ရှမ်းပြည် မြောက်ပိုင်းအတွင်း ယနေ့ ပြုလုပ်ခဲ့သည့် စစ်တပ်၏ ရွေးကောက်ပွဲ အပိုင်း (၃) တွင် စစ်တပ် ထိန်းချုပ်သည့် “ဝ” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းရုံးစိုက်ရာ မြို့နယ်တစ်ခုနှင့် ကိုးကန့်တပ် (MNDAA) ထိန်းချုပ်သည့် သီပေါနယ်မှ ကျေးရွာ အုပ်စု နှစ်ခုလည်း ပါဝင်နေကြောင်း သိရသည်။
ယနေ့ (ဇန်နဝါရီလ ၂၅ ရက်နေ့) တွင် ပြုလုပ်သော ရွေးကောက်ပွဲ အပိုင်း (၃) ၌ ရှမ်းပြည်နယ်အတွင်း မက်မန်း၊ ပင်လောင်း၊ ညောင်ရွှေ၊ ဖယ်ခုံ၊ မိုးနဲ၊ ကျေးသီး၊ မိုင်းရှူး၊ သီပေါ၊ ကျောက်မဲ စသော မြို့နယ် ကိုးခုတွင် ရွေးကောက်ပွဲ အပိုင်း (၃) ကျင်းပရန် စစ်ကော်မရှင်က ကြေညာထားသည်။
ထိုအထဲမှ ရှမ်းမြောက်တွင် စစ်တပ်ပြန်ထိန်းချုပ်ခွင့် ရခဲ့သော ကျောက်မဲမြို့နယ်နှင့် သီပေါမြို့နယ်တို့ အပြင် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းရုံးစိုက်ရာ မက်မန်းမြို့နယ်တို့၌ ရွေးကောက်ပွဲ အပိုင်း (၃) ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။
ကိုးကန့်တပ်ဖွဲ့ ထိန်းချုပ်သည့် သီပေါမြို့နယ်အတွင်း နောင်အန်ကျေးရွာအုပ်စုနှင့် အနီးရှိ ကျေးရွာအုပ်စု တစ်ခုတို့တွင် မဲရုံများ ဖွင့်လှစ်ခွင့်ရခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။
“သီပေါ ၊ နောင်အန်ရွာက ကိုးကန့် ထိန်းထားတဲ့အထဲ ပါတယ်။ အခု အဲဒီရွာ တွေမှာ မဲရုံတွေ ဖွင့်ထားပါတယ်။ ရွာသားတွေ အဲဒီမှာပဲ မဲပေးရတယ်” ဟု သီပေါမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။
“ ၁၀၂၇ စစ်ဆင်ရေး” အတွင်း လားရှိုးမြို့မှ မိုင် ၄၀ ကျော်အကွာ သီပေါတံတားထိပ်အထိ MNDAA က ထိန်းချုပ်ထားသည်။
ယမန်နှစ် ဒီဇင်ဘာလကုန်တွင် စစ်ကော်မရှင်ကိုယ်စားလှယ်အဖွဲ့နှင့် MNDAA တပ်တို့ လားရှိုးမြို့ ဆင်နှစ်ကောင်ဟိုတယ်တွင် တွေ့ဆုံခဲ့ပြီးနောက် MNDAA က သီပေါတံတားနှင့် လားရှိုးမြို့အထွက် မယ်ဟန်ရွာရှိ ၎င်းတို့၏စစ်ဆေးရေးဂိတ်များကို ဖယ်ရှားပေးခဲ့သည်။
လားရှိုး- သီပေါလမ်းပိုင်းရှိ စစ်ဆေးရေးဂိတ်များကိုသာ MNDAA ဖယ်ရှားပေးခဲ့ခြင်းဖြစ်ပြီး အဆိုပါ လမ်းပိုင်းရှိ ကျေးရွာများတွင် ဆက်လက် တပ်စွဲထားသည်။
ပြီးခဲ့သည့် စစ်တပ်၏ ရွေးကောက်ပွဲ အပိုင်း (၁) နှင့် အပိုင်း (၂) တွင်မူ လားရှိုးနှင့် မိုင်းရယ် စသော မြို့နယ်များအတွင်း MNDAA ထိန်းချုပ်သည့် ကျေးရွာအုပ်စု ကိုးခုထက်မနည်း၌ နိုင်ငံရေးပါတီများ မဲဆွယ်စည်းရုံးခွင့် ရခဲ့သော်လည်း မဲပုံးထောင်ခွင့် မရခဲ့သဖြင့် အဆိုပါ ကျေးရွာများ၏ မဲရုံများကို လားရှိုးနှင့် မိုင်းရယ်မြို့တို့သို့ ရွှေ့ပြောင်းခဲ့ရသည်။
သီပေါမြို့နယ်အတွင်း ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) မှ ဝင်ရောက် ယှဉ်ပြိုင်သည့် လွှတ်တော်အမတ်က နောင်အန်ရွာရှိ ဒေသခံများ မဲပေးခွင့်ရရန် ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ရပြီး ကူညီပေးခဲ့သည့် နှစ်ဖက်အဖွဲ့အစည်းများကို ကျေးဇူးတင်ကြောင်း ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် ဇန်နဝါရီလ ၂၂ ရက်နေ့က ရေးသားထားသည်။
သီပေါနှင့် ကျောက်မဲမြို့များတွင် ပြည်နယ်နှင့် ပြည်သူ့လွှတ်တော်နေရာများ၌ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) နှင့် ကျားဖြူပါတီဟု လူသိများသည့် ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက် တစ်ပါတီ (SNDP) တို့က အဓိက ယှဉ်ပြိုင်ကြခြင်းဖြစ်သည်။

