အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ငဖဲမြို့နယ် နတ်ရေကန် ဗျူဟာကုန်းအနီးရှိဘိန်းခင်းများကို ကာကွယ်ရေးတပ် ဖျက်ဆီး

မကွေးတိုင်းနှင့် ရခိုင်ပြည်နယ်ကို ဆက်သွယ်ထားသည့် စစ်ရေးအရ အရေးပါသော အမ်း-ပဒါန်း လမ်း ပေါ်မှ နတ်ရေကန်ဗျူဟာကုန်းအနီး ဘိန်းစိုက်ခင်းကို ဝင်ရောက်ဖျက်ဆီးခဲ့ပြီး ဒေသခံများအား ဘိန်းအစားထိုးသီးနှံများ စိုက်ပျိုးရန် စည်းရုံးခဲ့သည်ဟု ဒေသကာကွယ်ရေးတပ်များက ဆိုသည်။

မကွေးတိုင်း ငဖဲမြို့နယ်တောင်ပိုင်း ပြည်သူကာကွယ်ရေးတပ်များ စိုးမိုးနယ်မြေရှိ ဘိန်းစိုက်ခင်း ဧက ၃၀ ခန့်ကို ဒီဇင်ဘာလ ၁၇ ရက်နှင့် ၁၈ ရက်နေ့တို့တွင် နှစ်ရက်ဆက် ဖျက်ဆီးခဲ့ကြောင်း ဒေသအခြေစိုက် လူထုတော်လှန်ရေးမဟာမိတ်အင်အားစု People’s Revolution Alliance (PRA- Magway) က ထုတ်ပြန်ထားသည်။

အဆိုပါ စိုက်ခင်းများသည် မကွေးတိုင်းနှင့် ရခိုင်ပြည်နယ်သို့ ဆက်သွယ်ထားသည့် ငဖဲနှင့်ပဒါန်းမြို့ အကြားရှိ စစ်တပ်ထိန်းချုပ်ခဲ့သော တောင်ပေါ်ဒေသတွင်ရှိပြီး စစ်တပ်က ပြင်းပြင်းထန်ထန်ခုခံနေသည့် နတ်ရေကန်ဗျူဟာကုန်း အနီးတွင် ရှိသည်။

“ကျွန်တော်တို့လည်း ထိုးစစ်တွေဆင်နေတယ်။ ထိုးစစ်ဆင်တဲ့နယ်မြေထဲက စိုက်ခင်းတွေကို ရှင်းတာပါ” ဟု PRA- Magway တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဘိန်းစိုက်ပျိုးသူကို ဖမ်းဆီးနိုင်ခြင်းမရှိသော်လည်း စိုက်ခင်းအနီးတဝိုက်ရှိ ရွာသားများအား မူးယစ်ဆေးဝါး အသိပညာပေးဟောမှုများပြုလုပ်ခဲ့သလို ဘိန်းအစားထိုးသီးနှံစိုက်ပျိုးနိုင်ရေး ကူညီမည်ဟု ဟောပြောစည်းရုံးခဲ့သည်ဟုလည်း ၎င်းက ဆိုသည်။

“မြန်မာနိုင်ငံက ဘိန်းထုတ်လုပ်တယ်၊ တော်လှန်ရေးအဖွဲ့အစည်းတွေက ဘိန်းစိုက်တယ်၊ တော်လှန်ရေးနဲ့ ဘိန်းနဲ့ကို နိုင်ငံတကာက တွဲမြင်တဲ့ဟာတွေကို ကျွန်တော်တို့ လက်မခံတာရယ်၊ ဒီဟာတွေက မလုပ်သင့်၊ မလုပ်အပ်တဲ့အရာလို့ ကျွန်တော်တို့ ရှု့မြင်တာရယ်ကြောင့် ကျွန်တော်တို့ ဖျက်ဆီးတာပါ” ဟု ပြောသည်။

မကွေးတိုင်းနှင့် ရခိုင်ပြည်နယ်ကို ဆက်သွယ်ထားသည့်  စစ်ရေးအရ အရေးပါသော  အမ်း-ပဒါန်း လမ်း ပေါ်မှ နတ်ရေကန်ဗျူဟာကုန်းကို အာရက္ခတပ်တော် (AA) ဦးဆောင်သည့် ကာကွယ်ရေးပူးပေါင်းတပ်များ က သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်နေချိန် စစ်တပ်က မြေပြင်၊ ဝေဟင်ခုခံနေသဖြင့် နှစ်ဖက် တိုက်ပွဲများ ပြင်းထန်နေသည်ဟု သိရသည်။

