ကရင်နီ (ကယား) ပြည်နယ် ၊ မယ်စဲ့မြို့နယ်ရှိ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) ၏ အကျဉ်းထောင် မှ အကျဉ်းသား ၈၀ ကျော် စံချိန်တင် ထွက်ပြေးလွတ်မြောက်သွားပြီးနောက် အချို့ကို ပစ်ခတ်ဖမ်းဆီးရမိထားပြီး စစ်သုံ့ပန်း ၃၀ ကျော်သည် ထိုင်းနိုင်ငံဘက် ထွက်ပြေးသွားကြောင်း သိရသည်။
ဇန်နဝါရီလ ၁၈ ရက် ၊ နံနက် ၁ နာရီတွင် IEC အကျဉ်းထောင် အမှတ် (၂) မှ အကျဉ်းသား ၈၁ ဦးသည် ထောင်ဝန်ထမ်းအဖြစ်ပြန်ခန့်ထားသည့် အကျဉ်းသားဟောင်းများ အကူအညီဖြင့် လက်နက်ငယ် ကိုးလက် ယူဆောင်၍ ထွက်ပြေးလွတ်မြောက်သွားခဲ့ခြင်းဖြစ်သည်။
ထိုသူများ ထွက်ပြေးလွတ်မြောက်သွားကြောင်း၊ အချို့ကို ပစ်ခတ်ဖမ်းဆီးရမိထားကြောင်း IEC ထံက သိရသည်။
“ဖမ်းဆီးစဉ်မှာ အပြန်အလှန်ပစ်ခတ်မှုတွေ ၊ ပစ်ခတ်ဖမ်းဆီးမှုတွေရှိပါတယ်။ အကြမ်းဖျင်းတော့ တချို့ကို ဖမ်းမိထားတယ်လို့ သိရပါတယ်။ ဒါပေမဲ့ ဖမ်းဆီးရမိတဲ့ပုံစံအသေးစိတ်ကိုတော့ မသိသေးဘူးခင်ဗျ။ မြေပြင်မှာရှိတဲ့ တပ်ရင်းတပ်ဖွဲ့တွေ အားလုံးပါပြီး ရှင်းလင်းရေးတွေ လုပ်နေတဲ့အတွက်ကြောင့် အချက် အလက်တွေပြန့်ကြဲနေပါတယ်” ဟု IEC အတွင်းရေးမှူး (၂) ဦးဗညားခွန်အောင်က Myanmar Now ကို ပြောသည်။
ထွက်ပြေးသွားသော အကျဉ်းသားထဲမှ အရေအတွက် မည်မျှကို ပစ်ခတ်ပြီး ပြန်ဖမ်းဆီးမိသည်ကို မပြောသော်လည်း ထောင်ဖောက်ပြေးသူ ၈၁ ဦးအနက် လေးဦးသာ အခြားပြစ်မှုနှင့်ထောင်ကျနေသူများဖြစ်ပြီး ကျန်သူများအားလုံး စစ်သုံ့ပန်းများဖြစ်ကြောင်း ဦးဗညားခွန်အောင်က ဆက်ပြောသည်။
ထိုင်းသတင်းဌာနတစ်ခုဖြစ်သော Thai PBS ၏ ထိုင်းဘာသာဖြင့် ဇန်နဝါရီလ ၂၀ ရက်နေ့က ဖော်ပြသော သတင်းတစ်ပုဒ်တွင် ကရင်နီတပ်များက ဖမ်းမိထားသော မြန်မာစစ်သား ၃၀ ထက်မနည်း ထွက်ပြေးလာသည်ကို ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်၌ ၎င်းတို့ ထိန်းသိမ်းထားကြောင်း ဖော်ပြထားသည်။
မြန်မာနိုင်ငံ ကရင်နီပြည်နယ်ဘက်က အခြေအနေများကြောင့် ထိုင်း- မြန်မာ နယ်စပ်တစ်လျှောက် ၂၄ နာရီ ကင်းလှည့်နေကြောင်း ထိုင်းဘက်ကဆိုပြီး စစ်သုံ့ပန်းများ၏ အခြေအနေ အသေးစိတ် ထပ်မသိရပေ။

တော်လှန်ရေးအားကောင်းသော ကရင်နီဒေသတွင် အာဏာသိမ်းစစ်တပ်နှင့် ကရင်နီတော်လှန်ရေးတပ် တို့အကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ပြီးခဲ့သည့်နှစ်များအတွင်း နယ်မြေအများစုကို ကရင်နီတပ်များက စိုးမိုးနိုင်ခဲ့ပြီး “ လွတ်မြောက်နယ်မြေ” အဖြစ် ခေါ်ဝေါ်ခဲ့ကြသည်။
ကြားကာလ အစိုးရတရပ်အဖြစ် အုပ်ချုပ်ရေး၊ ထူထောင်ရေးနှင့် တရားစီရင်ရေးတို့ ဆောင်ရွက်ရန် ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) ကို ဖွဲ့စည်းခဲ့ကြသည်။