ကျေးရွာအုပ်စုများသော သီပေါမြို့နယ်တွင် ယနေ့ ညဦးပိုင်းအထိ မဲရလဒ် မသိရသေးဘဲ ကျောက်မဲမြို့နယ် ပြည်နယ်လွှတ်တော် (FPTP) နေရာအတွက် ကြံ့ခိုင်ရေး ပါတီက ပြိုင်ဘက်မရှိခဲ့သဖြင့် ကြိုတင် အနိုင်ရထားသည်။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စာရင်းများအရ ကျောက်မဲမြို့ပေါ် ရပ်ကွက် ကိုးခုနှင့် ကျေးရွာအုပ်စု ၇၀ တွင် လူဦးရေ တစ်သိန်းနှစ်သောင်းဝန်းကျင် နေထိုင်လျက်ရှိသည်။ စစ်တပ်အနေဖြင့် ကျောက်မဲမြို့ပေါ် ရပ်ကွက် ကိုးခုနှင့် ကျေးရွာအုပ်စု ငါးခု တွင်သာ ရွေးကောက်ပွဲ ကျင်းပနိုင်မည်ဟု နိုင်ငံရေးပါတီများထံက သိရသည်။
ရှမ်းတိုင်းရင်းသား အများဆုံးနေထိုင်သည့် သီပေါမြို့တွင် မြို့ပေါ်ရပ်ကွက် ၁၁ ခုနှင့် ကျေးရွာအုပ်စု ၆၇ ခု၌ လူဦးရေ နှစ်သိန်းဝန်းကျင် နေထိုင်သည်။ သီပေါမြို့တွင် မြို့ပေါ်ရပ်ကွက် ၁၁ ခုနှင့် ကျေးရွာအုပ်စု ၁၇ ခုတွင် ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ကြောင်း စစ်ကော်မရှင် လက်အောက်ခံ ရွေးကောက်ပွဲ ကော်မရှင်က ကြေညာထားသည်။
ရွေးကောက်ပွဲ အပိုင်း (၁) တွင် MNDAA ထံမှ ပြန်လည်လွှဲပြောင်းရယူခဲ့သည့် လားရှိုးမြို့ပေါ် ရပ်ကွက်များနှင့် တရုတ်နယ်စပ် မူဆယ်မြို့၊ TNLA ထံက ပြန်လည်သိမ်းယူခဲ့သည့် နောင်ချိုမြို့တို့တွင် ရွေးကောက်ပွဲကျင်းပခဲ့ရာ စစ်တပ် ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အနိုင်ရခဲ့သည်။
ရွေးကောက်ပွဲ အပိုင်း (၂) တွင် ရှမ်းမြောက်ဒေသအတွင်း ရှမ်းတိုင်းရင်း သားများ အများဆုံးနေထိုင်သည့် မိုင်းရယ်နှင့် တန့်ယန်းမြို့တို့တွင် ရွေး ကောက်ပွဲ ကျင်းပခဲ့ရာပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီကသာ အနိုင်ရထားသည်။
ခရိုင်မြို့ဖြစ်သည့် ကျောက်မဲမြို့အောက်တွင် ကျောက်မဲ၊ နောင်ချို၊ သီပေါ၊ မိုင်းလုံ၊ မိုင်းငေါ့နှင့် နမ္မတူမြို့တို့ ပါဝင်သော်လည်း အဆိုပါမြို့များအနက် နမ္မတူ၊ မိုင်းလုံနှင့် မိုင်းငေါ့မြို့များမှာ TNLA ၏ အုပ်ချုပ်မှုအောက်တွင် ရှိနေသဖြင့် ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိပေ။
“၁၀၂၇ စစ်ဆင်ရေး” အတွင်း စစ်တပ်လက်အောက်ခံ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းမှ ဟိုပန်နှင့် ပန်လုံ မြို့များကို MNDAA က သိမ်းပိုက်ခဲ့ပြီး UWSA “ဝ” တပ်ဖွဲ့ထံ လွှဲပြောင်းပေးခဲ့သည်။“ဝ” တပ်ဖွဲ့က အဆိုပါ မြို့နှစ်မြို့ကို နမ့်တစ်မြို့နှင့် ပေါင်းစည်းကာ ဟိုပန်ခရိုင်အဖြစ် ဖွဲ့စည်းခဲ့သည်။
ထို့ကြောင့် စစ်တပ်လက်အောက်ခံ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအတွင်း မက်မန်းမြို့တစ်ခုသာ စစ်တပ် အုပ်ချုပ်မှုအောက်တွင် ကျန်ရှိနေပြီး စစ်ကော်မရှင်က မက်မန်းမြို့ကို “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း၏ မြို့အဖြစ် သတ်မှတ်ခဲ့သည်။
လက်ရှိ ရွေးကောက်ပွဲ အပိုင်း (၃) ကျင်းပသည့် မက်မန်းမြို့နယ်တွင် မြို့ပေါ် ရပ်ကွက် နှစ်ခုနှင့် ကျေးရွာ ၉၇ ရွာ၌ မဲရုံပေါင်း ၃၃ ရှိမည်ဖြစ်ပြီး မဲပေးနိုင်သူ ၈,၅၂၀ ဦး ရှိကြောင်း စစ်ကော်မရှင်ဘက်မှ ထုတ်ပြန် ထားသည်။
မက်မန်းမြို့နယ်တွင် “ဝ” အမျိုးသားပါတီနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ နှစ်ပါတီသာ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ပြည်သူ့လွှတ်တော်နေရာတွင် ကြံ့ခိုင်ရေးပါတီက ပြိုင်ဘက်မရှိသဖြင့် အနိုင်ရထားသည်။



