အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ဆောင်းပါးသတင်း

ပြန်လမ်းမဲ့ပြီး အနာဂတ်ပျောက်နေသော နယ်စပ်ရောက်ဒုက္ခသည်များ

လှမ်းမြင်နေရသောအမိမြေသို့ပြန်ရန် အခြေအနေမပေးသေးသလို ကူညီမှုအနည်းငယ်နှင့် မျှော်လင့်ချက်အိပ်မက်တို့လည်း လုံးပါးပါးလာသည်ကို ဒုက္ခသည်တို့ ကြုံတွေ့နေရသည်။

ဒုက္ခသည်ဘဝကို နောက်တစ်ကြိမ် ပြန်မရောက်နိုင်တော့ဟု ထင်ခဲ့သည့် ဦးဗညားဇင်သည် ၂၀၂၁ ဖေဖော်ဝါရီတွင် စစ်တပ်က တစ်ကြော့ပြန် အာဏာသိမ်းပြီးနောက် ထိုင်း−မြန်မာနယ်စပ်သို့ ဒုက္ခသည်အဖြစ် ဒုတိယအကြိမ် ပြန်ရောက်လာသည်။

အထက်တန်း ​ကျောင်းသားဘဝမှစ၍ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သည့် ဦးဗညားဇင်သည် ၂၀၀၇ ရွှေဝါရောင်အရေးအခင်းကာလအတွင်း  ပစ်မှတ်ထား ဖမ်းဆီးမှုများကြောင့် ထိုင်း−မြန်မာနယ်စပ် တာ့ခ်ခရိုင်အတွင်းရှိ နို့ဖိုးဒုက္ခသည်စခန်းသို့ ပထမအကြိမ် ရောက်ခဲ့သည်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအပြီး  ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)  အာဏာရလာချိန်တွင် မိသားစု နေရပ်ပြန်ခဲ့ကြသည်ဟု   အသက် ၅၀ ကျော်လာပြီဖြစ်သော ဦးဗညားဇင်က ပြောသည်။ 

“ငါတို့ရဲ့အစိုးရပေါ့။ လူထုရွေးချယ်တင်မြှောက်တဲ့ အစိုးရ၊ အဲဒီအပေါ်မှာ အားကိုးယုံကြည်တယ်၊ မျှော်လင့်တယ်ဆိုတော့ ငါတို့ပြန်လို့ရပြီဆိုတဲ့စိတ်နဲ့ ပြန်သွားတာပေါ့။ အဲ့ဒီအခိုက်အတန့်လေးက အမှတ်ရစရာ တကယ်ကောင်းပါတယ်။ ပြန်တယ်ဆိုတာကတော့ ကိုယ့်ရဲ့ဆုံးဖြတ်ချက်၊ ကိုယ့်ရဲ့အစီအစဉ်နဲ့ ပြန်ကြတာ” ဟု သူက တမ်းတမ်းတတဖြင့် ပြန်လည်ပြောပြသည်။

၂၀၀၇ တွင် ပထမအကြိမ် နိုဖိုးစခန်းသို့ ရောက်ရှိစဉ်က နှစ်နှစ်စွန်းစွန်းအရွယ် သမီးလေးတစ်ဦး သူတို့ဇနီးမောင်နှံနှစ်ဦးနှင့်အတူပါလာခဲ့သည်။ ထိုနောက် ထိုစခန်းတွင် နောက်ထပ် သားသမီးနှစ်ဦး ထပ်မံမွေးဖွားခဲ့သည်။ 

NLD အစိုးရလက်ထက်တွင် သူတို့မိသားစုအားလုံး ပြည်တော်ပြန်ဝင်ခဲ့သော်လည်း ၂၀၂၁ ခုနှစ်တွင် စစ်တပ်က အာဏာပြန်သိမ်းသည့်အခါ သူတို့မိသားစု၏ အနာဂတ်မျှော်လင့်ချက်များအားလုံး တစ်စစီကြေမွ ပျက်စီးသွားတော့သည်။ ထိုနောက် ထိုင်းနယ်စပ်သို့ ပြန်လည်တိမ်းရှောင်ကြရသည်။

သို့ရာတွင် စခန်းပြန်ရောက်ပြီး ၄ နှစ်အကြာတွင် စခန်းအတွင်း ရိက္ခာထောက်ပံ့မှု၊ ကျန်းမာရေးစောင့်ရှောက်မှုတို့ ရပ်ဆိုင်းသွားခြင်းကို ရင်ဆိုင်လိုက်ရသည်။ ဦးဗညားဇင်ကဲ့သို့ နယ်စပ်စခန်းများတွင် ခိုလှုံနေသည့်   ဒုက္ခသည်ပေါင်း တစ်သိန်းဝန်းကျင် ရှိနိုင်သည်ဟု ခန့်မှန်းရသည်။