စစ်တပ်အရာရှိများအပါအဝင် စစ်သုံ့ပန်းအများအပြား ဖမ်းမိခဲ့ပြီးနောက် ကျေးလက်ဒေသအများစုတွင် အုပ်ချုပ်ရေးလုပ်ငန်းများလုပ်နေသော IEC က ဒေသတွင်း တရားဥပဒေစိုးမိုးရေး အထောက်အကူဖြစ်ရန် ၂၀၂၃ ခုနှစ် အတွင်း အကျဉ်းထောင် နှစ်ခုဖွင့်လှစ်ပြီး စစ်သုံ့ပန်း ၁၅၀ ခန့် အပါအဝင် အကျဉ်းသား ၂၀၀ ကျော်ကို ချုပ်နှောင်ထားခဲ့ခြင်းဖြစ်သည်။
ထို့နောက် တရားစွဲတင်ခြင်း၊ ဒဏ်ရိုက်ခြင်း၊ ထောင်ချခြင်း စသော တရားဥပဒေစီရင်ရေးကိစ္စများကို ဆောင်ရွက်ရန် IEC က တရားရေးဌာနကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့တွင် ထူထောင်ကာ ဆောင်ရွက်နေသည်။
ထိုထောင်များ၌ စစ်သုံ့ပန်း၊ စစ်ရာဇဝတ်မှု ကျူးလွန်သည့် စစ်သုံ့ပန်းများ အများဆုံး ချုပ်နှောင်ထားကာ အခြား ပြစ်မှုပြစ်ဒဏ် အမိန့်ချထားသည့် အရပ်သားများ ပါဝင်ကြောင်း IEC တရားရေးဌာန ဒုတိယ ဌာနမှူး ခွန်းစာက ယမန်နှစ် ဩဂုတ်လအတွင်း Myanmar Now ကို ပြောထားသည်။
“ ဘယ်လိုပြစ်မှုပဲရှိပါစေ..ကျွန်တော်တို့ဆီကိုရောက်ရင် ဒုတိယအခွင့်အရေးဆိုတာရှိတယ်”
၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်း ဖြစ်ပွားသည့် K-8 အမျိုးအစား တိုက်လေယာဉ်ပျက်ကျစဉ် ဖမ်းမိခဲ့သော စစ်တပ်၏ လေယာဉ်မှူး ဗိုလ်မှူး ခိုင်သန့်မိုးသည် ထွက်ပြေးလွတ်မြောက်သူများထဲတွင် မပါဝင်ဘဲ ၎င်းကို ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေတစ်နေရာ၌ ထိန်းသိမ်းထားဆဲဖြစ်ကြောင်း IEC ထံက သိရသည်။
IEC အတွင်းရေးမှူး (၂) ဦးဗညားခွန်အောင်က စစ်သုံ့ပန်းများလွတ်မြောက်သွားသည့်ကိစ္စနှင့် ပတ်သက်၍ မကြာမီ သတင်းထုတ်ပြန်ရန် စီစဉ်နေကြောင်း ဆိုသည်။
“သူတို့(စစ်သုံ့ပန်း) ကို ကျွန်တော်တို့က နေရာတကာထားတာ မဟုတ်ဘူး။ ထားသင့်တဲ့နေရာမှာ ထားတယ် ။ လူထုတွေကြားထဲမှာ အများကြီးထားတာတော့မရှိဘူး။ မယ်စဲ့မှာတော့ တချို့နေရာမှာ လုပ်စရာရှိတဲ့အခါ ခေါ်ခိုင်းတာတော့ရှိတယ်။ ဒါပေမဲ့ လူထုတွေ စိုးရိမ်ကြောင့်ကြလောက်အောင် ဂယက်အကြီးကြီး ဖြစ်နိုင်လားလို့ကြည့်လိုက်တော့ ဖြစ်လာနိုင်စရာမရှိဘူးဆိုတာ တွေ့ရတယ်” ဟု ပြောသည်။
IEC က ပြည်သူများ မစိုးရိမ်ကြရန် ထုတ်ပြန်ထားသော်လည်း ထိုကဲ့သို့ အကျဉ်းသား အများအပြား ထွက်ပြေးလွတ်မြောက်သွားသည်ဆိုသည့် အပေါ် ကရင်နီဒေသခံများအကြား စိုးရိမ်ပူပန်မှုများ မြင့်တက်နေကြသည်။
ယခုလအတွင်း လူသတ်မှု ၊ ဓားပြမှုနှင့် စစ်သုံ့ပန်းထွက်ပြေးမှုစသည့် အမှုအခင်းများ ကရင်နီဒေသတွင် ဆက်တိုက် ဖြစ်ပေါ်နေသဖြင့် ဒေသခံအများစုက အုပ်ချုပ်ရေးပိုင်းနှင့် လုံခြုံရေးအခြေအနေများအား စိုးရိမ်နေကြောင်း ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
