အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ထောက်လှမ်းရေးအရာရှိများ ပါဝင်သည့် ကုမ္ပဏီ စစ်တပ်ကိုပစ္စည်းသွင်းနေ 

Delta-X Solutions ကို မြန်မာ စစ်ထောက်လှမ်းရေး (MI) အကြီးအကဲဟောင်းများက တည်ထောင်ခဲ့ကာ အဆိုပါ ကုမ္ပဏီသည် မြန်မာစစ်ကော်မရှင်အတွက် စစ်လက်နက် ပစ္စည်းများ ဝယ်ယူဖြည့်တင်းပေးရာတွင် ချိတ်ဆက်ဆောင်ရွက်ပေးနေသည့် အဖွဲ့အစည်းလည်းဖြစ်သည်။

မြန်မာနိုင်ငံ၏ စစ်ထောက်လှမ်းရေး (MI) အရာရှိဟောင်းများသည် နိုင်ငံရေးအပြောင်းအလဲ ကာလအတွင်း  ပုဂ္ဂလိကလုပ်ငန်းရှင်များအဖြစ် အသွင်ပြောင်းကာ မည်ကဲ့သို့ ဆက်လက်ရှင်သန် ရပ်တည်ခဲ့ကြသည်ကို Delta-X Solutions ကုမ္ပဏီက အထင်ရှားဆုံး သာဓကတစ်ခုအဖြစ် ပြသနေသည်။  

မြန်မာနိုင်ငံ ကုမ္ပဏီမှတ်ပုံတင် မှတ်တမ်းများအရ Delta-X  ကုမ္ပဏီကို ထောက်လှမ်းရေးအရာရှိ ဟောင်းများနှင့် ၎င်းတို့၏ ရင်းနှီးသော လုပ်ဖော်ကိုင်ဖက်များက တည်ထောင် လုပ်ကိုင်နေခြင်းဖြစ်ကြောင်း တွေ့ရသည်။ 

အဆိုပါကုမ္ပဏီ၏ ဒါရိုက်တာများထဲတွင် ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်၏ လက်ထောက်တစ်ဦးဖြစ်ခဲ့ပြီး နိုင်ငံတကာဝါဒဖြန့်ချိရေး အတွက် တာဝန်ယူခဲ့သူ ဗိုလ်မှူးချုပ်ဟောင်း သိန်းဆွေလည်း ပါဝင်သည်။ 

Myanmar Now က လေ့လာခွင့်ရရှိခဲ့သည့်  စာရွက်စာတမ်းများအရ အဆိုပါကုမ္ပဏီသည် မြန်မာနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ‘ပစ္စည်းဝယ်ယူရေးညွှန်ကြားရေးမှူးရုံး’ သို့ ဆက်သွယ်ရေးပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများကို ဝယ်ယူပေးခြင်းဖြင့် လုပ်ငန်းများစတင်ခဲ့သည်။ 

Delta-X အနေဖြင့် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုမတိုင်မီ ၂၀၁၈ ခုနှစ်ဝန်းကျင်ကတည်းက စစ်တပ်အတွက် ပစ္စည်းများစတင် ဝယ်ယူတင်သွင်းပေးခဲ့ခြင်းဖြစ်ကြောင်း ကုမ္ပဏီ၏ ဝန်ထမ်းဟောင်းတစ်ဦးက Myanmar Now ကို ပြောကြားသည်။ 

ထူးခြားသည့်အချက်မှာ ဗိုလ်မှူးချုပ်ဟောင်း သိန်းဆွေသည် Delta-X ကို လုပ်ကိုင်နေသည့်အချိန်တွင်ပင် လွတ်လပ်သောသတင်းမဂ္ဂဇင်းအဖြစ် စာဖတ်သူများနှင့် အလှူရှင်များအား မိတ်ဆက်ထားသည့် Frontier Myanmar သတင်းဌာန၏ ပိုင်ရှင်တစ်ဦးအဖြစ်ပါဝင်နေခြင်းဖြစ်သည်။  

 သို့ဖြစ်ရာ ထောက်လှမ်းရေးဝါဒဖြန့်ချိရေး အကြီးအကဲဟောင်းတစ်ဦးက  စစ်တပ်အတွက် ပစ္စည်းများကို တင်သွင်းပေးနေသလို  မီဒီယာလုပ်ငန်းတစ်ခုတွင်လည်း ငွေကြေး အကျိုးအမြတ်ရယူထားခြင်းပင် ဖြစ်သည်။ ယင်းကဲ့သို့ အကျိုးစီးပွားပဋိပက္ခဖြစ်နေမှု (Conflict of Interest) ကို Frontier ၏ သတင်းထောက်များ၊ ထောက်ပံ့ကူညီသူများနှင့် စာဖတ်ပရိသတ်များအား သတင်းဌာနတာဝန်ရှိသူများက တစ်ခါမျှ ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိပေ။   

