အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ပေါက်မြို့နယ် စစ်ရှောင်တစ်ထောင်ကျော် အရေပြားရောဂါဖြစ်ပွား

ပေါက်မြို့နယ်တွင် မွေးကင်းစကလေးအပါအဝင် စစ်ဘေးရှောင် တစ်ထောင်ကျော် အရေပြားရောဂါ ခံစားနေရပြီး ဆေးဝါးအကူညီများ လိုအပ်နေကြောင်း စစ်ရှောင်အရေး ကူညီနေသူများထံက သိရသည်။

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်တွင် စစ်ဘေးတိမ်းရှောင်နေကြရသည့် မွေးကင်းစကလေးများ အပါအဝင် ဒေသခံတစ်ထောင်ခန့် အရေပြားရောဂါများ ခံစားနေကြရပြီး ဆေးဝါးအကူအညီများ လိုအပ်နေ ကြောင်း  သိရသည်။ 

တောတောင်များအတွင်း ကာလရှည် စစ်ရှောင်နေကြရသည့် ပေါက်ဒေသခံများသည်  ရေမသန့်ရှင်းမှုကြောင့် ဖြစ်ပွားသော ပွေး ၊ ဝဲ၊ နှင်းခူ ကဲ့သို့ အရေပြားရောဂါများ ခံစားနေကြရသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ပေါက်မြို့နယ် လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“မိုးပြတ်ခါစဆိုတော့ တောင်ကျရေတွေ၊ အိုင်၊ စိမ့်စမ်းထွက်တာတွေကို အသုံးပြုကြတာပေါ့နော်။ အဲဒီရဲ့ ဆိုးကျိုးလို့ပဲ ပြောရမှာပေါ့နော်။ အဲဒီရေကို အသုံးပြုပြီး ကြာတော့ ဒီမှာပဲ သုံးလိုက်၊ ချိုးလိုက်၊ သောက် လိုက်နဲ့၊ ရေရှည်မှာတော့ အခုလိုအရေပြားရောဂါ ဖြစ်လာတာပေါ့နော်” ဟု ပေါက် လူသားစာနာ တာဝန်ရှိသူ အမျိုးသားက ဆိုသည်။

“ပွေး၊ ဝဲ၊ နှင်းခူလို ပုံစံမျိုးတွေ ခံစားနေကြရတာ။ ကလေးတွေဆို ယားလွန်းလို့ ကုတ်ရင်းနဲ့ အနာစိမ်းလို ပုံစံမျိုးတောင်ဖြစ်နေကြတယ်”

အရေပြားရောဂါ စတင်ဖြစ်ပွားချိန်တွင် ဆေးဝါးအခက်အခဲများကြောင့် ရသည့်နည်းလမ်းဖြင့် ကြိတ်မှိတ် ကုသရာမှ ပွားလာပြီး အရေပြားရောဂါများ ပိုမိုဆိုးရွားလာသည့်ဒဏ် ခံစားနေရသည်ဟု ၎င်းက ရှင်းပြသည်။

အရေပြားရောဂါများ ကုသရန်အတွက် လက်ရှိတွင် ဆေးဝါးနှင့် သောက်သုံးရေ လိုအပ်ချက်များရှိနေပြီး  တောင်ကျရေများ ပိုက်လိုင်းများ သွယ်တန်း၍ စစ်ဘေးရှောင်နေထိုင်သည့် နေရာသို့ အနီးစပ်ဆုံးရောက်ရန် လုပ်ဆောင်မည် ဖြစ်သော်လည်း ငွေကြေးအခက်ခဲများ ရှိနေသေးကြောင်း အထက်ပါတာဝန်ရှိသူက ဆိုသည်။

ပေါက်မြို့နယ်တွင် နှစ်နှင့်ချီ၍ ကာလရှည်စစ်ရှောင်နေရသော ကျေးရွာ ၅၂ ရွာမှ လူဦးရေ ၂၄၀၀၀ ကျော် အထိရှိပြီး အမှတ် (၂၄) ကာကွယ်ရေး လက်နက်ပစ္စည်းစက်ရုံ (ကပစ ၂၄ )အနောက်တောင်ဘက်မှ  မျှားပိုင်းနှင့်  ခင်အေး စသော ရွာများမှ ဒေသခံများသည် ၂၀၂၃ ခုနှစ်ကတည်းက စစ်ရှောင်ခဲ့ကြရသည်။