နိုင်ငံအနှံ့ စစ်မီးတောက်လောင်နေရာဒုက္ခသည်များ နေရပ်ပြန်ရန်လည်း အလှမ်းဝေးသည်ထက် ဝေးသွားတော့သည်။  နိုင်ငံတကာ ကူညီထောက်ပံ့မှု အများအပြား ရပ်ဆိုင်းသွားရာ  ဒုက္ခသည်တို့အတွက် အစားအစာ၊ လုံခြုံရေး၊ အနာဂတ်မျှော်လင့်ချက်တို့မှာ မရေရာသည့် အခြေအနေသို့ ရောက်နေလေသည်။

နို့ဖိုးဒုက္ခသည်စခန်းအတွင်းရှိ နေအိမ်များ။ (ဓာတ်ပုံ –  အောင်နိုင်၊ ကိုလှိုင်း)

မှန်းမျှော်ကျရသည့် လွမ်းမျက်ရည်

 နေရပ်စွန့်ခွာ ထွက်ပြေးလာသူတို့သည် မိုင်ပေါင်း ၁,၅၀၀ ကျော်  ရှည်လျားသည့် မြန်မာ – ထိုင်းနယ်စပ်တစ်လျှောက်ရှိ မယ်ဟောင်ဆောင်၊ တာ့ခ်၊ ကန်ချနာဘူရီ၊ ရာချ်ဘူရီခရိုင်တို့ရှိ  စခန်း ကိုးခုတွင် ခိုလှုံလျက်ရှိသည်။

တာ့ခ်ခရိုင်အတွင်း ၁၉၉၇ တွင် တည်ထောင်ခဲ့သော နို့ဖိုးစခန်းတွင် ခိုလှုံနေသူ အရေအတွက် တစ်သောင်းကျော်ရှိသည်ဟု သိရသည်။ ပဲခူးတိုင်း၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ် အပါအဝင် နိုင်ငံအနှံ့မှ တိမ်းရှောင်လာသူများလည်း ထိုစခန်းတွင် ခိုလှုံနေကြသည်။

ထိုင်းနယ်စပ် မဲဆောက်မြို့မှ  ကားဖြင့်သွားပါက တောင်တန်းတောင်စွယ် အဆင့်ဆင့်ကို ၆ နာရီဝန်းကျင်ကြာ ကျော်ဖြတ်မောင်းနှင်ရသည့် အဆိုပါစခန်းမှာ  ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်နှင့် ထိစပ်နေပြီး တောင်ဆင်း တောင်တက် အကွေ့အကောက်များသည်၊ စခန်းအတွင်းနေထိုင်သူတို့၏ဘဝပမာ  ကြမ်းတမ်းလှသည်။

စခန်းအတွင်း ဈေးဆိုင်တန်း၊ စာသင်ကျောင်းနှင့် ဘုရားကျောင်းများ အစီအရီ တည်ဆောက်ထားသည်ကို တွေ့မြင်ရသည်။   အိမ်အများစုမှာ   အင်ဖက်၊ မိုးကာစ၊ သွပ် တစ်မျိုးမျိုးဖြင့်  အမိုးမိုးထားသော ဝါးထရံအိမ်ငယ်များ ဖြစ်သည်။

ဦးဗညားဇင်တို့ မိသားစုကို နို့ဖိုးဒုက္ခသည်စခန်းရှိ နေအိမ်အတွင်း ၂၀၂၅ ဒီဇင်ဘာ ၁၃ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ- အောင်နိုင်၊ ကိုလှိုင်း/ Myanmar Now) 

မွေးရပ်တိုင်းပြည်တွင် အာဏာသိမ်းတပ်က ပြည်သူတို့ကို ရန်ပြုနေဆဲဖြစ်သောကြောင့်  စိတ်မကောင်းဖြစ်ကြရသည်ဟု ဦးဗညားဇင်က ဆိုသည်။

“တိုင်းပြည်မှာ ဖြစ်နေတဲ့ လုံခြုံမှုမရှိတဲ့အခြေအနေနဲ့ ချိန်ထိုးပြီးပြောရင် နို့ဖိုးဒုက္ခသည်စခန်းထဲမှာ နေထိုင်နေရတာ လုံခြုံမှုရှိတယ်။ ကိုယ်ကတော့လုံခြုံနေတယ်။ ခေါင်းပြားအောင် အိပ်လို့ရတယ်။ အသက်အန္တရာယ် ဖိစီးမှုမရှိဘူး” ဟု သူက ဆိုသည်။ 

