အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စစ်တပ်၏ ၃ လကြာ ဖလမ်းထိုးစစ် ရှေ့မဆက်နိုင်၊ လေကြောင်းတိုက်ခိုက်မှု အရှိန်မြှင့် 

ယမန်နှစ် အောက်တိုဘာလကုန်ကတည်းက ဖလမ်းမြို့ကို ဦးတည်ပြီး စစ်ကြောင်းနှစ်ခုညှပ်၍ ထိုးစစ်ဆင် နေသော်လည်း ဖြတ်တောက်တိုက်ခိုက်ခံရသဖြင့် မြို့၏ ၁၃ မိုင်အကွာတွင် စစ်ကြောင်းက ရပ်နေသည်ဟု သိရသည်။

ချင်းပြည်နယ်မြောက်ပိုင်း ဖလမ်းမြို့နယ်ကို ပြန်သိမ်းနိုင်ရေး စစ်ကော်မရှင်တပ်က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေသည်မှာ သုံးလနီးပါး ကြာမြင့်လာချိန် ရှေ့ဆက်မတိုးနိုင်သောကြောင့် လေကြောင်း တိုက်ခိုက်မှုအရှိန်မြှင့်ကာ မြေပြင်စစ်အင်အားထပ်တိုးဖြည့်တင်းနေကြောင်း သိရသည်။ 

ယမန်နှစ် အောက်တိုဘာလကုန်ကတည်းက ဖလမ်းမြို့သို့ ဦးတည်ပြီး စစ်ကြောင်းနှစ်ခုညှပ်၍ ထိုးစစ်ဆင် လျှက်ရှိရာ လက်ရှိတွင် မြို့နှင့် ၁၃ မိုင်ခန့်အကွာတွင် ရောက်ရှိနေပြီး တိုက်ပွဲများရှိနေကြောင်း ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) ထံက သိရသည်။ 

“တချို့အချိန်မှာ သူတို့ရှေ့တန်းခံတပ်တွေကို သိမ်းတာတွေရှိသလို သူတို့ဘက်ကပြန်ရတာတွေလည်း ရှိတယ်။ လောလောဆယ်အနေနဲ့တော့ နှစ်ဖက်စလုံးပြန်ပြီးတော့ ခုခံနေရတဲ့အခြေအနေရှိတယ်။ ဒါပေမဲ့ သူတို့ဘက်ကနေ ရှေ့တော့တိုးလို့မရတဲ့ ပုံစံတော့ရှိတယ်။ သူတို့ရှိတဲ့နေရာမှာ အခိုင်အမာတပ်စွဲထားတဲ့ ပုံစံမျိုးရှိတယ်”ဟု CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီထွဋ်က ပြောသည်။ 

ယမန်နေ့ညက သိုင်းငင်းကျေးရွာမှတဆင့် အင်အား ၂၀၀ ခန့်ပါသည့် မြေပြင်စစ်ကြောင်းတစ်ခုလည်း ထပ်တက်လာနေသဖြင့် စစ်ရေးအခြေအနေ ပြင်းထန်လာနိုင်ကြောင်း ၎င်းကဆက်ပြောသည်။ 

အမှတ် (၂၆၈) ခြေလျင်တပ်ရင်း အခြေစိုက်ရာ ဖလမ်းမြို့ကို ချင်းတော်လှန်ရေးအင်အားစုများ စုဖွဲ့ထားသည့် ချင်းညီနောင် (CB) အဖွဲ့က ငါးလကျော်ကြာ ထိုးစစ်ဆင်တိုက်ခိုက်ပြီး ၂၀၂၅ ခုနှစ် ဧပြီလတွင် မြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်။

မြို့တော် ဟားခါးနှင့်ကပ်လျက်ရှိပြီး ဆက်သွယ်ရေးအရ အချက်အချာ ကျသည့်ဖလမ်းမြို့ကို ပြန်လည် သိမ်းပိုက်နိုင်ရန် ယမန်နှစ် အောက်တိုဘာလကုန်ပိုင်းစပြီး စစ်ကိုင်းတိုင်း ကလေးမြို့အနောက်မြောက် သိုင်းငင်းရွာဘက်မှ တဆင့် စစ်ကြောင်းတစ်ခု၊ ကလေးမြို့တောင်ပိုင်းမှ ဝေဘလူမြို့ဘက်မှတဆင့် စစ်ကြောင်းတစ်ခုတို့ဖြင့် နှစ်ဖက်ညှပ်ကာ ထိုးစစ်ဆင်ခဲ့သည်။ 

