အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရွှေပြည်သာ အထည်ချုပ်စက်ရုံ လုပ်သား ၇၀၀ ကျော်လုပ်ခတိုးပေးရန် တောင်းဆို 

ဥရောပ သမဂ္ဂအဖွဲ့ဝင် ပိုလန်နိုင်ငံအခြေစိုက် အကြီးဆုံးဖက်ရှင်ကုမ္ပဏီ LLP ကုမ္ပဏီ၏ Sinsay အမှတ်တံဆိပ် အဝတ်အထည်များ ချုပ်လုပ်ပေးနေသည့် ရန်ကုန်မြို့ရှိ စန်းရန်စက်ရုံသည် တန်ရာတန်ကြေးမပေးဘဲ အလုပ်သမားများ၏ လုပ်အားကို ညှစ်ထုတ်ခိုင်းစေနေသည်ဟု အလုပ်သမားတို့က ဆိုသည်။

ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ် ဝါးတစ်ရာစက်မှုဇုန်၊ သိမ်ကျောင်းလမ်းပေါ်ရှိ စန်းရန်(Sanyan Outdoor) အထည်ချုပ်စက်ရုံမှ လုပ်သား ၇၀၀ ခန့်က လုပ်ခလစာများတိုးမြှင့်ပေးရန် ယနေ့နံနက်တွင် (ဖေဖော်ဝါရီလ ၂၃) စုဝေးတောင်ဆိုနေကြောင်း သိရသည်။ 

ထိုအထည်ချုပ်စက်ရုံသည် ဥရောပသမဂ္ဂ(အီးယူ) အဖွဲ့ဝင် ပိုလန်နိုင်ငံအခြေစိုက် အကြီးဆုံး ဖက်ရှင်ကုမ္ပဏီ LLP ကုမ္ပဏီ၏ Sinsay အမှတ်တံဆိပ် အဝတ်အထည်များချုပ်လုပ်ပေးနေသည့် စက်ရုံဖြစ်သည်။

တန်ရာတန်ကြေး မပေးဘဲ အလုပ်သမားများ၏ လုပ်အားကို ညှစ်ထုတ်ခိုင်းစေနေခြင်းကြောင့် ထိုက်သင့်သည့်လုပ်ခလစာများရရန် တောင်းဆိုရကြောင်း ထိုစက်ရုံမှ အလုပ်သမားများက ပြောသည်။ 

အလုပ်သမားများသည် စက်ရုံဝင်းအတွင်းထိုင်၍ နေ့စဉ်ကြေး၊ ရက်မှန်ကြေး၊ အချိန်ပိုလုပ်ခ၊ အထည်ကြေး၊ ဂရိတ်ကြေး လုပ်ခလစာနှုန်းထားများကို တိုးမြင့်ပေးရန် တောင်ဆိုခြင်းဖြစ်သည်ဟု လွန်ခဲ့သည့်တစ်နှစ် ထိုစက်ရုံစတင်ဖွင့်လှစ်ချိန်မှစ၍ အလုပ်လုပ်ကိုင်ခဲ့သည့် အမည်မဖော်လိုသူ စက်ရုံအလုပ်သမား အမျိုးသားတစ်ဦးက ပြောသည်။ 

နေ့စဉ်ကြေး တစ်ရက်ကို ၁၂,၅၀၀ ကျပ်(အမေရိကန်ဒေါ်လာ သုံးဒေါ်လာခန့်)၊ ရက်မှန်ကြေး တစ်လကို ၆၀,၀၀၀ ကျပ်၊ အချိန်ပိုကြေး ၂,၅၀၀ ကျပ်၊ ဂရိတ်ကြေးဟုခေါ်သည့် ထုတ်လုပ်မူ ကျွမ်းကျင်ကြေးကို အနိမ့်ဆုံး ၇၀,၀၀၀ မှ အမြင့်ဆုံး ၁၈၀,၀၀၀ ကျပ်ထိနှင့် သတ်မှတ်ချက်ပြည့်မီအောင်ချုပ်လုပ်ရသည့် အထည်ကြေးလည်းပေးရန် တောင်းဆိုထားသည်ဟု ၎င်းက ဆိုသည်။ 

“တက်ညီလက်ညီနဲ့ တောင်းဆိုခဲ့တာပါ။ အလုပ်ရှင်ဘက်က တစ်ပြားမှမပေးနိုင်ဘူးလို့တော့ ပြောတယ်။ ဘာမှမလုပ်နိုင်ရင်ထွက်ပေါ့။ တိုးတဲ့စက်ရုံတွေမှာ သွားလုပ်ပေါ့။ သူတို့စက်ရုံမှာ မတိုးတာဖြစ်တယ်။  ရိုင်းရိုင်း ပြောရမယ်ဆိုရင် ကြိုက်ရင်လုပ် မကြိုက်ရင်မလုပ်နဲ့။ အဲ့ဒီလိုပုံစံမျိုးနဲ့ ပြောတယ်” ဟု ၎င်းက ဆိုသည်။

“ကျွန်တော်တို့က ဆူဆူပူပူနဲ့တောင်းဆိုတာမဟုတ်ဘူး။ ငြိမ်သက်စွာနဲ့တောင်းဆိုတာပါ” ဟုလည်း ပြောသည်။

လက်ရှိတွင် ထိုစက်ရုံအတွင်း အလုပ်သမား ၇၀၀ ဝန်းကျင်သည် စက်ရုံအတွင်း ဆက်လက်စုဝေး၍ တောင်းဆိုနေပြီး  သုံးရက်အတွင်း တောင်းဆိုမှုများမရပ်ပါက အလုပ်မှရပ်စဲမည်ဟု စက်ရုံဘက်က ပြောဆိုကြောင်း သိရသည်။ 