“ကျန်ခဲ့တဲ့ ပြည်တွင်းကလူတွေ မလုံခြုံတဲ့အတွက် စိတ်ထဲမှာတော့ မကောင်းဘူး။ ကိုယ်လုံခြုံသလို သူတို့လည်းလုံခြုံစေချင်တယ် မဝေးတဲ့ တစ်နေ့ပေါ့” 

အခြားဒုက္ခသည်တစ်ဦးဖြစ်သည့် အသက် ၆၈ နှစ်အရွယ် ဦးသန်းလွင်သည် ကရင်ပြည်နယ်အတွင်း  စစ်တပ်၏ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့်   ၁၉၉၇ ခုနှစ်ကတည်းက လာရောက်ခိုလှုံနေသူ ဖြစ်သည်။

နို့ဖိုးစခန်းတွင် အနှစ် ၃၀ နီးပါး သောင်တင်နေသူ ဦးသန်းလွင်။ (ဓာတ်ပုံ- အောင်နိုင်၊ ကိုလှိုင်း/ Myanmar Now)

အိုးအိမ်၊ လယ်ယာ၊ ကျွဲနွား စသည့် ပိုင်ဆိုင်မှုအားလုံးကို ပစ်ထားခဲ့ပြီး စစ်ဘေးရှောင်ရန်ထွက်ခွာလာချိန် ထိုစဉ်က နို့ဖို့စခန်းတည်နေရာသည် လယ်မြေများ၊ တောင်ရိုင်းမြေများ ဖုံးလွှမ်းနေသောနေရာဟု ဦးသန်းလွင်က ဆိုသည်။

“ဒီနေရာက တောကြီးဗျ။ ဒီနေရာကလယ်တွေဗျ” ဟု နိုဖိုးစခန်းဘေးရှိ ဘောလုံးကွင်းနေရာကို ညွှန်ပြ၍ သူကပြောသည်။ 

“အခုကျွန်တော်တို့လာပြီး စကားပြောတဲ့နေရာဆိုလို့ရှိရင် အင်းကြီးဗျာ။ ကားလမ်းက အရင်တုန်းက လှည်းလမ်းသာသာပဲ ရှိတယ်။ အဲ့ဒါကို ပို့လိုက်တဲ့အခါကြတော့ မင်းတို့နေရမယ့်နေရာက ဒီနေရာပဲဆိုတော့ ဓားဆွဲ တုတ်ဆွဲနဲ့ ကိုယ့်အိမ်နေရာကိုပဲ လုပ်ကြတာပဲ” 

ထိုအချိန်ကစ၍  သစ်ဝါးတို့ဖြင့်တည်ဆောက်ခဲ့သော အဆောက်အအုံများကို ယနေ့အချိန်ထိ မွမ်းမံပြင်ဆင် အသုံးပြုနေကြဆဲဖြစ်သည်။

ဒုက္ခသည်စခန်းတွင်း တစ်နေရာ။ (ဓာတ်ပုံ –  အောင်နိုင်၊ ကိုလှိုင်း)

ထိုစခန်းသို့ အသက် ၄၀ ခန့်တွင် ဦးသန်းလွင် စတင်ခြေချခဲ့ပြီး ထိုစဉ်က သားသမီး ၃ ဦးရှိခဲ့သည်။  တစ်ဦးမှာ ဒုက္ခသည်စခန်းထဲတွင် အသက်ဆုံးပါးသွားခဲ့သည်။ ယခုအခါ မြေး ၇ ဦး ရနေပြီဖြစ်သည်။

ဦးသန်းလွင်သည် ဦးဗညားဇင်ကဲ့သို့ပင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော NLD အစိုးရလက်ထက်တွင် ပြည်တော်ပြန်ရန်စီစဉ်ခဲ့သေးသည်။

“ကိုယ့်တိုင်းပြည်တော့ အေးချမ်းပြီ။ လယ်လေး၊ ခြံလေးလုပ်မယ်။ ခုတ်မယ်ထစ်မယ် လုပ်မယ်ကိုင်မယ်ဆိုတဲ့ အစီစဉ်နဲ့ ပြန်ခဲ့ဖူးတယ်ဗျ။ ပြန်ခဲ့ပြီးတော့မှ မင်းအောင်လှိုင် အာဏာသိမ်းလိုက်တော့ မြက်တစ်ပင်တောင် မနှုတ်ချင်တော့ဘူး။ ဟိုးရှေးရှေးတုန်းကကတည်းက ကြုံလာခဲ့တာလေ။ ၈၈၈၈ တုန်းကလည်း ဒီလိုပဲလေ။ အာဏာသိမ်းလိုက်ပြီးကတည်းက ဆုံးရှုံးမှုတွေကဖြစ်လာတာပဲ” ဟု သူက ပြောသည်။ 