စစ်ကြောင်းနှစ်ခုပေါင်း အင်အားရာနှင့်ချီပါဝင်သည့် စစ်တပ်ကို မြေပြင်တွင် ချင်းတော်လှန်ရေးတပ်များက သုံးလနီးပါးကြာ ဖြတ်တောက်ပိတ်ဆို့ထားနိုင်သော်လည်း လေကြောင်းတိုက်ခိုက်မှု အလွန်အကျွံ လုပ်နေသည်ဟု ဆလိုင်းတင်မီထွဋ်က ဆိုသည်။ 

“လေကြောင်းကတော့ တော်တော်လေးပြင်းထန်တယ် နေ့တိုင်းလိုလိုပါပဲ။ နှစ်လ၊ သုံးလအထဲမှာ ဒီနေ့အထိ ဒေတာအရဆိုရင် ၁,၅၀၀ ကနေ ၁,၆၀၀ လောက်ထိ လေကြောင်းတိုက်ခိုက်မှုက Y 12 ရော၊ ဂျက်ရော ပစ်ခတ်မှုရှိပါတယ်”ဟု အထက်ပါ CNDF ပြောရေးဆိုခွင့်ရှိသူ အမျိုးသားက ပြောသည်။

မြေပြင်စစ်ကြောင်းတွင် ပါဝင်သည့် အင်အားထက်ဝက်ကျော်သည် စစ်မှုထမ်းဥပဒေဖြင့် ဖမ်းဆီးစုဆောင်း ထားသည့် စစ်သားသစ်များဖြစ်ပြီး အတွေ့အကြုံနည်းပါးသလို တိုက်ခိုက်လိုစိတ် နည်းပါးကြသည်ဟု ၎င်းက ဆက်ပြောသည်။

“မြေပြင်မှာကျတော့လေကြောင်းသာမရှိရင်မြေပြင်က ကောင်းကောင်းထိန်းချုပ်နိုင်တယ်။ တားဆီးနိုင် တဲ့အခြေအနေရှိတယ်။ ဒါပေမဲ့လည်း လေကြောင်းက အလွန်အကျွံသုံးထားတဲ့အတွက် အခက်အခဲ တော်တော်များတာပေါ့”

စစ်တပ်လေကြောင်းရန်ကြောင့် ဖလမ်းနယ်အတွင်း တစ်ရွာလုံးနီးပါး ပျက်စီးသည့် ကျေးရွာနှစ်ရွာရှိပြီး ဖလမ်းမြို့နယ်အရှေ့ခြမ်းနှင့် အနောက်ခြမ်း ကျေးရွာများမှ ထောင်နှင့်ချီသည့်ဒေသခံများသည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။ 

လနှင့်ချီကြာမြင့်နေသည့်တိုက်ပွဲအတွင်း စစ်တပ်စစ်ကြောင်းမှထွက်ပြေးသူ၊ ထိခိုက်ဒဏ်ရာရသူနှင့် သေဆုံးသူ အများပြားရှိနေပြီး လက်နက်ခဲယမ်းသိမ်းဆည်းရမိမှုများလည်းရှိကြောင်း ဆလိုင်းတင်မီထွဋ် က ပြောသည်။ 

ဖလမ်းမြို့ကို ရွေးကောက်ပွဲများမတိုင်မီ ပြန်လည်သိမ်းပိုက်နိုင်ပြီး မဲပုံးထောင်နိုင်လိမ့်မည်ဟု စစ်ကော်မရှင်က တွက်ဆသည့်အတွက် ရွေးကောက်ပွဲကျင်းပမည့် မြို့နယ် ငါးခုထဲတွင် ဖလမ်းမြို့အား ထည့်သွင်းခဲ့သည်။