“လုံခြုံရေးအားနည်းတဲ့အတွက် ၊ အုပ်ချုပ်ရေးလည်း အားနည်းတဲ့အတွက် ပြောစရာလေးတွေ ဖြစ်သွားတာပေါ့။ ဒီလထဲမှာ ဆက်တိုက်ဆိုသလို လူသတ်မှုရော၊ ဓားပြမှုရော၊ ထောင်ဖောက်ပြေးတဲ့အမှုတွေရော၊ ခိုးမှုတွေလည်းရှိသေးတယ်။ အပြင် တစ်ယောက်တည်း မသွားရဲတာတို့ ၊ ခရီးဝေးရင် တစ်ယောက်တည်း မသွားရဲဘူး။ အဖော်ခေါ်ရတာတို့ အဲဒီလိုမျိုးတွေ ဖြစ်လာတယ်” ဟု ၎င်းက ဆိုသည်။
သံလွင်မြစ်အရှေ့ခြမ်း မယ်စဲ့မြို့နယ်သည် စစ်ကော်မရှင်တပ်များ အခြေမစိုက်နိုင်သည့် မြို့နယ်ဖြစ်သလို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တစ်ခုဖြစ်သည့် ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) ၏ အမာခံနယ်မြေလည်းဖြစ်သည်။
နွေဦးတော်လှန်ရေးမှ ပေါ်ပေါက်လာသော IEC နှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တို့ အခြေစိုက်လှုပ်ရှားသည့် ဒေသလည်း ဖြစ်သည်။
မယ်စဲ့မှ စစ်သုံ့ပန်းများအပါအဝင် အကျဉ်းသား ၈၀ ကျော် လွတ်မြောက်သွားသည့် အခြေအနေနှင့် ပတ်သက်ပြီး ကလလတ ၏ တွဲဘက် အထွေထွေအတွင်းရေးမှူး ရဲဘော်လော်ရင်းစိုးက IEC နှင့်သာ အဓိက သက်ဆိုင်ကြောင်းဆိုသည်။
“ကျွန်တော်တို့ရဲ့ သုံ့ပန်းပေါ်လစီကတော့ ပြန်လွှတ်ရေးပဲလေ။ တရားမစွဲဘူး။ မဖမ်းဘူး။ သုံ့ပန်းကို လိုရာဆန္ဒစီစဉ်ပေးမယ်။ သူပြန်မယ်ဆိုရင် ပို့ပေးမယ်။ သူနေမယ်ဆိုရင် ကျွန်တော်တို့ စီစဉ်ပေးမယ်။ ကျွန်တော်တို့က သုံ့ပန်းကို ထိခိုက်နစ်နာမှု လုပ်လို့မရဘူး။ ကျွန်တော်တို့က သုံ့ပန်းကို အချုပ်ထဲထောင်ထဲ ထည့်ထားတာ၊ တရားစွဲတာ၊ ဒဏ်ရိုက်တာတွေက ကျွန်တော်တို့မှာ ပေါ်လစီမရှိဘူး။ အဲဒါကြောင့်မို့ ဒါက ကျွန်တော်တို့နဲ့မပတ်သက်ဘူး” ဟု ရဲဘော်လော်ရင်းစိုးက ပြောသည်။
IEC တရားရေးဌာန၏ ဒုတိယဌာနမှူး ခွန်းစာက အကျဉ်းသားများ မည်ကဲ့သို့ ထွက်ပြေးသွားသည်ကို စုံစမ်းနေဆဲဖြစ်ကြောင်း ဆိုသည်။
စစ်သုံ့ပန်းထွက်ပြေးလွတ်မြောက်ခြင်းသည် ၂၀၂၅ ခုနှစ် အောက်တိုဘာလတွင် IEC အကျဉ်းထောင်၌ တစ်ကြိမ်ဖြစ်ခဲ့ဖူးသော်လည်း ယခုဒုတိယအကြိမ်ထွက်ပြေးမှုသည် စံချိန်တင် လူအများဆုံးထွက်ပြေးမှုဟု ဆိုနိုင်သည်။
၂၀၂၅ ခုနှစ် အောက်တိုဘာလ ၁၀ ရက်တွင်လည်း စစ်သုံ့ပန်း ခြောက်ဦးသည် အပြင်လုပ်ငန်းခွင် သွားနေစဉ် ထွက်ပြေးသွားခဲ့ကြပြီး ပြန်လည်မဖမ်းမိပေ။
ကရင်နီပြည်နယ်တွင် မယ်စဲ့ ၊ ရှားတောမြို့နယ်တို့ကို တော်လှန်ရေးအင်အားစုများက အပြည့်အဝ ထိန်းချုပ်ထားသည်။ လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆိုနှင့် ဘောလခဲမြို့နယ်ရှိ မြို့များကို စစ်တပ်က နယ်မြေပြန်လည်စိုးမိုး ထိန်းချုပ်ထားသည်။
လက်ရှိတွင် စစ်တပ်၏ လေကြောင်း၊ လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ကရင်နီဒေသအတွင်း အရပ်သား ထိခိုက်၊ သေဆုံးမှုများလည်း ရှိနေဆဲဖြစ်သည်။




