ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်တွင် အာရက္ခတပ်တော်(AA)၏ အကျဥ်းစခန်းတစ်ခု လေကြောင်း ဗုံးကြဲခံရပြီး လသားကလေးအပါအဝင် စစ်တပ် မိသားစုဝင်များ၊ စစ်သုံ့ပန်း ၂၁ ဦး သေဆုံးကာ ၃၀ ဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။
ကျောက်တော်မြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ် နယ်စပ်၊ ချောင်းတူကျေးရွာအနောက်ဘက်ရှိ ထိုစခန်းကို တိုက်လေယာဥ်နှစ်စီးဖြင့် ဇန်နဝါရီလ ၂၀ ရက်နေ့ ည ၇ နာရီ ၂၄ မိနစ်နှင့် ၇ နာရီ ၂၈ မိနစ်တို့တွင် ဗုံးလေးလုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
သေဆုံးသူများတွင် အမျိုးသား ၁၂ ဦး၊ ကိုယ်ဝန်ဆောင် နှစ်ဦးအပါအဝင် အမျိုးသမီး ငါးဦး ၊ လသား အရွယ် ကလေးတစ်ဦးအပါအဝင် ၁၅ နှစ်အောက် ကလေး လေးဦးသေဆုံးသွားသည်။
ဒဏ်ရာရသူများတွင် အမျိုးသား ၁၄ ဦး၊ အမျိုးသမီး ကိုးဦးနှင့် ဒဏ်ရာရသူ ကလေး ခုနစ်ဦးရှိပြီး ၁၅ နှစ်အောက် သုံးဦး၊ ငါးနှစ်အောက်လေးဦးတို့ ဖြစ်ကြသည်။
စစ်လေယာဉ်များက ကြဲချသော ဗုံးလေးလုံးသည် အကျဉ်းစခန်းရှိ ဆေးကုသဆောင်၊ နားနေဆောင် ၊ အိပ်ဆောင်တို့တွင် ဗုံးကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု ထိုနေရာသို့သွားရောက်သတင်းယူခဲ့သည့် အမျိုးသား သတင်းထောက်တစ်ဦးက ပြောသည်။
မကြာမီပြန်လွှတ်ပေးမည့် သုံ့ပန်းအများစုနှင့် မိသားစုဝင်များ ထားရှိသည့်နေရာဖြစ်ပြီး စစ်သုံ့ပန်းမိသားစုဝင်များနှင့် စစ်သုံ့ပန်းအချို့ ပွဲချင်းပြီးသေဆုံးသွားကြောင်း AA က ညတွင်းချင်း သတင်းထုတ်ပြန်သည်။
“တပ်တော်ဘက်ကလည်း ဒီလကုန်ပိုင်းလောက်မှာ လွှတ်ပေးမယ်လို့ ပြောထားတယ်တဲ့။ မိသားစုတွေနဲ့လည်း အဆက်အသွယ် လုပ်ထားပြီးပါပြီတဲ့။ အဲဒီလိုအချိန်ခါမှ ခုလိုဗုံးလာကြဲတော့ သူတို့က သိပ်ကြေကွဲရတယ်လို့ ပြောတယ်။ မိသားစုတွေလည်းရှိတယ်။ ကလေးတွေလည်းရှိတယ်။ ဗုံးကြဲတဲ့နေ့ ကလေးတွေ အော်ဟစ်ငိုကြွေးပြီး နေကြတယ်တဲ့”ဟု ဗုံးကြဲခံရသည့် နေရာရောက်ခဲ့သော သတင်းထောက်က ဆိုသည်။
အသက်ရှင်ကျန်ရစ်သူများ၊ ဒဏ်ရာရရှိသူများသည် ဗုံးကြဲပြီး နောက်တစ်ရက်အကြာ စိုးရိမ်ကြောက်လန့်မှုများ ရှိနေဆဲဖြစ်သည်ဟု ထိုနေရာရောက်ခဲ့သော အမျိုးသမီးသတင်းသမားတစ်ဦးကလည်း ပြောသည်။
ရခိုင်အခြေစိုက် မီဒီယာများ၏ ထုတ်ပြန်ချက်တွင် ဗုံးကျရောက်ပေါက်ကွဲထားသော အချုပ်ဆောင်များ၊ ထိခိုက်ဒဏ်ရာရသူ အများအပြားအား တွေ့ရသည်။

ဗုံးကျရောက်ပေါက်ကွဲခဲ့သည့်နေရာသည် ကျောက်တော်အခြေစိုက် စစ်တပ်၏ ခြေမြန်တပ်ရင်း ခမရ ၅၃၉ နှင့် အမတ ၃၇၇ (အမြောက်တပ်) တို့မှ မိသားစုဝင်များအား ထားရှိသည့်အဆောင်ဖြစ်ကြောင်း အခြားသတင်းရင်းမြစ်တစ်ဦးထံက သိရ သည်။