အလုပ်သမားများ၏ တောင်းဆိုမှုများစပြီး နာရီဝက်အကြာတွင် စက်ရုံဝင်းတံခါးကို ပိတ်၍ ရေဖြတ်တောက် လိုက်ပြီး အလုပ်သမားများ သွားရောက်ပြောဆိုမှ ရေပိုက်လိုင်းများအား ရေပြန်လွှတ်ပေးသည်။ လက်ရှိအချိန်ထိ ဆက်လက်တောင်းဆိုနေဆဲဖြစ်ကြောင်း သိရသည်။ 

ကုန်ဈေးနှုန်းနှင့် နေထိုင်စရိတ်များမြင့်တက်လာချိန် စက်ရုံက ပေးသည့် လုပ်ခလစာနှုန်းထားဖြင့် မလောက်ငှတော့ခြင်းကြောင့် ယခုကဲ့သို့ တောင်းဆိုခြင်းဖြစ်သည်ဟု အလုပ်သမားများက ဆိုသည်။ 

ပုံမှန်အားဖြင့် အလုပ်သမားတစ်ယောက်သည် တစ်ရက်လျှင် ချုပ်လုပ်ရမည့် အထည်အရေအတွက်ကို ၃၅၀ ဝန်းကျင်သာ သတ်မှတ်ထားသည်။ သို့သော် စန်းရန်စက်ရုံသည် အင်္ကျီ အထည် ၅၀၀၊ ဘောင်းဘီ အထည် ၇၀၀ အထိ ချုပ်လုပ်ရန်သတ်မှတ်ထားကြောင်း နောက်ထပ်အမည်မဖော်လိုသည့် အထည်ချုပ်လုပ်သား အမျိုးသမီးတစ်ဦးက ပြောသည်။ 

“လုပ်အားကိုညှစ်ထုတ်ပြီး တန်ရာတန်ကြေးကတော့ မရဘူး။ အဲ့ဒါကြောင့်မို့လို့ တောင်းဆိုရတာပါ။ စက်ရုံကတော့ သုံးရက်အချိန်ပေးမယ်။ သုံးရက်ပြည့်လိုမှ လုပ်ငန်းခွင်ထဲ ပြန်မဆင်းဘူးဆိုလို့ရှိရင် Auto Resign (အလိုလျောက်အလုပ်ထွက်ခြင်း) နဲ့ ဖြုတ်ပစ်မယ်လို့ပြောတယ်” ဟု ၎င်းက ဆိုသည်။ 

အလုပ်သမားဆန္ဒပြမှုများနှင့်ပတ်သက်၍ စန်းရန်စက်ရုံတာဝန်ရှိသူများကို ဆက်သွယ်မေးမြန်းနိုင်ရန် ကြိုးစားနေဆဲဖြစ်သည်။ 

စစ်တပ်အာဏာသိမ်းမှုကြောင့် အထွေထွေကုန်ဈေးနှုန်းမြင့်တက်လာရာ အလုပ်သမားများ၏ လုပ်ခလစာနှင့် မလုံလောက်တော့ခြင်းကြောင့် လုပ်ငန်းခွင်အငြင်းပွားမှုများကို ဖြစ်စေခြင်း၊ အလုပ်ပြောင်းရွှေ့မှုများ မြင့်တက်ခြင်း နှင့် ကျွမ်းကျင်လုပ်သားများ ဆုံးရှုံးခြင်းများ ဖြစ်ပေါ်ပြီး ကုန်ထုတ်လုပ်နိုင်မှုများ လျော့ကျခဲ့ကြောင်း ထောက်ပြမှုများရှိနေသည်။

သို့ရာတွင် အဏာသိမ်းစစ်ကော်မရှင်လက်ထက်တွင်  အလုပ်သမားအဖွဲ့အစည်းများဖိနှိပ်ခံနေရပြီး အဓမ္မခိုင်းစေမှု၊ လုပ်အားခ ခေါင်းပုံဖြတ်မှု၊ ဥပဒေပါခံစားခွင့်များ ဆုံးရှုံးမှုရှိလာသလို လွတ်လပ်စွာ ထုတ်ဖော်ခွင့်၊ ဖွဲ့စည်းလှုပ်ရှားခွင့်မရှိကြောင်း အလုပ်သမားအခွင့်ရေးလှုပ်ရှားသူများက အစဉ်တစိုက် ဝေဖန်ထောက်ပြခဲ့ကြသည်။

မြန်မာနိုင်ငံသည် အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ်(ILO)၏ အခြေခံပြဋ္ဌာန်းချက် ၁၀ ချက်အနက် လေး ချက်ကို သဘောတူ လက်မှတ်ရေးထိုးထားသည်။ ပြဋ္ဌာန်းချက် အမှတ် ၈၇ ပါ လွတ်လပ်စွာအသင်းဖွဲ့စည်းခွင့်၊ ပြဋ္ဌာန်းချက်အမှတ် ၂၉ အဓမ္မခိုင်းစေမှုပပျောက်ရေးတို့ကို ဆိုးရွားစွာချိုးဖောက်နေခြင်းကြောင့် ဇွန်လ ၅ ရက်တွင် ILO က ၎င်းတို့၏ ဖွဲ့စည်းပုံဥပဒေ ပုဒ်မ ၃၃ အရ  အရေးယူရန် ဆုံးဖြတ်ခဲ့သည်။

Related Articles

Back to top button