မအေးချမ်းသည့် တိုင်းပြည်ကို စွန့်ခွာ၍ ဒုက္ခသည်အဖြစ် တိုင်းတစ်ပါးတွင် နေထိုင်နေကြသော်လည်း ဇာတိမွေးရပ်မြေကို အစဉ်သဖြင့် သတိရနေကြသည်ဟု သူက ဆိုသည်။ သတိရတိုင်း ဒုက္ခသည်များ အလွမ်းဖြေသော အလွမ်းဖြေနည်းတစ်ခုရှိသည်။

နို့ဖိုးစခန်းအနီး ကိုယ်ဝန်သည်အမျိုးသမီးတစ်ဦး ပလက်လန်အိပ်နေသော အသွင်သဏ္ဍာန်ရှိသည့် နို့ဖိုးတောင်တန်းကြီးရှိပြီး နှစ်နိုင်ငံနယ်စပ်မျဉ်းပေါ် မော်ဂဒိုတောင်တန်းကြီး ပိုင်းခြားတည်ရှိသည်။ မြန်မာပြည်နှင့် ဆွေးမျိုးအပေါင်းဖော်တို့ကို သတိရသောအခါ ထိုတောင်တန်းကြီးများကိုကြည့်၍ ဒုက္ခသည်များက မှန်းဆလွမ်းမောကြရသည်။

သို့သော် ထိုလွမ်းမောမှုများမှာ စိတ်ကူးထဲတွင်သာ ရှိနေပြီး လက်တွေ့တွင်မူ စားဝတ်နေရေး ဟူသည့် ပူပန်မှုမီးစများက ရင်ထဲတွင် တောက်လောင်နေဆဲဖြစ်သည်။

ဒုက္ခသည်များ စိတ်အပန်းဖြေရာ ဘောလုံးကွင်းကို မြင်ရပုံ (ဓာတ်ပုံ –  အောင်နိုင်၊ ကိုလှိုင်း)

ဘူးလေးရာ ဖရုံဆင့်သည့် အကူအညီဖြတ်တောက်မှု

၂၀၂၅ ဒီဇင်ဘာလ ဒုတိယပတ်အတွင်း ဒုက္ခသည်များသည် ဝတ်ကောင်းစားလှများ ဝတ်ဆင်ကာ ထိုဒုက္ခသည်စခန်းအနီး ဘောလုံးကွင်းသို့ စုရုံးရောက်ရှိနေကြသည်။ ကရင်ဒုက္ခသည် အများအပြားခိုလုံသော ထိုစခန်းတွင် ယခင်နှစ်များကဲ့သို့ ကရင်နှစ်သစ်ကူးပွဲတော်ကို ကျင်းပနေကြခြင်း ဖြစ်သည်။  

ဘောလုံးပြိုင်ပွဲ၊ ဇာတ်ပွဲ၊ လက်ဝှေ့ပွဲနှင့် အခြားသော ပျော်ပွဲရွှင်ပွဲများထည့်သွင်းကျင်းပကြသည်။  

အသံချဲ့စက်မှ ထွက်ပေါ်လာသော   သီချင်းသံများ လွှင့်ပျံနေသည့် ကွင်းပတ်လည်တွင် အကြော်စုံ၊ ဝက်သားတုတ်ထိုး၊ အကင်နှင့် အခြားသော မုန့်ပဲသားရေစာ ရောင်းချသည့်ဆိုင်များက နေရာယူထားကြသည်။ ပွဲတော်ကြောင့် ဒုက္ခသည်များ ပျော်ရွှင်လေ့ရှိကြသော်လည်း ယခုနှစ်တွင်မူ ၎င်းတို့ရင်ထဲ စိုးရိမ်သောကများ လွှမ်းမိုးထားသည်။ 

အကြောင်းရင်းမှာ ထိုနေရာနှင့် မိုင်ပေါင်း ၈,၀၀၀ ကျော်ကွာဝေးသော အမေရိကန်အစိုးရ အိမ်ဖြူတော်က ချမှတ်ခဲ့သော ဆုံးဖြတ်ချက်ကြောင့်ဖြစ်သည်။ သမ္မတ ဒေါ်နယ်ထရမ့် အာဏာပြန်ရလာပြီးနောက် ပြည်ပကို ပေးနေသည့်အကူအညီများ ရပ်ဆိုင်းလိုက်ရာ အကျိုးဆက်ကို ထိုင်းနယ်စပ်ရှိ ဒုက္ခသည်စခန်းများ အကြီးအကျယ် ခံလိုက်ရသည်။ 