အလားတူ ကျေးရွာကိုးရွာခန့်သည်လည်း ၂၀၂၅ ခုနှစ်မှစ၍ စစ်တပ်စစ်ကြောင်းထိုးမှုကြောင့် တောတောင်ထဲသို့ ကာလရှည် စစ်ဘေးရှောင်နေကြရသည်ဟု မြို့နယ်လူသားချင်းစာနာထောက်ထားရေး နှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဌာနစာရင်းများအရ သိရသည်။

ယခုလ ဇန်နဝါရီလအတွင်း စစ်တပ်က ပေါက်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေ၍ ယာယီစစ်ရှောင်သော ကျေးရွာ ၃၀ ကျော်မှ လူဦးရေ တစ်သောင်းကျော် ရှိကြောင်းလည်း သိရသည်။

ပေါက်မြို့နယ်အတွင်း အရေပြားရောဂါ ခံစားနေရသူ တစ်ထောင်ကျော်ရှိနေသည့်စာရင်းသည်  ကနဦး ကောက်ယူထားခြင်းသာဖြစ်ပြီး ဒေသတွင်း အခြားစစ်ရှောင်နေသူများလည်း ရှိနေ၍ အရေးပြားရောဂါ ခံစားနေရသူ တစ်သောင်းအထိရှိနိုင်ကြောင်း ပေါက်လူသားစာနာက ခန့်မှန်းထားသည်။ 

၂၀၂၃ ခုနှစ်က အိမ်ထောင်စု ၂၀၀ ကျော်အတွက် တောင်ကျရေမှတဆင့် ပိုက်လိုင်းသွယ်တန်းပေးခဲ့ပြီး ကျပ်သိန်း ၄၀ ကုန်ကျမှုရှိခဲ့သည်ဟု  ပေါက်လူသားစာနာဌာနက ပြောသည်။

“ရေတွင်းတူးမယ်ဆို အကုန်အကျများတယ်။ နောက်ဆက်တွဲ၊ အင်ဂျင်စက်တို့၊ ဆီတို့ ကုန်ကျစရိတ် ရှိလာ နိုင်တယ်။ စစ်ရှောင်လို့ ပြန်သွားပြီဆိုလည်း ဒါတွေက ထားခဲ့ရမယ့်အချိန်မှာ တောတောင်ထဲမှာ ယာမြေ စိုက်ခင်းနဲ့လည်းမနီးဘူး။ ရေတွင်းက လူမနေလို့ ပြန်ပြီး ယူမယ်ဆိုလည်း မရတော့ဘူးပေါ့၊ ပိုက်လိုင်းတွေကတော့ မနေဘူးဆိုတော့လည်း ပြန်ယူလို့ရတော့ အဆင်ပြေတယ်” ဟု တာဝန်ရှိသူက ဆိုသည်။

မကွေးတိုင်းသာမက ရေရှားပါးသော ဒေသများမှ စစ်ရှောင်များတွင် အရေပြားရောဂါများ ဖြစ်ပေါ်လေ့ရှိကြပြီး နေရပ်စွန့်ထွက်ပြေးလာကြသူက အများစုဖြစ်သည့်အတွက် ငွေကြေးချို့တဲ့ကာ  ဆေးဝါးကုသနိုင်ရန် အခက်အခဲရှိသည်။

၂၀၂၃ ခုနှစ် မေလက ကရင်နီစစ်ရှောင်စခန်းတစ်ခုတွင် လူတစ်ဦးလျှင် ငါးဂါလန် ရေပုံးနှစ်ပုံးသာ သယ်ယူခွင့် ပြုထားစဉ်။  (ဓာတ်ပုံ-ခွန်လှဉာဏ်)

တောတောင်များအတွင်း နေထိုင်ကြရခြင်းဖြစ်ရာ ရေရှားသည့် အကျိုးဆက်အနေဖြင့် စစ်ဘေးရှောင်များသည် တစ်ကိုယ်ရည်သန့်ရှင်းမှု ချို့တဲ့ကြပြီး နောက်ဆက်တွဲအနေဖြင့် ယားနာနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါများ ဖြစ်ပွားလေ့ရှိသည်။