နတ်ရေကန်ဗျူဟာကုန်း ထိုးစစ်အတွင်း စစ်ကော်မရှင်တပ်၏ ကာကင်းစခန်းများ အပါအဝင် နေရာအချို့ ကို သိမ်းပိုက်နိုင်သော်လည်း ငဖဲတောင်ပိုင်းတွင် နှစ်ဖက် တိုက်ပွဲပြင်းထန်နေသည်ဟု သိရသည်။

ယခင်က လေကြောင်းရန်ကာကွယ်ရေးစခန်းဖြစ်သည့် နတ်ရေကန်စခန်း၏ အရှေ့တောင်ဘက် နှစ်မိုင်ခန့် အကွာ ဂုတ်ကြီးကျေးရွာကို စစ်တပ်က ဒီဇင်ဘာလ ဒုတိယပတ်အတွင်း အင်အား အလုံးအရင်းဖြင့် ထိုးစစ်ဆင်ရယူထားရာ AA က ပြန်ရယူနိုင်ရေး ထိုးစစ်ဆင်နေသည်ဟု ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့က သိထားရသည်။

မကွေးတိုင်းဝင်ပေါက်  နတ်ရေကန်စခန်းသည် စစ်ရေးဗျူဟာအရ အရေးပါသဖြင့် AA နှင့် မဟာမိတ် များက ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ဒုတိယပတ် ကတည်းက စတင်ထိုးစစ်ဆင်ခဲ့သည်။  ထို့နောက် အောက်တိုဘာလဆန်းတွင် နတ်ရေကန်ပင်မစခန်းအနီးအထိ ချဉ်းကပ်နိုင်ခဲ့သော်လည်း အပြီးသတ် သိမ်းယူနိုင်ခဲ့ခြင်းမရှိခဲ့ဘဲ အနီးပတ်ချာလည် ကျေးရွာများကို ထိန်းချုပ်ထားသည့် အခြေအနေ ဖြစ်သည်။  

ထို့ကြောင့် စစ်တပ်သည် နတ်ရေကန်ဗျူဟာကုန်းကို လေယာဉ်ဖြင့် ရိက္ခာ၊  လက်နက်ခဲယမ်း အင်အား ဖြည့်တင်းပေးနေသလို မြေပြင်တွင်လည်း တပ်မ ၉၉၊ အမှတ် (၁၇) စစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ် ( စကခ-၁၇)တို့မှ တပ်သားအများအပြားဖြင့် အင်အားဖြည့်လာခြင်းကြောင့် ပဒါန်းမြို့အနီးတဝိုက် တိုက်ပွဲများ ပြင်းထန်နေခြင်းဖြစ်သည်ဟု အထက်ပါ PRA- Magway တာဝန်ရှိသူက ပြောသည်။

“နတ်ရေကန်အောက်က ကာကင်းကုန်းတွေနဲ့ နေရာတော်တော်များများကို ကျွန်တော်တို့ ထိန်းချုပ်ထားနိုင်ဆဲပါ။ တိုက်ပွဲက ဆက်ဖြစ်နေတယ်”

ထို့အပြင် စစ်တပ်သည် လေယာဉ်များ၊ ဒရုန်းများဖြင့်လည်း ကာကွယ်ရေးတပ်များ၏ ထိုးစစ်ကို ခုခံနေသလို ပဒါန်းမြို့ပေါ်ရှိအမြောက်တပ်ဟုခေါ်သော အမှတ်(၉၀၅)အမြောက်စခန်း ကွပ်ကဲမှုဌာနချုပ်မှလည်း လက်နက်ကြီးပစ်ကူပေးနေသည်ဟု သိရသည်။

“နတ်ရေကန်ကို ရဖို့တော့ခက်မယ်။ ကျွန်တော်တို့လည်း တိုက်နေတာပဲ။ သူတို့လည်း နတ်ရေကန် ဗျူဟာကုန်းကျသွားရင် ပဒါန်းမြို့လည်းကျသလို ငဖဲ(မြို့)ကလည်း ကျသလိုဖြစ်တဲ့အတွက် အပြင်းအထန် ဆက်လက်ခုခံနေတယ်” ဟုလည်း PRA- Magway တာဝန်ရှိသူက ပြောသည်။

ငဖဲမြို့နယ်တွင် စစ်တပ်၏ အမှတ် (၁၄) ကာကွယ်ရေးပစ္စည်းစက်ရုံ တည်ရှိပြီး မြို့တောင်ဘက် ၁၁ မိုင် အကွာတွင် ရှိသည်။

ဒေသကာကွယ်ရေးတပ်များ ဖျက်ဆီးလိုက်သည့် ဘိန်းစိုက်ခင်းကို တွေ့ရစဉ်။ (ဓာတ်ပုံ − PRA- Magway)

Related Articles

Back to top button