အသက် ၄၉ နှစ်အရွယ် ဒေါ်သီသီဝင်း။ (ဓာတ်ပုံ – အောင်နိုင်၊ ကိုလှိုင်း/ Myanmar Now) 

ဒုက္ခသည်များထဲတွင် Standard(သာမန်) အဆင့် သတ်မှတ်ခံရသူမှာ စားနပ်ရိက္ခာအထောက်အပံ့အဖြစ်  ထိုင်းဘတ်ငွေ ၃၀၀ (ကျပ် ၂၅,၀၀၀ ခန့်)   ရရှိခဲ့သည်။  vulnerable(လိုအပ်သူ) ဆိုလျှင် ဘတ် ၃၆၀ (၂၉၀၀၀၀ ကျပ်နီးပါး)၊   Most vulnerable(အထူးလိုအပ်သူ) ဆိုလျှင်   ဘတ် ၄၀၀ ကျော် (ကျပ် ၃၂၀၀၀၀ နီးပါး) ရရှိခဲ့သည်။  ရံပုံငွေ အခက်တွေ့နေသည့် ယခုကာလတွင် ထိုငွေပမာဏထက် လျော့နည်းပြီးသာ ရနေကြသည်။

ထိုထောက်ပံ့ငွေကို ရိက္ခာကတ်ထဲထည့်ပေးထားပြီး သတ်မှတ်ဆိုင်များတွင် ကုန်ပစ္စည်း ဝယ်ယူသုံးစွဲကြရသည်။ ထိုပမာဏမှာ တစ်လစာ စားစရိတ်အတွက် ဖူလုံလောက်ငှမှုမရှိပေ။ ခြိုးခြံစွာစားသောက်လျှင်ပင် တစ်ပတ်အတွင်း ကုန်သွားနိုင်သည်ဟု ဒုက္ခသည်များက ဆိုသည်။ 
 
ဦးဗညားဇင်က  ၎င်းတို့မိသားစုထမင်းဝိုင်းအတွက် ချက်ပြုတ်ရာတွင် တစ်ရက်လျှင်  ဘတ် ၁၀၀ အနည်းဆုံးကုန်ကျကြောင်း၊ မိသားစု အများစု၏ နေ့စဉ်ထမင်းဝိုင်းမှာ ဖွယ်ဖွယ်ရာရာမရှိကြောင်း ၎င်းက ဆိုသည်။

“ဟင်းချိုရှိမယ်။ တို့စရာ၊ တစ်ခါတလေ ငပိထောင်း၊ ဒီလောက်ပဲ။ ဟင်းကောင်းတွေမမြင်ရဘူး” ဟု ၎င်းက ဆိုသည်။ 

ယခုအခါ ကုန်ဈေးနှုန်းတရိပ်ရိပ်တက်လာခြင်းကြောင့် စားရေးသောက်ရေးပိုမိုခက်ခဲလာကြသည်။ ထို့ကြောင့် အပိုဝင်ငွေမရှိသည့် ဒုက္ခသည်မိသားစုများသည် ရိက္ခာကတ်ထဲ ငွေဝင်သည်နှင့် ဆန်နှင့် ဆီကို အဓိက ဝယ်ယူရသည်။   ဟင်းအတွက် ဖြစ်သလို စီမံချက်ပြုတ်ကြသည်။ ထိုဒေသနှင့် ရင်းနှီးကျွမ်းဝင်သူများမှာ ချက်ပြုတ် စားသောက်ရန် တောတောင်ထဲသို့ထွက်၍ မျှစ်၊ ဟင်းသီးဟင်းရွက်   ရှာဖွေ ကြသည်။ 

အမေရိကန် အကူအညီ ရပ်ဆိုင်းလိုက်မှု၏ အကျိုးဆက်သည် ဒုက္ခသည်များအတွက် ဆိုကျိုးများစွာဖြစ်နိုင်ကြောင်း ထိုစခန်းတွင် ၁၉ နှစ်ကျော်ကြာခိုလုံခဲ့သည့် မွန်ပြည်နယ်၊ သထုံမြို့ဇာတိ အသက် ၄၉ နှစ်အရွယ် ဒေါ်သီသီဝင်းက ပြောသည်။