ရန်ကုန်- စစ်တွေ ကားလမ်းမဘေး၊ ကန်စောက်တောင်ခြေရင်းတွင် အခြေစိုက်ထားသည့် ခြေမြန်တပ်ရင်း (၅၃၉) သည် အရာရှိ၊ စစ်သားနှင့် မိသားစုဝင်များ အပါအဝင် တပ်ရင်းတစ်ခုလုံးက တိုက်ခိုက်ခံရသည့် နောက်တစ်နေ့တွင် (၂၀၂၄ ခုနှစ် ဇန်နဝါရီလ ဒုတိယပတ်) အလံဖြူထောင် လက်နက်ချခဲ့သော ရုပ်သံများ လူမှုကွန်ရက်၌ ပျံ့နှံ့ခဲ့သည်။
AA သည် ရခိုင် ၁၇ မြို့နယ်အနက် ၁၄ မြို့နယ်ကို သိမ်းပိုက်ထားရာ ထိုဒေသများရှိ စစ်ဌာနချုပ်များအပါအဝင် စစ်တပ်စခန်းအများအပြား တိုက်ခိုက်ချေမှုန်းခဲ့ရာ ဗိုလ်မှူးချုပ်များအပါအဝင် စစ်သုံ့ပန်းများ၊ စစ်တပ်မိသားစုဝင် ထောင်နှင့်ချီ ထိန်းသိမ်းထားသည်။
စစ်တပ်သည် ၂၀၂၄ ခုနှစ်အတွင်းက ပေါက်တောမြို့နှင့် မြောက်ဦးမြို့နယ်ရှိ AA အကျဥ်းစခန်းများကို လေကြောင်းဗုံးကြဲခဲ့ပြီး အလားတူ လူဆယ်ချီ သေဆုံးခဲ့မှုများ ဖြစ်ပေါ်ခဲ့သည်။
၂၀၂၄ ခုနှစ် စက်တင်ဘာလ ၈ ရက်နေ့က ရခိုင်ပြည်နယ်၊ ပေါက်တောမြို့တောင်ဘက် အလယ်ဖရုံကာကျွန်း၊ ရှင်ရွာကျေးရွာရှိ အကျဉ်းစခန်းတစ်ခုကို လေတပ်ဗုံးကြဲတိုက်ခိုက်စဉ် ၁၇ ဦး သေဆုံးသွားရာ ထိုအထဲတွင် ဆယ်ကျော်သက် နှစ်ဦးနှင့် စစ်သုံ့ပန်း ခုနစ်ဦး ပါဝင်ကြောင်း AA က နောက်တစ်နေ့တွင် သတင်းထုတ်ပြန်ခဲ့ သည်။
နောက်တစ်နေ့ စက်တင်ဘာလ ၉ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ လေးမိုင်အခြေစိုက် အမှတ် (၂) နယ်ခြားစောင့်တပ်ခွဲ (နခခ-၂) တွင် ရှိသော AA ၏ အကျဉ်းစခန်းကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာ စစ်သုံ့ပန်းနှင့်အကျဥ်းသား ၅၀ ကျော် သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့သည် ။
ထို့ပြင် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၈ ရက် ကလည်း မြောက်ဦးမြို့နယ်၊ ရမ်းချောင်းဒေသကို ဗုံးကြဲရာ စစ်သုံ့ပန်း မိသားစုဝင် ၂၈ ဦးသေဆုံးပြီး ၂၅ ဦးဒဏ်ရာရရှိသွားကြောင်း AA ၏ ထုတ်ပြန်ချက်များအရ သိရသည်။
AA သည် ရခိုင်ပြည်နယ် မြို့သိမ်းတိုက်ပွဲများအတွင်း အရှင်ဖမ်းဆီးရမိထားသော စစ်သုံ့ပန်းများနှင့် မိသားစုဝင်များကို ပြန်လွှတ်ပေးသည်များရှိခဲ့သည်။
မြောက်ဦး၊ မင်းပြား၊ မောင်တောနှင့် ဘူးသီးတောင် မြို့နယ်တိုက်ပွဲများအတွင်း ဖမ်းဆီးရမိခဲ့သော စစ်သုံ့ပန်းနှင့် မိသားစုဝင် ၇၅၅ ဦးကို ၂၀၂၅ ခုနှစ် မေလက လေးကြိမ်ခွဲ၍ ပြန်လွှတ်ပေးခဲ့သည်။
ယင်းမတိုင်မီ ဧပြီအတွင်းကလည်း မြောက်ဦးမြို့သိမ်းတိုက်ပွဲအတွင်းဖမ်းဆီးရမိခဲ့သော စစ်သုံ့ပန်းနှင့် မိသားစုဝင် ၃၁၃ ဦးနှင့် မင်းပြားမြို့သိမ်းတိုက်ပွဲအတွင်းဖမ်းဆီးရမိခဲ့သည့် စစ်သုံ့ပန်းနှင့်မိသားစုဝင် ၁၇၀ ဦးတို့ကို လွှတ်ပေးခဲ့ သည်။
အာဏာသိမ်းစစ်တပ်နှင့်AA သည် စစ်တွေ၊ ကျောက်ဖြူ၊ မကွေးတိုင်း နတ်ရေကန်ဗျူဟာကုန်းအနီး၊ ဧရာဝတီတိုင်း လေးမျက်နှာမြို့နယ် စက်စက်ယိုကျေးရွာအနီး၊ ပဲခူးတိုင်း ပန်းတောင်းမြို့နယ်ရှိ ပွိုင့် (၆၆၆) ကုန်းနှင့် ကပစ ၁၆ အနီး တို့တွင် တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။