သို့သော်လည်း စစ်တပ်ထိုးစစ်သည် မြို့ကို ပြန်လည်သိမ်းပိုက်နိုင်ခြင်းမရှိဘဲ ချင်းတော်လှန်ရေးအင်အားစုများ၏ အပြင်းအထန်ခုခံတိုက်ခိုက်မှုနှင့် ရင်ဆိုင်ခဲ့ရပြီးနောက် ရွေးကောက်ပွဲ လုပ်မည့်အစီအစဉ် ဖျက်သိမ်းခဲ့ရသည်။ 

ချင်းပြည်နယ် မြို့နယ် ကိုးခုအနက် တော်လှန်ရေးအင်အားစုများထိန်းချုပ်ထားသော တောင်ပိုင်းရှိ ပလက်ဝ၊ မတူပီ၊ မင်းတပ်၊ ကန်ပက်လက်၊ မြောက်ပိုင်းရှိ ဖလမ်း၊ တွန်းဇံ နှင့် ထန်တလန်တို့တွင် ရွေးကောက်ပွဲမလုပ်နိုင်ဘဲ ပြည်နယ်မြို့တော် ဟားခါးနှင့် တီးတိန်တို့တွင်သာ ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့သည်။ 

နယ်မြေထက်ဝက်ကျော်လက်လွှတ်ထားရသည့် ချင်းတောင်တန်းဒေသ၌ ရွေးကောက်ပွဲအလွန်တွင် စစ်တပ်က တောင်ပိုင်းနှင့်မြောက်ပိုင်းကိုပါ ထိုးစစ်အရှိန်မြှင့်နိုင်ကြောင်း ချင်းတော်လှန်ရေးအင်အားစုများက သုံးသပ်သည်။ 

ရှမ်းမြောက်တွင် တရုတ်ကြားဝင်စေ့စပ်ညှိနှိုင်းမှုဖြင့် ကိုးကန့်တပ်၊ တအာင်းတပ်တို့နှင့် အပစ်ရပ်ခဲ့သည့် စစ်တပ်သည် ယမန်နှစ် နှစ်ကုန်မှ စပြီး နိုင်ငံအလယ်ပိုင်း မြေပြန့်နှင့်ချင်းတောင်တို့တွင် စစ်ရေးဖိအား ပိုတိုးလာသည်။ 

စစ်မှုထမ်း ဥပဒေပြဋ္ဌာန်းပြီး နှစ်နှစ်နီးပါးအတွင်း ခြေလျင်တိုက်ခိုက်ရေးတပ်များ၏ အင်အားနှစ်ဆ ဝန်းကျင်ဖြည့်တင်းနိုင်ခဲ့ကာ တိုက်ခိုက်ရေးအင်အားချည့်နဲ့မှုကို ဖြေရှင်းနိုင်ခဲ့ပြီး စစ်ဆင်ရေးအင်အားများနှင့် ရှေ့တန်းတပ်စခန်းများတွင် စစ်မှုထမ်းတပ်သားသစ် အများစုပါဝင်လာကြောင်း မြန်မာ့ စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (MDSI) ကထုတ်ပြန်ထားသည်။ 

စစ်တပ်အာဏာသိမ်းပြီးနောက် ပဋိပက္ခများကြောင့် နိုင်ငံအနှံ့မှလူဦးရေ ၃ ဒသမ ၆ သန်းကျော် နေရပ် စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသည့်အနက် ချင်းပြည်နယ်မှ တစ်သိန်းလေးထောင်ကျော် (၁၀၄,၈၀၀) ပါဝင်ကြောင်း ကုလသမဂ္ဂ UNHCR က ဇန်နဝါရီလဆန်းတွင် ထုတ်ပြန် ထားသည်။ 

ပုံစာ-၂၀၂၅ ခုနှစ် စက်တင်ဘာလ နောက်ဆုံးပတ်တွင် ကျင်းပခဲ့သည့် CNDF သင်တန်းဆင်းပွဲ အခမ်းအနားတစ်ခု။ (ဓာတ်ပုံ – CNDF) 

Related Articles

Back to top button