“ယောကျ်ားက နှလုံးရောဂါဖြစ်လာတယ်။ ကျွန်မက ဆီးချိုရောဂါဖြစ်လာတယ်။ ရေရှည်မှာ အညှော်တွေမိပြီး၊ ဒဏ်တွေပိပြီး ရောဂါတွေစွဲကပ်လာတာ အဖတ်တင်မယ်” ဟု ထိုနှစ်သစ်ကူးပွဲတွင် အကြော်စုံရောင်းနေသူ ဒေါ်သီသီဝင်းက Myanmar Now ကို ပြောသည်။

“မိဘတွေအဆင်မပြေတော့ မိဘတွေရဲ့အခက်အခဲကိုလည်း သူတို့ (သားသမီးတွေ) ဝိုင်းပြီး ဖြေရှင်းနေရတာလေ။ ဈေးတွေဝိုင်းရောင်းပေါ့။ ရိက္ခာတွေကလည်း မရတော့ဘူး။ အခုဆိုရင် နောက်ဆုံး ဆေးရုံကြေးတွေပါ ပိုက်ဆံက ပေးရတော့မယ်။ အရေးပေါ်ဆို ကိုယ့်ယောက်ျားဆို နှလုံးရောဂါဆိုတော့ (အထောက်ထား) လက်မှတ်လုပ်ရမယ်။ လက်မှတ်က ဘတ် ၂၅၀၀(ကျပ်ငွေ နှစ်သိန်းခန့်) လားမသိဘူး။ အရမ်းအခက်အခဲ ဖြစ်တယ်”

ဒုက္ခသည်စခန်းအတွင်းရှိ ဈေဆိုင်တစ်ဆိုင်ကို မြင်တွေ့ရပုံ (ဓာတ်ပုံ –  အောင်နိုင်၊ ကိုလှိုင်း)

ဒုက္ခသည်စခန်းများကို   အမေရိကန် တစ်ခုတည်းက နှစ်ပေါင်း ၅၀ ကျော်ကြာ စာနာမှုအကူညီများ ဒိုင်ခံပေးခဲ့ပြီး အလှူရှင်နိုင်ငံအများစုက  ယာယီအထောက်အပံ့နှင့် အရေးပေါ်အကူညီသာ ပေးလေ့ရှိခဲ့သည်။

ဦးဗညားဇင်က ဝက်သားတုတ်ထိုးရောင်းသဖြင့် ဝမ်းရေး အဆင်ပြေသေးသည်။   စခန်းအပြင်ဘက်တွင်  ဟင်းသီးဟင်းရွက်ခူးရောင်းခြင်း၊ ပြောင်းချိုး၊ ပန်းရံ စသည့်နေ့စားအလုပ် လုပ်ကိုင်ခြင်းတို့မှ ငွေကြေး အနည်းငယ်ရသူတချို့လည်းရှိသည်။ အများစုမှာ ပြင်ပဝင်ငွေ မရှိကြပေ။

မိသားစုတချို့က တတိယနိုင်ငံသို့ ပြောင်းရွှေ့အခြေချသူထံကပေးပို့မှု  ရံဖန်ရံခါ ရရှိကြသည်။ 

ကျန်းမားရေးမကောင်းဖြစ်လျှင် ဒုက္ခသည်စခန်းရှိ ဆေးရုံ၌ ကုသနိုင်ပြီး ရောဂါအလွန်ပြင်းထန်ပါက နို့ဖိုးစခန်းနှင့် အနီးဆုံးဖြစ်သော အုန်းဖန်မြို့ရှိ ဆေးရုံကို သွားရောက်ကုသခွင့်ပြုကြောင်း သိရသည်။

အမေရိကန်၏ အကူအညီရပ်ဆိုင်းခြင်းကြောင့်  စခန်းများတွင် အခက်တွေ့နေစဉ်  ထိုင်းအစိုးရက ဒုက္ခသည်များကို  တရားဝင်အလုပ်လုပ်ခွင့်ပြုကြောင်း ၂၀၂၅ နှစ်ကုန်ပိုင်းတွင် ဆုံးဖြတ်လိုက်သည်။  ဒုက္ခသည်များ ဆယ်စုနှစ်တစ်ခုကြာတောင်းဆိုရာမှ ရရှိသော အခွင့်အရေး ဖြစ်သည်။  

သို့သော် ကနဦး လုပ်ငန်းခွင်သို့ ရောက်သွားသူများမှာ သတ်မှတ်လုပ်အားခ မရ၊ အလုပ်သမားအခွင့်အရေးမရှိသော အခြေအနေကြောင့် လုပ်ငန်းခွင်သို့သွားခွင့်ရရန် စောင့်မျှော်နေသူတို့ စိတ်ပြောင်းသွာကြသည်။  နို့ဖိုးစခန်းတွင် လုပ်ငန်းခွင်သို့ ရောက်နေသူ ၁၀ ဦးပင် မပြည့်ပေ။ 