Delta-X တွင် ဦးသိန်းဆွေနှင့်အတူ ခင်ညွန့်၏ ရုံးအဖွဲ့မှူးအဖြစ်တာဝန်ထမ်းဆောင်ဖူးသည့် ဗိုလ်မှူးကြီးဟောင်း တင်ဦးနှင့် အခြားထောက်လှမ်းရေးအရာရှိဟောင်းတစ်ဦးဖြစ်သူ ဗိုလ်မှူးကြီးဟောင်း မြင့်ဦးတို့လည်း  ကုမ္ပဏီ ဒါရိုက်တာစာရင်းတွင်ပါဝင်သည်။ ဦးသိန်းဆွေနှင့် ဦးတင်ဦးတို့နှစ်ဦးလုံးသည် ထောက်လှမ်းရေးက ထိန်းချုပ်ခဲ့သည့် Bagan Cybertech (ယခု ရတနာပုံတယ်လီပို့) ကုမ္ပဏီ၌ စစ်ထောက်လှမ်းရေးတွင် ရှိစဥ် အတူလုပ်ကိုင်ခဲ့ဖူးပြီး၊ ဗိုလ်မှူးကြီးဟောင်းမြင့်ဦးသည် ဆက်သွယ်ရေးတပ်တွင် တာဝန်ထမ်းဆောင်ဖူးသူဖြစ်သည်။ 

၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်တွင် Delta-X ၏ အခြေအနေမှာ ပိုမိုခိုင်မာလာခဲ့သည်။ 

ပုဂ္ဂလိကလုပ်ငန်းအများအပြား စီးပွားရေးပိတ်ဆို့မှုများနှင့် စီးပွားရေးပြိုလဲမှုများကြောင့် အထိနာနေချိန်တွင် Delta-X သည် ကုမ္ပဏီပြန်လည်မှတ်ပုံတင်ကာ လုပ်ငန်းနယ်ပယ်ကို တိုးချဲ့ခဲ့ပြီး  ရေကြောင်းလုပ်ငန်းသုံး စက်ပစ္စည်းကိရိယာများနှင့် အပိုပစ္စည်းများ ဝယ်ယူတင်သွင်းခြင်းကိုပါ  ဆောင်ရွက်လာကြောင်း မှတ်တမ်းများတွင် ဖော်ပြထားသည်။ 

တပြိုင်နက်တည်းမှာပင် ဦးသိန်းဆွေသည် ၂၀၂၄ ခုနှစ် နှင့် ၂၀၂၅ ခုနှစ် တရုတ်နိုင်ငံခရီးစဉ်များအတွင်း မြန်မာအာဏာသိမ်းစစ်တပ်နှင့် နီးစပ်ပြီး လူအများသိမထားသည့် Paragon Institute အမည်ရှိ အဖွဲ့အစည်းတစ်ခုမှတဆင့် အများမြင်ကွင်းသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။  ၎င်းသည် Paragon အဖွဲ့မှတဆင့် “အမျိုးသားလုံခြုံရေး နှင့် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု” ဆိုသော  ကိစ္စရပ်များအတွက် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးတွင် ပါဝင်လာကာ မြန်မာစစ်တပ်၏ မဟာဗျူဟာလေ့လာရေးဌာန (OSS) တွင် ယခင်က လုပ်ဆောင်ခဲ့သော အခန်းကဏ္ဍအတိုင်း စစ်ကော်မရှင်အတွက် အလွတ်တန်းသံတမန်နှင့် မဟာဗျူဟာမြောက် ညှိနှိုင်းဆောင်ရွက်သူအဖြစ် ပြန်လည်လုပ်ဆောင်လာခဲ့သည်။ 

ထို့ကြောင့် Delta-X သည် သီးခြားရပ်တည်နေသော စီးပွားရေးလုပ်ငန်းတစ်ခု မဟုတ်ဘဲ    သိန်းဆွေကဲ့သို့သော ထောက်လှမ်းရေးအရာရှိဟောင်းများက  စစ်ဘက်ဆိုင်ရာ ပစ္စည်းများ ဝယ်ယူထောက်ပံ့ရေးလုပ်ငန်းစဉ်များအပြင် အာဏာသိမ်းပြီးနောက်ပိုင်း မူဝါဒဆိုင်ရာ စည်းရုံးလှုံ့ဆော်မှုများအကြား အချိတ်အဆက်မိမိ ပေါင်းစပ်လှုပ်ရှားနေသည့် ပိုမိုကျယ်ပြန့်သော ယန္တရားကြီး၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်ကို တွေ့ရှိရသည်။ 

ဆက်စပ်ဆောင်းပါး အပြည့်အစုံကို ဖတ်ရှုရန် 

Related Articles

Back to top button