ၃၀အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။

စစ်တပ်အာဏာသိမ်းမှုကို လက်မခံဘဲ ကန့်ကွက်ဆန္ဒပြခဲ့ပြီး အုပ်ချုပ်ရေးပိုင်းက စောင့်ကြည့်ခံနေရသည့် ပြည်သူအမျိုးသားတစ်ဦးကလည်း ယနေ့နံနက်ပိုင်းတွင် မိသားစုလိုက်မဲသွားထည့်ခဲ့ကြောင်း ဆိုသည်။
“ငါတို့မဲထည့်တာ၊ မထည့်တာနဲ့လည်း ဒီရလဒ်က ပြောင််းမှာ မဟုတ်ဘူးလေ၊ အဲတော့ ကြံ့ဖွတ်ကလွဲ ကျန်တဲ့ပါတီထည့်ဆိုပြီး မဲထည့်ကြမှာ။” ဟု ယင်းအမျိုးသားက ဆက်ပြောသည်။
ရွေးကောက်ပွဲတွင် မဲမထည့်ပါက အရေးယူမည်ဆိုသည့် သတင်းသည် အုပ်ချုပ်ရေးပိုင်းမှ တရားဝင် ပြောဆိုခြင်းမဟုတ်ဘဲ ပြည်သူများကြားတွင် ထိတ်လန့်ဖွယ်သတင်းအဖြစ် ထွက်ပေါ်နေပြီး လူထုကြား အကြောက်တရားများ ဖြစ်ပေါ်နေခြင်း ဖြစ်ကြောင်း ဒေသခံများကဆိုသည်။
အကြောက်တရားဖြင့် မဲထည့်နေရသော ပြည်သူများသည် မဲရုံရောက်ရှိချိန်တွင် မဲနံပါတ်များ မှားယွင်းနေခြင်း၊ မဲပေးသည့် ပုံစံ မကျွမ်းကျင်ခြင်း၊ မဲထည့်ရမည့် ပါတီများကို မသိရှိခြင်းစသည့် အခက်ခဲများ ရှိခဲ့ကြောင်း ဒီဇင်ဘာ ၂၈ရက်နေ့ထိ မဲဆွယ်မခံရဖူးသည့် ပျဉ်းမနားမြို့နယ်မှ ဒေသခံ အမျိုးသမီးတစ်ဦးက ဆိုသည်။
စစ်တပ်၏ ရွေးကောက်ပွဲ အပိုင်း ၁ တွင် ပြည်တွင်းပြည်ပခရီးသွားများ အဓိကလည်ပတ်သည့် ပုဂံရှေးဟောင်းဘုရားများတည်ရှိရာ ညောင်ဦးမြို့နယ်လည်းပါဝင်ပြီး ယနေ့တွင် ပုဂံမြို့ပေါ်ရှိ မဲရုံ ၇ ခုတွင် မဲပေးသူအချို့ရှိသော်လည်း ကျေးရွာများတွင် မဲမပေးကြကြောင်း ပုဂံဘုရားဈေးသည် အမျိုးသားတစ်ဦးက ပြောသည်။
“ကြောက်တော့ကြောက်ရတာပေါ့။ ကြောက်တော့ကြတော့ ပေးရတာပေါ့” ဟု ၎င်းက ပြောသည်။
“ဟိုရက်ပိုင်းကဆိုရင် တုတ်တုတ်မောင်းတဲ့သူကို (စစ်ကော်မရှင်လက်နက်ကိုင်တပ်သား) မေးတယ်တဲ့။ အမှတ်စဉ်နံပတ် ဘယ်လောက်လောက်ကို မဲပေးနိုင်မလဲလို့မေးတယ်။ မသိလို့ဆိုပြီး နားရင်းရိုက်တယ်။ မဲမေးခင်ရက်က မြို့ပေါ်မှာ အဲ့လိုမျိုးကြားတယ်” ဟု သူက ဆက်ပြောသည်။
ထိုသို့ခြိမ်းခြောက်ဖိအားပေးမှုများနှင့်ပတ်သက်၍ စစ်ကော်မရှင်က သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကမူ မဲမပေးသူများသည် ဒီမိုကရေစီစနစ်ကို နားမလည်သူဖြစ်သည်ဟု ယနေ့မနက်ပိုင်း နေပြည်တော်တွင် မဲလာရောက်ပေးစဉ် ပြောဆိုခဲ့သည်။
နိုင်ငံအနှံ့စစ်မျက်နှာများနေသည့် စစ်ကော်မရှင်တပ်သည် ၎င်းတို့၏နိုင်ငံရေးထွက်ပေါက်အဖြစ် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲကျင်းပမည်ဟုကြွေးကြော်ထားပြီး ရွေးကောက်ပွဲဖြစ်မြောက်ရေး အပိုင်းများခွဲကာ အပြင်းအထန်ကြိုးပမ်းလျှက်ရှိသည်။
ဘာပါတီများဖြင့်ပြိုင်ပြိုင် စစ်ခေါင်းဆောင်များပါဝင်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးပါတီကသာ အနိုင်ရရှိမည့် အတုအယောင်ရွေးကောက်ပွဲဟု ပြည်သူများကယုံကြည်ကြပြီး ၊ရွေးကောက်ပွဲဝေဖန်ယုံဖြင့် ဖမ်းဆီးထောင်ချနေသည့်အခြေအနေတွင် လွတ်လပ်သည့်ရွေးကောက်ပွဲမဖြစ်နိုင်ဟုလည်း ဝေဖန်ကြသည်။
ထို့အပြင် စစ်တပ်ကိုဆန့်ကျင်သည်ဆိုယုံနှင့် ဖမ်းဆီးသတ်ဖြတ်၊ နေအိမ်များကိုချိတ်ပိတ်၊ တိုက်ပွဲဖြစ်ရာနေရာများမှ နေအိမ်များကိုမီးရှို့မှုများကျူးလွန်နေသည့် စစ်ကော်မရှင်၏ ရွေးကောက်ပွဲအား ဆန့်ကျင်ကြရန်တော်လှန်ရေးအင်အားစုများက လှုံဆော်ထားရာ ထိုအခြေအနေတွင် စစ်တပ်ကအကြောက်တရားဖြင့် ရွေးကောက်ပွဲကိုစီရင်ခဲ့သည်။