မိသားစုနှင့်ခွဲခွာရခြင်းသည်လည်း လုပ်ငန်းခွင်သို့  တစ်နှစ်စာချုပ်ဖြင့် သွားရောက်လုပ်ကိုင်ရမည့်သူအတွက် အဓိက အဟန့်အတားကြီး ဖြစ်နေကြောင်း ဦးဗညားဇင်က ထောက်ပြသည်။ 

“အိမ်ထောင်စုတစ်စုမှာ ယောကျ်ားနဲ့ မိန်းမနှစ်ယောက်သွားလုပ်မယ်ဆို မိသားစုတွေထားခဲ့ရတယ်။ ထားခဲ့ရတော့ သူတို့ မိသားစုနဲ့ မခွဲချင်တာလည်းပါမယ်၊ စိတ်မချတာလည်းပါမယ်။ မိသားစုတွေ တပေါင်းစည်းတည်း ခေါ်သွားလို့ရရင်တော့ စိတ်ဝင်စားမှုရှိကောင်းရှိနိုင်တာပေါ့” ဟု ဦးဗညားဇင်က ပြောသည်။ 

ဒုက္ခသည်တို့၏ နေအိမ်များ။ (ဓာတ်ပုံ –  အောင်နိုင်၊ ကိုလှိုင်း)

ရွှေပြည်တော် မျှော်တိုင်းဝေး

တတိယနိုင်ငံအခြေချခွင့်သည် ဒုက္ခသည် အများစု၏ အိပ်မက်ဖြစ်သည်။ အနောက်နိုင်ငံတချို့က ရံဖန်ရံခါ ဒုက္ခသည်တချို့ကို ၎င်းတို့ထံတွင် ခိုလှုံရန် ခေါ်ယူတတ်ကြရာ အမေရိကန်ပြည်ထောင်စုက အရေအတွက် အများဆုံး ခေါ်ယူခဲ့သည်။

၂၀၂၅ မတိုင်မီက နို့ဖိုးစခန်းမှ ဒုက္ခသည်များကို အမေရိကန်တွင် အခြေချနေထိုင်ရန် အဆိုပြုစာရင်းပေးခြင်း၊ စာရင်းကောက်ယူခြင်း၊ အင်တာဗျူးခြင်းတို့ အခါအားလျော်စွာ ပေါ်ပေါက်ခဲ့သည်။

သမ္မတထရမ့်တက်လာပြီးနောက် ခေါ်ယူမည့်အစီအစဉ်ကို ချက်ချင်းရပ်ဆိုင်းပစ်ခဲ့ရာ ထွက်ခွာမည့်ရက် သိပြီးသား ဒုက္ခသည်တို့၏ ခရီးစဉ်များလည်း ဖျက်လိုက်ရသည်။

ထရမ့်က သမ္မတရာထူးတွင် ၂၀၂၉ ခုနှစ် နှစ်ဆန်းပိုင်းအထိ   ဆက်ရှိနေမည် ဖြစ်ပြီး ယင်းနောက်ပိုင်း  သမ္မတဖြစ်လာမည့်သူက မူဝါဒပြောင်းလဲပါမှ ဒုက္ခသည်များ အမေရိကန်သို့ သွားရောက်ရေး မျှော်လင့်နိုင်မည် ဖြစ်သည်။ ဤအတောအတွင်း အခြားသော အနောက်နိုင်ငံများက ခွင့်ပြုလျှင် စခန်းအတွင်းခိုလှုံနေသူများထဲမှ တချို့အတွက် အခွင့်အရေး ရမည် ဖြစ်သည်။

ဦးသန်းလွင်သည် ဒုက္ခသည်ဘဝ နှစ်ပေါင်း ၃၀ ဝန်းကျင်အတွင်း တတိယနိုင်ငံတစ်ခုသို့ သွားရောက် အခြေချနိုင်မည့်  အခွင့်အရေး တစ်ကြိမ် ကြုံခဲ့ဖူးသော်လည်း ဇာတိမြေနှင့် မိတ်ဆွေအပေါင်းအသင်းများကို ခင်တွယ်၍ မသွားရောက်ခဲ့ပေ။ ယခုအခါ မြေးနှင့် သားသမီးများ၏ အနာဂတ်အတွက် ထိုအခွင့်အရေးထပ်ရလျှင် လက်လွှတ်ခံမည်မဟုတ်ဟု ဆိုသည်။