အလားတူ ယခုရက်များအတွင်း ကရင်နီပြည်၊ ဆိုမိုဖေစိုးလေးမြို့နယ် ကျေးရွာများတွင်  ၁၅ နှစ်အောက် ကလေးငယ်များ အရေပြားရောဂါ ကူးစက်ပြန့်ပွားနေပြီး ကုသရန် ဆေးဝါးမလုံလောက်ကြောင်း  ကူညီ ဆေးကု‌ပေးနေသူများကပြောကြောင်း ဒေသအခြေစိုက် ကန္တရဝတီတိုင်းမ်သတင်းတွင် ဇန်နဝါရီလ ၂၇ ရက်က ဖော်ပြထားသည်။

ကရင်နီတစ်ပြည်လုံးအတိုင်းအတာဖြင့် စစ်ရှောင်များတွင် အရေပြားယားနာခြင်း၊ ယားနာမှ ဖြစ်ပွားသော အနာတွင် ပြည်တည်ခြင်း စသော အရေပြားရောဂါဒဏ်ကို ရာသီမရွေး ခံစားနေရကြောင်း ထိုသတင်းက ဆိုသည်။ 

ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလကလည်း ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် စစ်ဘေးရှောင်နှင့် ဒေသခံ  ၄၀၀၀ ခန့် သည် အရေပြားယားနာဝေဒနာ ခံစားနေရပြီး ဆေးဝါးအကူအညီများအရေးပေါ်လိုအပ်ခဲ့သည်။ 

ထိုသို့အရေပြားရောဂါဖြစ်ပွားရခြင်းသည် စစ်ဘေးရှောင်များအနေဖြင့် လူဦးရေထူထပ်စွာနေရပြီး ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝမရ၍ ဖြစ်ကြောင်း ဂွမြို့နယ် စစ်ဘေးရှောင် ကူညီရေးပူးပေါင်းအဖွဲ့က ပြောထားသည်။ 

ပေါက်မြို့နယ်အတွင်း ဇန်နဝါရီလ ၁၂ ရက်နေ့မှစတင်၍ စစ်တပ်မှ အင်အား ၃၀၀ ဖြင့် စစ်ကြောင်းထိုးနေပြီး ပျူစောထီးရွာများသို့ ရိက္ခာပို့ဆောင်နေ၍ ဒေသခံ ထောင်ချီသည် တောတောင်ထဲနှင့် နီးစပ်ရာ ကျေးရွာများဆီ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း  ပေါက်မြို့နယ် ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။

“ကပစ ၂၄ ကနေ လက်နက်ကြီးနဲ့ တောင်ဘက်ကို ပစ်နေတာ၊ သူတို့ စစ်ကြောင်းမလာရင် အဲဒီဘက်တွေကို ကြိုပစ်တာ၊ ဒေသခံတွေလည်း ထွက်ပြေးနေကြရတာ”ဟု ၎င်းက ဆက်ပြောသည်။

ပေါက်မြို့နယ်တွင် မြို့ပေါ်ရပ်ကွက်လေးခုရှိပြီး ကျေးရွာ အုပ်စု ၇၁အုပ်စုရှိကာ ကျေးရွာပေါင်း ၂၃၅ ရွာ ရှိကြောင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စာရင်းများအရ သိရသည်။ ၂၀၂၃ ခုနှစ် မတ်လကုန်ထိ ပေါက်မြို့နယ်တွင် နေထိုင်သည့် လူဦးရေ နှစ်သိန်းကျော်ရှိသည်။

ပေါက်မြို့နယ်သည် တော်လှန်ရေးတပ်ဖွဲ့ဝင်များ အားကောင်းသည့်ဒေသဖြစ်ပြီး ချင်းဒေသ နှင့် ချိတ်ဆက်နေရာ ယခင်ကတည်းကပင် စစ်တပ်က လေကြောင်းဗုံးဖြင့် မကြာခဏ တိုက်ခိုက်လေ့ ရှိသည်။   

Related Articles

Back to top button