ဒုက္ခသည်စခန်းရှိ ကလေးငယ်အချို့။ (ဓာတ်ပုံ –  အောင်နိုင်၊ ကိုလှိုင်း)

အကြော်စုံရောင်းနေသူဒေါ်သီသီဝင်းက တတိယနိုင်ငံ မသွားရပါကလည်း ထိုင်းနိုင်ငံအတွင်း တရားဝင် အလုပ်လုပ်ကိုင်ခွင့်  ရရန် မျှော်လင့်သည်။

“လုပ်စားကိုင်စားပြီးတော့ အေးချမ်းစွာနေရရင် တော်ပါပြီ။ ကျန်တာ ဘာမှမလိုချင်ပါဘူးနော်။ အလုပ်လုပ်စားမယ့်နေရာလေး၊ ပြီးတော့ (ထိုင်းနိုင်ငံအတွင်း တရားဝင်နေထိုင်ခွင့်) အထောက်အထားလေး၊ လက်မှတ်လေးဘာလေးရမယ်၊ ကောင်းကောင်းမွန်မွန် နေရမယ်ဆို နေပါတယ်၊ ဒါလေးပေါ့နော် “ ဟု ဒေါ်သီသီဝင်းက  ပြောသည်။  

နို့ဖိုးဒုက္ခသည်စခန်း၌ ကျင်းပသော ကရင်နှစ်သစ်ကူးပွဲတော်သို့လာရောက်ကြသည့် ကလေးငယ်အချို့။ (ဓာတ်ပုံ –  အောင်နိုင်၊ ကိုလှိုင်း)

သို့သော် ထိုမျှော်လင့်ချက်များ ဖြစ်လာလိမ့်မည်ဟု မည်သူမျှ ကံသေကံမ အာမခံချက်ပေးနိုင်လိမ့်မည် မဟုတ်ပေ။ နေရပ်စွန့်ခွာခဲ့ရပြီး စခန်းများအတွင်း ပိတ်မိနေသည့်  ဒုက္ခသည်တို့သည် ဘဝအတွက် မျှော်လင့်ချက်မဲ့မှု၊ ရိက္ခာအတွက်စိုးရိမ်ပူပန်ရမှု၊ စိတ်အလိုမကျမှုများ ခံစားနေကြရသည်။

တစ်ဦးနှင့်တစ်ဦး လမ်းတွင်တွေ့ဆုံကြသောအခါ စကားပြောနှုတ်ဆက်လိုစိတ် မရှိတော့သည်အထိ စိတ်သောက ရောက်နေကြရသည်ဟု ဒုက္ခသည်များက ဆိုသည်။

ထိုအကြောင်းတရားများ၏ တရားခံမှာ အာဏာရှင်စနစ်ကို လက်ဆင့်ကမ်း မွေးမြူသယ်ဆောင်ခဲ့သော စစ်အာဏာရှင်များကြောင့်ဟု အိမ်ပြန်လိုသည့် ဦးဗညားဇင်က ဆိုသည်။     

“တကယ်တမ်းပြောရင် (လူက)ဒီမှာနေတာ၊ ဝိညာဥ်မပါလာဘူးလေ၊ စိတ်ဝိညာဉ်က မြန်မာပြည်မှာ ကျန်ခဲ့တယ်၊ အားလုံးလုံလုံခြုံခြုံနေရတဲ့ အချိန်ကာလကိုတော့ မျှော်လင့်နေတယ်ပေါ့။ အချိန်ကျရင်တော့ ကိုယ်လည်း ကိုယ်ဝိညာဥ်ရှိတဲ့ ကိုယ်နိုင်ငံကို အမြန်ဆုံးပြန်မှာပါ” ဟု ဦးဗညားဇင်က ပြောသည်။    

နို့ဖိုးစခန်း၏ အနောက်ဘက်တွင် မြန်မာပြည်ဘက်ခြမ်းကို မှန်းဆကြည့်နိုင်သည့် တောင်တန်းကြီးများက မှိုင်းညို့နေဆဲဖြစ်သည်။ ဒုက္ခသည်တို့၏ ခန္ဓာကိုယ်များသည် ထိုင်းနိုင်ငံ၏ မြေပေါ်တွင် ခိုလှုံနေကြရသော်လည်း သူတို့၏ မျှော်လင့်ချက်နှင့် စိတ်ဝိညာဉ်များကမူ နယ်စပ်မျဉ်းကို ကျော်ဖြတ်ကာ တစ်ဘက်ခြမ်းရှိ နေရပ်ဇာတိ မွေးရပ်မြေဆီသို့ အရောက်လှမ်းနေကြဆဲပင်။








Related Articles

Back to top button